ဂျွန်ဟော့ကင်းတက္ကသိုလ်မှ ဆေးကျောင်းသားတွေ ကျောင်းလခကင်းလွတ်ခွင့်ပေးဖို့ ဒေါ်လာ ၁ ဘီလျံ လှူဒါန်းပေးခဲ့တဲ့ မိုက်ကယ်ဘလွန်းဘတ်

11.7.2024-yyl-3.png

ကမ္ဘာကျော်သူဌေးကြီး မိုက်ကယ်ဘလွန်းဘတ်က ဂျွန်ဟော့ကင်းတက္ကသိုလ်မှ ‌ကျောင်းသားတွေ ဆေးကျောင်းအခမဲ့ တက်နိုင်စေဖို့အတွက် အမေရိကန်ဒေါ်လာ ၁ ဘီလျံ လှူဒါန်းပေးခဲ့ပါတယ်။ ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် ထုတ်ပြန်တဲ့ ဘလွန်းဘတ်ပရဟိတ နှစ်စဉ်အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။

ဂျွန်ဟော့ကင်းတက္ကသိုလ်မှာ မာစတာဘွဲ့သင်တန်း လက်ရှိတက်ရောက်နေတဲ့ ကျောင်းသား/သူ ၃ ပုံ၊ ၂ ပုံနီးပါးဟာ ဘဏ္ဍာရေးအထောက်အပံ့ရယူနိုင်မှာဖြစ်ပြီး အနာဂတ်မှာ ဂျွန်ဟော့ကင်းတက္ကသိုလ်ကနေ ဆရာဝန်ဘွဲ့ယူမယ့် ကျောင်းသားတွေ (ပျမ်းမျှအားဖြင့် ကျောင်းချေးငွေ ဒေါ်လာ ၁၀၄၀၀၀ ရှိသူများ)ဟာလည်း ဘဏ္ဍာရေးအထောက်အပံ့ ရရှိမှာပါ။

၂၀၂၄ ခုနှစ် ဆောင်းဦးကာလမှစပြီး တစ်နှစ်ဝင်ငွေ ဒေါ်လာ ၃ သိန်းအောက်သာ ရရှိတဲ့ မိသားစုကနေ ဆင်းသက်လာတဲ့ ဆေးပညာရပ်ဆိုင်ရာ ကျောင်းသား/သူတွေကို ဂျွန်ဟော့ကင်းတက္ကသိုလ်က ကျောင်းလခ ကင်းလွတ်ခွင့်ပေးမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသား ၉၅ ရာခိုင်နှုန်းလောက်ဟာ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၃ သိန်းမပြည့်ကြပါဘူး။ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၁၇၅၀၀၀ အောက်သာ ရရှိတဲ့ မိသားစုကနေ ဆင်းသက်လာတဲ့ ကျောင်းသား /သူတွေကိုတော့ ဂျွန်ဟော့ကင်းတက္ကသိုလ်က ကျောင်းလခကင်းလွတ်ခွင့်အပြင် နေစရိတ်နဲ့ အခြားစရိတ်စကတွေပါ ကျခံပေးသွားမှာပါ။

” အမေရိကန်နိုင်ငံက ခန့်မှန်းလူသက်တမ်းကျဆင်းမှုကနေ လွတ်မြောက်ဖို့ မနည်းရုန်းကန်နေရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ပရော်ဖက်ရှင်နယ်ကျန်းမာရေးဝန်ထမ်းတွေ ရှားပါးပြတ်လပ်မှု ဆိုးဆိုးရွားရွား ကြုံနေရပါတယ်။ ဆေးပညာနဲ့ သူနာပြုဘာသာရပ် ကျောင်းအပ်ရင် ကုန်ကျစရိတ် များပြားလွန်းတာကလည်း ကျောင်းသား/သူတွေအတွက် အတားအဆီးတစ်ရပ် ဖြစ်နေပါတယ်”လို့ မိုက်ကယ်ဘလွန်းဘတ်က ဆိုပါတယ်။

မိုက်ကယ်ဘလွန်းဘတ်ဟာ သူနာပြုကျောင်းနဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဘလွန်းဘတ်ကျောင်းမှ ကျောင်းသား/သူတွေအတွက်လည်း ဘဏ္ဍာရေးအထောက်အပံ့တွေ တိုးမြှင့်ပေးအပ်သွားမှာပါ။

နယူးယော့ခ်မြို့တော်ဝန်ဟောင်း မိုက်ကယ်ဘလွန်းဘတ်ဟာ မနှစ်တုန်းကလည်း ပရဟိတလုပ်ငန်းတွေအတွက် ဒေါ်လာ ၃ ဘီလျံအထိ လှူဒါန်းပေးခဲ့သူ ဖြစ်ပါတယ်။

Ref:Michael Bloomberg Donates $1 Billion to Provide Free Tuition for Future Doctors at Johns Hopkins
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top