ပျောက်ဆုံး ရေငုပ်သင်္ဘော ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းတော့မယ့် အာဂျင်တီးနား

98883365_submain.jpg

အာဂျင်တီးနားရေတပ်ကတော့ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က ပျောက်ဆုံးသွားခဲ့တဲ့ ရေငုပ်သင်္ဘောမှ ရေတပ်သား ၄၄ ယောက်ကို ကယ်ဆယ်ဖို့ ကြိုးစားနေတဲ့ လုပ်ငန်းများကို ရပ်တံ့တော့မယ် လို့သိရပါတယ်။

“ကျွန်တော်တို့တွေ ရေငုပ်သင်္ဘောကိုရှာဖွေဖို့ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ပေမဲ့ ရေငုပ်သင်္ဘောရဲ့ တည်နေရာကို ရှာဖွေ့ဖို့ဆိုတာ မလွယ်ကူပါဘူး ”လို့ ရေတပ် ပြောရေးဆိုခွင်ရှိသူ ဒုတိယဗိုလ်မှူးကြီး အန်းနရစ် ဘယ်လ်ဘီ (Enrique Balbi) ကပြီးခဲ့တဲ့ ကြာသာပတေးနေ့က ပြောဆိုခဲ့ပါတယ်။

ပျောက်ဆုံးသွားတဲ့ ARA ဆန်ဂျူအန် (ARA San Juan) ရေငုပ်သင်္ဘောဟာ ရေတပ်ဌာနချုပ်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်က အဆက်အသွယ် ပြတ်သွားခဲ့တာပါ။  ဒုတိယ ဗိုလ်မှူးကြီး ဘယ်လ်ဘီကတော့ ရေငုပ်သဘောင်္ပေါ်က လူတွေ အသက်ရှင်နိုင်သေးတဲ့ အချိန်ထက် ယခုရှာဖွေနေတဲ့ အချိန်တွေက ကျော်လွန်နေတဲ့အတွက် အခုလို ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ရပ်ဆိုင်းခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ လတ်ရှိအချိန်မှာ ရေငုပ်သင်္ဘောပေါ်က သင်္ဘောသားတွေရဲ့ ကံကြမ္မာကို ဒုတိယဗိုလ်မှူးကြီးဘယ်လ်ဘီက အတည်မပြုခဲ့ပေမဲ့ “ရှာဖွေခဲ့တဲ့ ဧရိယာအတွင်းမှာ သင်္ဘောပျက်ထားတဲ့ လက္ခဏာတွေ မတွေ့ခဲ့ရဘူး” လို့ ဆိုပါတယ်။

ယခုလို ကယ်ဆယ်ရေး လုပ်ငန်းတွေ အားလုံးရပ်ဆိုင်းလိုက်ပေမဲ့ လက်ရှိအချိန်မှာ ဆန်ဂျူအန် ရေငုပ်သင်္ဘော မြုပ်သွားတယ်လို့ ယူဆရတဲ့ ဧရိယာတစ်ဝိုက်မှာ သင်္ဘောများ၊ ရေငုပ်သင်္ဘောများစွာနဲ့ သင်္ဘောပျက်ကိုတော့ ဆက်လက်ရှာဖွေနေဦးမှာပါလို့ ဒုတိယဗိုလ်မှူးကြီးဘယ်လ်ဘီက ဆိုပါတယ်။

ARA ဆန်ဂျူအန် ရေငုပ်သင်္ဘောဟာ ကမ္ဘာ့တောင်ဘက် အစွန်းဆုံးမြို့လို့ သတ်မှတ်ထားခြင်းခံထားရတဲ့ ယူရူရီးယား (Ushuaia) ရှိ ရေတပ်စခန်းသို့ ပုံမှန် လုပ်ရိုးလုပ်စဉ် တာဝန်ထမ်းဆောင်နေစဉ်မှာ  စွမ်းအားပြတ်တောက်သွားတဲ့အတွက် ကမ်းခြေနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တာ ဖြစ်ပါတယ်။ ရေငုပ်သင်္ဘောဘတ်ထရီတွေရဲ့ လျှပ်စစ်ဆက်သွယ်ရေး စနစ်မှားယွင်းသွားတဲ့အတွက် စွမ်းအင်ပြတ်တောက်သွားခဲ့တာ ဖြစ်ပြီး ရေငုပ်သင်္ဘောကို တာဝန်မှ အမြန်ဆုံးထွက်ခွာလာပြီး အာဂျင်တီးနားကမ်းခြေ၊ မာဒယ်ပလာတာ မြို့ရှိ ပင်မတပ်ရင်းသို့ အမြန်ဆုံးပြန်လည် လာရောက်ရန်ညွှန်ကြားခဲ့တယ် လို့သိရပါတယ်။ အာဂျင်တီးနား ရေတပ်နဲ့ ရေငုပ်သင်္ဘောတို့ နောက်ဆုံးအဆက်အသွယ်ရခဲ့တဲ့အချိန်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက် ဒေသစံတော်ချိန် မနက် ၇ နာရီခွဲဖြစ်ပြီး ရေငုပ်သင်္ဘောကပ္ပတိန်က ထိုအချိန်မှာ သင်္ဘောသားများအားလုံး အခြေအနေကောင်းကြောင်း သတင်းပို့ခဲ့တယ် လို့သိရပါတယ်။

ဗီယင်နာအခြေစိုက် နူကလီးယား စမ်းသပ်ချက်တားမြစ်ရေး အဖွဲ့ချုပ်ကတော့ သူတို့ဟာ အာဂျင်တီးနား ရေငုပ်သင်္ဘောရဲ့ နောက်ဆုံးတည်နေရာ အနီးတစ်ဝိုက်ကနေ ရေငုပ်သင်္ဘောနဲ့နောက်ဆုံး အဆက်အသွယ်ရပြီး နာရီပိုင်းအတွင်းမှာ ဆူညံသံအချို့ကို သူတို့ရဲ့ ရေဒါမှ အာရုံခံမိခဲ့တယ် လို့ဆိုပါတယ်။ နူကလီးယားစမ်းသပ်ချက် တားမြစ်ရေးအဖွဲ့ချုပ်ဟာ နူကလီးယား ပေါက်ကွဲမှုများကို ထောက်လှမ်းနေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ရေငုပ်သင်္ဘောရဲ့ နောက်ဆုံးတည်နေရာမှ မိုင် ၆၀ အကွာမှာ အသံလှိုင်း မူမမှန်မူတွေကို အာရုံခံနိုင်ခဲ့တယ် လို့ပြောခဲ့တာဖြစ်ပါတယ်။ အာဂျင်းတီးနား ရေတပ်ကတော့ ဒါဟာ ရေငုပ်သင်္ဘော နစ်မြုပ်သွားတဲ့ အသံဖြစ်တယ်လို့ ယူဆထားကြပါတယ်။

ARA ဆန်ဂျူအန် ရေငုပ်သင်္ဘော ပျောက်ဆုံးသွားတဲ့ သတင်းကြောင့် ရေငုပ်သင်္ဘောပေါ်မှာ တာဝန်ထမ်းဆောင်နေတဲ့ သင်္ဘောသားများရဲ့ဆွေမျိုးတွေ အားလုံး မာဒယ်ပလာတာ ရေတပ် အခြေစိုက်စခန်းသို့ လာရောက်ခဲ့ပြီး အစိုးရရဲ့ ငွေကြေးသုံးစွဲမှု နည်းပါးခြင်းနဲ့ လက်နက်ကိုင် တပ်ဖွဲ့အတွင်း အကျင့်ပျက် ခြစားမှုများကြောင့် အခုလို ရေငုပ်သင်္ဘောပျောက်ဆုံးသွားခဲ့တာ ဖြစ်တယ် လို့ဆိုခဲ့ပါတယ်။ ရေငုပ်သင်္ဘောပေါ်မှာ သင်္ဘောသား ၄၄ ယောက်ပါဝင်ပြီး ရေငုပ်သင်္ဘောကို ကပ္ပတိန် ပီဒရို မာတင်ဖာနန်ဒက်ဇ် က ဦးစီးမောင်းနှင်တာ ဖြစ်ပါတယ်။ ရေငုပ်သင်္ဘောပေါ်မှာ အမျိုးသားဝန်ထမ်း ၄၃ ယောက်နဲ့ အာဂျင်တီးနားနိုင်ငံ ပထမဆုံး ရေငုပ်သင်္ဘောမှာ တာဝန်ထမ်းဆောင်ခွင့်ရတဲ့ အမျိုးသမီး အယ်လီနာမာရီယာခရောဇက် (Eliana María Krawczyk) လည်းပါဝင်ပါတယ်။

ပျောက်ဆုံး ရေငုပ်သင်္ဘောအတွက် နိုင်ငံပေါင်း ၁ ဒါဇင်ကျော်မှ ဝန်ထမ်းပေါင်း ၄၀၀၀ ကျော်က ကူညီ ရှာဖွေပေးခဲ့ကြပြီး အာဂျင်တီးနားလက်ရှိသမ္မတ မော်ရီစီရို မာခရီ ကတော့ ရေငုပ်သင်္ဘောကို ရှာဖွေဖို့အတွက် လူမဲ့ စူးစမ်းရေးယာဉ်စေလွှတ်ဖို့ ခိုင်းစေထားတယ် လို့သိရပါတယ်။

Ref : BBC News : Argentina ends missing submarine rescue mission

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top