ဘဝတစ်လျှောက်လုံး သမ္မတဖြစ်ခွင့် ရလာမယ့် တရုတ် သမ္မတ ရှီကျင်ဖျင့်

president-xi-jinping.jpg

တရုတ်နိုင်ငံရဲ့ သမ္မတသက်တမ်း ကန့်သတ်ချက် ဖယ်ရှားလိုက်မှုက သမ္မတရှီကျင့်ဖျင်ကို ဘဝတစ်လျှောက်လုံး သမ္မတအဖြစ် ဆက်ရှိသွားစေသလို ဖြစ်ခဲ့တယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြလိုက်ပါတယ်။

မတ်လ ၁၁ ရက်နေ့က တရုတ် အမျိုးသားပြည်သူ့လွှတ်တော် နှစ်ပတ်လည် အစည်းအဝေးကျင်းပရာမှာ သမ္မတ သက်တမ်းကို ကန့်သတ်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ပြောင်းလဲရေးအတွက် မဲပေးသူ ၂၉၆၄ ဦး ရှိခဲ့တဲ့အနက် ကိုယ်စားလှယ် နှစ်ဦးက ကန့်ကွက်မဲပေးခဲ့ပြီး အခြားကိုယ်စားလှယ် သုံးဦးက ကြားနေမဲ ပေးခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ၁၉၉၀ ခုနှစ်နောက်ပိုင်းတည်းက သမ္မတ သက်တမ်းနှစ်ကြိမ်ပဲ တာဝန်ထမ်းဆောင်ရမယ်လို့ ကန့်သတ်ထားပြီး အဲဒီ ဥပဒေအရ သမ္မတ ရှီကျင့်ဖျင်ဟာ ၂၀၂၃ ခုနှစ်မှာ ရာထူးက ထွက်ရမှာပါ။ ဒါပေမဲ့ အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ ကွန်မြူနစ်ပါတီ ညီလာခံမှာ အစဉ်အလာကို သွေဖယ်ပြီး သူ့နေရာကို ဆက်ခံဖို့ အလားအလာရှိသူကို ရွေးချယ်ခဲ့ခြင်း မရှိပါဘူး။

တရုတ်ကွန်မြူနစ်ပါတီဟာ ရှီကျင့်ဖျင်ရဲ့ နိုင်ငံရေး အယူအဆတွေကို သူ့အမည်နဲ့ ပါတီ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်သွင်းခဲ့လို့ သူ့ရဲ့အာဏာက ပိုမိုခိုင်မာပြီး အားကောင်းသွားခဲ့ပါတယ်။ ရှီကျင့်ဖျင်ရဲ့ အဆင့်အတန်းကလည်း ကွန်မြူနစ်ပါတီကို တည်ထောင်ခဲ့သူ ဥက္ကဌ မော်စီတုံးနဲ့ အဆင့်တန်းတူ ဖြစ်လာခဲ့ပါတယ်။

တရုတ် အမျိုးသားပြည်သူ့လွှတ်တော်ဟာ စာရွက်ပေါ်က သတ်မှတ်ချက်အရ တရုတ်နိုင်ငံမှာ ဩဇာအကြီးဆုံး ဥပဒေပြုရေးမဏ္ဍိုင် ဖြစ်ပြီး အခြားနိုင်ငံတွေက လွှတ်တော်တွေ အတိုင်းပါပဲ။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ဒါဟာ ကွန်မြူနစ်ပါတီရဲ့ လက်ဝေခံအဆင့်ပဲလို့ လူအများက လက်ခံယုံကြည်နေကြပါတယ်။

Zaw Min Oo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top