ဒဏ္ဍရီလာနတ်သမီး ပုံပြင်များ ထဲကလို ရင်သပ်ရှုမောဖွယ် ဂျာမနီ နိုင်ငံမှ နော်သျှရှိုင်းစတိုင်း ရဲတိုက်ကြီး

yyl-020-4.jpg

နော်သျှရှိုင်းစတိုင်း (Neuschwanstein) ရဲတိုက်ကြီးသည် ဂျာမနီနိုင်ငံ တောင်ဘက်စွန်းပိုင်း ဘဗားရီးယား (Bavaria) ဒေသရှိ ဖျူဆန် (Füssen) မြို့ငယ်အနီးရှိ တောင်တန်းများကြားတွင် ဒဏ္ဍရီလာနတ်သမီး ပုံပြင်များထဲက ရဲတိုက်ကြီးများကဲ့သို့ ရင်သပ်ရှုမောဖွယ် ခမ်းနားထည်ဝါစွာ တည်ရှိပါသည်။ ထိုကမ္ဘာ့ သမိုင်းဝင် ရဲတိုက်ကြီးကို ဘဗားရီးယား ဒေသ၏ ဘုရင် လုဗစ် (နှစ်) (King Luwig (II)) သည် ၁၉ရာစု အစောပိုင်းကာလတွင် ရဲတိုက်ကြီးတည်ရှိရာ တောင်တန်းဒေသကို ဝယ်ယူခဲ့ကာ ရဲတိုက်ကြီး တည်ဆောက်ရန် စတင် စီမံ ခဲ့ပါသည်။

ဘုရင်ကြီးသည် သွားလာရ ခက်ခဲသော တောင်ပေါ်ရှိ ရဲတိုက်ကြီးအား အချိန် သုံးနှစ်အတွင်း အပြီးအစီး တည်ဆောက်ရန် အလုပ်သမား အဖွဲ့ဝင်များကို ညွှန်ကြားခဲ့သည်။ ဒါသည် မလုံလောက်သော အချိန်ကာလ ဖြစ်သောကြောင့် အလုပ်သမားများအား နေ့ရော ညပါ အလုပ်လုပ် စေခဲ့သည်။ သို့သော် တောင်ပေါ်တွင် တည်ရှိနေခြင်း၊ အလွန်ခမ်းနားလှသော ဖွဲ့စည်းတည်ဆောက်မှု ပုံစံတို့ကြောင့် အချိန် ဆယ့်နှစ် နှစ်ကြာ တည်ဆောက်ခဲ့ရသည်။

ဘုရင် လုဗစ် (နှစ်) သည် ထိုရဲတိုက်ကြီး ဆောက်လုပ် ပြီးစီးလျှင် သူ၏ နေထိုင်ရာ နန်းတော်အဖြစ် ရည်စူးခဲ့သော်လည်း ရဲတိုက်ကြီး ဆောက်လုပ်မပြီးစီးခင် ၁၈၈၆ ခုနှစ်တွင် ဘုရင်ကြီးသည် နတ်ရွာစံခဲ့ပါသည်။ ဘုရင်ကြီးသည် ထို ရဲတိုက်ကြီး ဆောက်လုပ်စဉ် ဂိတ်တံခါး အိမ်ငယ်လေးတွင် နေထိုင်၍ ရဲတိုက်ကြီး ဆောက်လုပ်ပြီးစီးရန် များစွာ ဦးစီး ဆောင်ရွက်ခဲ့သော်လည်း သူ အလွန်ပင် မျှော်လင့်ခဲ့သည့်အတိုင်း ရဲတိုက်ကြီးတွင် ဘယ်တုန်းကမှ မနေခဲ့ရဟူသည့် အချက်သည် ယနေ့ထိတိုင် ဒေသခံများနှင့် ကမ္ဘာလှည့် ခရီးသွားများအား ဝမ်းနည်းစေသည့် အချက်လဲ ဖြစ်နေပါတော့သည်။

ထိုရဲတိုက်ကြီးကို ဘုရင်ကြီး နတ်ရွာစံပြီး အချိန်တို အတွင်း၌ပင် အများပြည်သူ သွားရောက် လေ့လာနိုင်ရန် ခွင့်ပြုခဲ့ပါသည်။ ထို အချိန်မှစ၍ နော်သျှရှိုင်းစတိုင်းရဲတိုက်ကြီးသို့ သွားရောက်လည်ပတ်သူဦးရေ ၆၁ သန်းခန့်ရှိပြီး၊ နှစ်စဉ် ကမ္ဘာလှည့် ခရီးသည် ၁.၆သန်းခန့် ပုံမှန် လည်ပတ်လျှက်ရှိပါသည်။

ကမ္ဘာလှည့် ခရီးသည်များအား ဆွဲဆောင်နေသည့် နော်သျှရှိုင်းစတိုင်းရဲတိုက်ကြီး၏ ထူးခြားချက် နောက်တစ်ခုမှာ ထိုရဲတိုက်ကြီးသည် အများပြည်သူ၏ ကလေးဘဝ အမှတ်တရများ ဖြစ်သည့် ဒစ္စနေးရုပ်ရှင် (Disney) ၏ Cinderella’s Castle မှာ နော်သျှရှိုင်းစတိုင်းရဲတိုက်ကြီးကို မှီငြမ်း ပုံဖော်ထားခြင်း ဖြစ်သည်။ ထို့အပြင် ပဲရစ်မြို့ရှိ Disneyland မှ Sleeping Beauty Castle ၏ မူလ မှီငြမ်းထားသော လက်တွေ့ဘဝမှ ရဲတိုက်ကြီး ဖြစ်ပါသည်။ ဝေါ့ဒစ္စနေး (Walt Disney) မှ ထုတ်လုပ်သော ရုပ်ရှင်ဇာတ်လမ်းများ မတိုင်ခင်တွင် အမြဲထုတ်လွှင့် ဖော်ပြသည့် ကာတွန်းရဲတိုက်ကြီးမှာ နော်သျှရှိုင်းစတိုင်းရဲတိုက်ကြီးပင် ဖြစ်သည်။

ရဲတိုက်ကြီး၏ သမိုင်းကြောင်းနှင့် ဖွဲ့စည်း တည်ဆောက်မှု ပုံစံ ခမ်းနားထည်ဝါသည်သာမက တည်ရှိရာ နေရာဒေသ၊ သဘာဝ ပတ်ဝန်းကျင်နှင့် ရာသီဥတု အခြေအနေတို့ကြောင့် ရဲတိုက်ကြီး၏ အလှသည် နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း ဥတုလေးမျိုး စလုံးတွင် အလှတစ်မျိုးစီဖြင့် ခန်းနားထည်ဝါစွာ နှစ်ပေါင်းများစွာ တည်ရှိလို့ နေပါသည်။

နော်သျှရှိုင်းစတိုင်းရဲတိုက်ကြီးကို နွေဦးကာလတွင် သွားရောက် လည်ပတ်မည်ဆိုလျှင် မြူခိုးများဆိုင်းနေသာ ကောင်းကင်နှင့် အစိမ်းရောင် ခြုံလွှမ်းထားသည့် တောအုပ်များနှင့် စိမ်းစိုမြင့်မားသော ဘဗားရီးယား တောင်တန်းကြီးများကြားတွင် တရေးရေးမြင်တွေ့ရမည် ဖြစ်ပါသည်။

နော်သျှရှိုင်းစတိုင်းရဲတိုက်ကြီးကို နွေရာသီကာလတွင် သွားရောက် လည်ပတ်မည်ဆိုလျှင် ကြည်ပြာသော ကောင်းကင်နှင့် အစိမ်းရင့်ရောင် ခြုံလွှမ်းထားသည့် တောအုပ်များနှင့် စိမ်းစိုမြင့်မားသော ဘဗားရီးယား တောင်တန်းကြီးများကြားတွင် စိတ်ကြည်နူးစရာ မြင်တွေ့ ရမည်ဖြစ်ပါသည်။

နော်သျှရှိုင်းစတိုင်းရဲတိုက်ကြီးကို ဆောင်းဦးကာလတွင် သွားရောက် လည်ပတ်မည်ဆိုလျှင် ကြည်ပြာသော ကောင်းကင်နှင့် လိမ္မော်ရာင် ခြုံလွှမ်းထားသည့် တောအုပ်များနှင့် မြင့်မားသော ဘဗားရီးယား တောင်တန်းကြီးများကြားတွင် ကဗျာဆန်သော အလှကို ရင်သပ်ရှုမောဖွယ် မြင်တွေ့ရမည် ဖြစ်ပါသည်။

နော်သျှရှိုင်းစတိုင်းရဲတိုက်ကြီးကို ဆောင်းရာသီကာလတွင် သွားရောက် လည်ပတ်မည်ဆိုလျှင် ကြည်ပြာသော ကောင်းကင်နှင့် တစ်တောလုံး တစ်တောင်လုံး ဖြူဖွေး အေးစိမ့်နေမည့် သဘာဝ အလှတရားကို ရင်သပ်ရှုမောဖွယ် မြင်တွေ့ရမည် ဖြစ်ပါသည်။

ဤကဲ့သို့ သဘာဝအလှတရားနှင့် ပြည့်စုံနေသည့် ရင်သပ်ရှုမောဖွယ် ဂျာမနီ နိုင်ငံမှ နော်သျှရှိုင်းစတိုင်း ရဲတိုက်ကြီးကို သည်ဆောင်းပါးလေး မှတစ်ဆင့် ဖတ်ရှု ခံစားမိစေရန် ဖော်ပြပေးလိုက်ပါသည်။

ကျန်းမာ ပျော်ရွှင်သော ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top