ပင်ဆယ်ဗေးနီးယားပြည်နယ်က မိန်းကလေးနဲ့ သူ့အချစ်ဆုံးခွေးလေးတို့ကြားက ဆန်းကြယ်တဲ့ရေစက်

yyl-016-5.jpg

အကောင်းဆုံးသူငယ်ချင်းကိုဆုံးရှုံးလိုက်ရတာ တကယ့်ကိုခံရခက်ပါတယ်။ အကောင်းဆုံးသူငယ်ချင်းက လူပဲဖြစ်ဖြစ်၊ ခြေ (၄) ချောင်းသတ္တဝါပဲဖြစ်ဖြစ် နာကျင်ရတဲ့ခံစားချက်က အတူတူပါပဲ။ အဲဒီလိုနာကျင်ခံစားမှုမျိုးကို ကြုံတွေ့ခံစားဖူးတဲ့ဘယ်သူမဆို သူတို့ရဲ့သူငယ်ချင်းကို ပြန်ရချင်ကြပါတယ်။ နီကိုးလ် ဂရင်းစ် (Nicole Grimes) လို့အမည်ရတဲ့ မိန်းကလေးတစ်ဦးကတော့ အရမ်းကံကောင်းတယ်လို့ပြောရမှာပါ။ သူက သူ့အချစ်ဆုံးခွေးလေးကို ဆုံးရှုံးလိုက်ရပေမဲ့ နောက်ဆုံးမှာ ပြန်ပြီးပိုင်ဆိုင်ခွင့်ရခဲ့တယ်ဆိုတဲ့ဇာတ်လမ်းလေးကို မျှဝေခဲ့ပါတယ်။ သူနဲ့ခွေးလေးရဲ့အကြောင်းကို သိခဲ့ရတဲ့သူတွေက ပျော်ရွှင်စရာအဆုံးသတ်က ရုပ်ရှင်တွေထဲမှာပဲရှိတာမဟုတ်ဘူးလို့ ပြောဆိုနေကြပါတယ်။

နီကိုးလ် ငယ်ငယ်လေးတုန်းက သူဟာ ခွေးလေးတစ်ကောင် အရမ်းလိုချင်ခဲ့တာပါ။ သူ့အသက် (၁၀) နှစ်အရွယ်မှာ သူ့အဘွားက အမွေးစုတ်ဖွားခွေးလေးနဲ့ သူ့ကို အံ့သြသွားအောင်လုပ်ခဲ့ပါတယ်။ ခွေးလေးကို မြင်မြင်ချင်းပဲ ချစ်သွားခဲ့ပြီး ချာလို လို့ အမည်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သူ မျှော်လင့်မထားတဲ့အရာတစ်ခု ဖြစ်သွားခဲ့ပါတယ်။ သူ့အဖေက အလုပ်ရသွားခဲ့ပြီး အလုပ်လုပ်တဲ့နေရာက ခွေးမွေးလို့မရတာကြောင့် သူ ခွေးလေးကို စွန့်လွှတ်ခဲ့ရပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် နီကိုးလ်အတွက် အရမ်းခက်ခဲခဲ့ပါတယ်။ ခွေးလေးနဲ့ (၄) နှစ်လောက် အတူတူကုန်ဆုံးခဲ့ပြီးတဲ့နောက်မှာ Washington Humane Society ကို ပေးပစ်ခဲ့ရပါတယ်။

နီကိုးလ်နဲ့ သူ့အချစ်ဆုံးခွေးလေးတို့ရဲ့ရေစက်က ဒီနေရာမှာတင် အဆုံးသတ်ခဲ့တာမဟုတ်ပါဘူး။ (၇) နှစ်အကြာမှာတော့ နီကိုးလ်လည်း သူ့မိသားစုနဲ့သူဖြစ်နေပါပြီ။ အဲဒီအချိန်မှာ အသက်ကြီးကြီးခွေးတစ်ကောင် မွေးစားမဲ့သူလိုနေတယ်ဆိုတဲ့ ပို့စ်တစ်ခုကို နီကိုးလ် သတိထားမိခဲ့ပါတယ်။ သူက ငယ်ငယ်က သူ့ရဲ့ခွေးလေးနဲ့ တူလိုက်တာလို့ တွေးမိခဲ့ပါတယ်။ ပထမတော့ သူအခုလို တွေးမိတာကို မေ့မေ့ပျောက်ပျောက်နေခဲ့ပြီး ဘာမှမစဉ်းစားတော့ဘဲ အဲဒီခွေးကို မွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီခွေးက သူ ငယ်ငယ်က ခွေးလေးလုပ်သလို အပြုအမူတွေလုပ်တတ်တာကို သတိထားမိခဲ့ပြီး သူ့ရဲ့နှလုံးသားထဲမှာတော့ ဒီခွေးက အရင်ကခွေးလေးပဲဖြစ်ရမယ်လို့ တထစ်ချယုံကြည်ခဲ့ပါတယ်။ အဲဒါနဲ့ ခွေးပိုင်ရှင်ကောင်မလေးဆီဆက်သွယ်ခဲ့တဲ့အချိန်မှာ အရင်ခွေးပိုင်ရှင်သေသွားပြီးနောက် လွန်ခဲ့တဲ့ (၂) နှစ်က မွေးစားခဲ့တာဖြစ်ပြီး အရင်ပိုင်ရှင်ရဲ့တူကတော့ သူ့ဦးလေးက ချာလိုလို့အမည်ရတဲ့ခွေးကို မွေးစားဖို့ Washington Human Society က ယူခဲ့တာဖြစ်တယ်လို့ အဲဒီမိန်းကလေးက ပြောခဲ့ပါတယ်။ အဲဒီနောက် နီကိုးလ်ရဲ့အမေက Human Society ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ နီကိုးလ်ရဲ့အချစ်ဆုံးခွေးလေးဖြစ်နေတာကို သိခဲ့ရပြီး နီကိုးလ်က သူ့ရဲ့ခွေးလေးနဲ့ ပြန်ဆုံဆည်းခဲ့ရပါပြီ။ နီကိုးလ်နဲ့ သူ့ခွေးလေးတို့ရဲ့ရေစက်ကတော့ တကယ့်ကို ဆန်းကြယ်ပါတယ်။

Ref: Boredpanda “Woman Adopts A Senior Dog Because She Looked Like Her Childhood Puppy, Realizes It’s The Same Dog”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top