သုံးရက်အတွင်း အလုပ်သမား ၂၅,၀၀၀ ကျော် ပြန်လာမယ်ပဲခူးတိုင်းနဲ့ မကွေးတိုင်းတို့က အများဆုံးဖြစ်တယ်လို့ဆို

5-5-2020-yyl-011.jpg

ကရင်ပြည်နယ်၊ မြဝတီနယ်စပ်ဂိတ်ကနေ သုံးရက်အတွင်း အလုပ်သမား ၂၅၀၀၀ ကျော် ပြန်လည် ဝင်ရောက်လာမှာဖြစ်ပြီးတော့ အဲဒီအလုပ်သမားတွေထဲမှာ အများစုက ပဲခူးတိုင်းနဲ့ မကွေးတိုင်းတို့က ဖြစ်တယ်လို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။ ”သုံးရက်အတွင်းမှာ ၂၅၇၄၈ ဦး ပြန်လာကြပါမယ်။ အများဆုံးက ပဲခူးတိုင်း၊ ဒုတိယက မကွေးတိုင်း၊ တတိယက မွန်ပြည်နယ်၊ မန္တလေးတိုင်းဖြစ်တယ်။ ခုထိတော့ ပြန်မလာကြသေးဘူး၊ ဆယ်ဂဏန်းလောက်ပဲ ပြန်လာကြသေးတယ်”လို့ ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။ အခုလို မြဝတီနယ်စပ်ဂိတ်ကနေ ပြန်လာကြမယ့် အလုပ်သမားတွေကို သူတို့နေထိုင်ရာဒေသတွေမှာရှိတဲ့ Facility Quarantine စင်တာတွေကို ပို့ဆောင်ဖို့အတွက် ကားများကို အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်တယ်လို့ လည်း ဒေါ်နန်းခင်ထွေးမြင့်က ဆိုပါတယ်။

”စိုးရိမ်ပြီးတော့ ဧပြီ ၁ ရက်နေ့ကတည်းက ကားတွေကို ခေါ်ထားပါတယ်။ အခုဆိုရင် စောင့်နေတာ နှစ်ရက်၊ သုံးရက်ရှိပါပြီ။ ကားတွေက အဆင့်သင့်ရှိနေပါပြီ”လို့ ၎င်းက ပြောပါတယ်။ ဒါ့အပြင် ကရင်ပြည်နယ်မှာ လူဦးရေ ၅၀၀၀ ကျော်ထားနိုင်တဲ့ Facility Quarantine စင်တာတွေကို ပြင်ဆင်ထားပြီး အလှူရှင်တွေက လှူဒါန်းထားတဲ့ ဖျာတွေ၊ ခေါင်းအုံးတွေ၊ စားနပ်ရိက္ခာတွေလည်း အဆင်သင့် ရှိတယ်လို့ ဒေါ်နန်းခင်ထွေးမြင့်က ဆိုပါတယ်။
မြန်မာနိုင်ငံကို ပြန်လာကြမယ့် အလုပ်သမားတွေကို ဧပြီ ၃၀ ရက်နောက်ပိုင်းမှာ ပြန်လည်လက်ခံ ဆောင်ရွက်ပေးနေပေမယ့် ထိုင်းနိုင်ငံရဲ့ စည်းကမ်းကန့်သတ်ချက်တွေကြောင့် အများအပြားဝင်ရောက်လာတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top