မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဧပြီလအတွင်းက ကွန်ပြူတာ၊ အိုင်တီနှင့် ဆော့ဖ်ဝဲလ်ကဏ္ဍတွင် အလုပ်လျှောက်ထားသူ အများဆုံးဖြစ်နေကြောင်း အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုဖြစ်သည့် work.com.mm က ထုတ်ပြန်ထားသည်။
အိုင်တီနှင့်ဆော့ဖ်ဝဲလ်ကုမ္ပဏီများကလည်း အလုပ်အကိုင်အများဆုံးခေါ်ယူခဲ့ပြီး ပြီးခဲ့သည်လတွင် အလုပ်ရှာဖွေသူများက အဆိုပါကဏ္ဍ၏ အလုပ်ခေါ်ယူမှုအရေအတွက်ထက် (၁၁)ဆခန့် ပိုမိုလျှောက်ထားခဲ့ကြခြင်းဖြစ်သည်။
ဧပြီလတစ်လလုံးအတွက် ယင်းအေဂျင်စီမှ တဆင့်ကွန်ပျူတာ၊အိုင်တီနှင့် ဆော့ဖ်ဝဲလ်ကဏ္ဍမှ အလုပ်အကိုင်ပေါင်း ၂၀၀ ကျော်ခေါ်ယူခဲ့ခြင်းလည်းဖြစ်သည်။
ကွန်ပြူတာ၊ အိုင်တီနှင့် ဆော့ဖ်ဝဲလ်ကဏ္ဍနောက်တွင် ကုန်စည်သယ်ယူပို့ဆောင်ရေး/ကုန်ပစ္စည်းဖြန့်ချီရေးကဏ္ဍ၊ သွင်းကုန်/ထုတ်ကုန်နှင့် ကူးသန်းရောင်းဝယ်ရေး ကဏ္ဍ၊ ဆက်သွယ်ရေးနည်းပညာကဏ္ဍနှင့် ဟိုတယ်/ဧည့်ဂေဟာကဏ္ဍတို့တွင်း ဝန်ထမ်းခေါ်ယူမှုများသည့် ကဏ္ဍများအဖြစ် ကပ်လျက်လိုက်ပါလျက်ရှိကြသည်။
အလုပ်လျှောက်ထားသူများအနေနှင့် အလုပ်အကိုင်အမျိုးအစားရွေးချယ်လျှောက်ထားရာတွင် အိုင်တီ၊ဆော့ဖ်ဝဲလ်ရေးသား ခြင်းနှင့်ပတ်သတ်သည့်အလုပ်အမျိုးအစားကို ရွေးချယ်ခြင်းထက် ၎င်းလုပ်ငန်းကဏ္ဍတွင် ငွေကြေး၊စာရင်းအင်းနှင့် ပတ်သက်သည့်အလုပ်အမျိုးအစား၊ ဈေးကွက်ရှာဖွေမြှင့်တင်ခြင်းနှင့်ရောင်းချခြင်းအလုပ်အကိုင်အမျိုးအစားများကို အထက်ပါကဏ္ဍ အများစုတွင် ရှာဖွေလျှောက်ထားခဲ့ကြခြင်းလည်းဖြစ်သည်။
အလုပ်ခေါ်ယူမှုအများဆုံးရှိခဲ့သည့် နေရာဒေသတွင် ရန်ကုန်မြို့မှာအများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ မန္တလေးမြို့ဖြစ်ပြီး ငပလီ၊ မကွေးတိုင်းနှင့် နေပြည်တော်တို့မှလည်း အလုပ်ခေါ်ယူမှုအသီးသီးများပြားခဲ့ကြောင်း အချက်အလက်များအရ သိရသည်။