Stop Cyberbullying Day အထိမ်းအမှတ် ကျောင်းသား/သူပေါင်း (၈၀၀) ကျော်နှင့် အတူ တယ်လီနောဆင်နွှဲ

Photo-2_Stop-Cyberbullying-Day-Online-Safety-Educationl-Talk.jpg

၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့တွင်ကျရောက်သည့် Stop Cyberbullying Day (အွန်လိုင်းအနိုင်ကျင့်မှု ပပျောက်ရေးနေ့) အထိမ်းအမှတ်အဖြစ် တယ်လီနောမြန်မာသည် အွန်လိုင်းဘေးကင်းလုံခြုံမှုပိုင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲတစ်ရပ်အား ရန်ကုန်မြို့ရှိ ရန်ကင်းပညာရေးကောလိပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားအား Myanmar ICT for Development Organization (MIDO) နှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသားကျောင်းသူပေါင်း (၈၀၀) ကျော် တက်ရောက်ခဲ့ကြသည်။

Stop Cyberbullying Day သည် နိုင်ငံတကာအသိအမှတ်ပြုနေ့တစ်နေ့ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ဇွန်လ၏ တတိယမြောက် သောကြာနေ့တိုင်းတွင် ကျင်းပပြုလုပ်လေ့ရှိသည်။ ကမ္ဘာတစ်ဝန်းရှိ မတူညီသောနေရာဒေသများတွင် မှီတင်းနေထိုင်ကြသူအားလုံး၏ ရည်သန်ချက်ဖြစ်သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုများ၊ နှောင့်ယှက်ခြင်းများ၊ အနိုင်ကျင့်ခြင်းများကင်းဝေးသည့် ကောင်းမွန်သော အွန်လိုင်းပတ်ဝန်းကျင်တစ်ရပ် ဖော်ဆောင်နိုင်စေရန်ဟူသည့်အချက်အား အားပေးထောက်ခံသည့်အနေဖြင့် Stop Cyberbullying Day အား စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ နှစ်စဉ်အဆိုပါနေ့ရက်တွင် စီးပွားရေးလုပ်ငန်းစုကြီးများ၊ ပညာရေးကဏ္ဍမှအဖွဲ့အစည်းများ၊ စာနယ်ဇင်းများ၊ အကျိုးမမြတ်မယူသော အဖွဲ့အစည်းများ၊ အစိုးရပိုင်းဆိုင်ရာနှင့် ထင်ရှားကျော်ကြားသူများသည် အွန်လိုင်းအနိုင်ကျင့်မှုများနှင့် အခြားမည်သည့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုမျိုးကိုမဆိုဆန့်ကျင်ကြောင်းနှင့် လွတ်လပ်စွာ ပြောဆိုခွင့်ကို အားပေးထောက်ခံကြောင်း မှတ်ချက်ပြုပြောကြားလေ့ရှိကြပြီး လူတစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှုရှိကြရန်ဟူသည့် အခြေခံနိယာမအားလက်ကိုင်ထားရန် တိုက်တွန်းပြောဆိုလေ့ ရှိကြသည်။

“အင်တာနက်ကို ကလေးငယ်တွေနဲ့ လူငယ်တွေ တာဝန်သိစွာနဲ့ အကျိုးရှိစွာ အသုံးချနိုင်ဖို့ အသိပညာပေးတယ်ဆိုတာ နိုင်ငံရဲ့အနာဂတ်အတွက် ကျွန်မတို့ပြုလုပ်ပေးနိုင်တဲ့ အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတွေထဲကတစ်ခု ဖြစ်ပါတယ်။ ဒီလို အသိပညာပေးမှု အစီအစဉ်ဟာ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ လူ့အသိုက်အဝန်းရဲ့ လူနေထိုင်မှု ဘဝပုံစံတွေ ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့နဲ့ ဆက်သွယ်ချိတ်ဆက်မှုရဲ့ အကျိုးကျေးဇူးတွေကို အပြည့်အဝ ခံစားရစေနိုင်ဖို့ ကျွန်မတို့ တယ်လီနောက ရည်ရွယ်လုပ်ဆောင်နေတဲ့ ဆောင်ရွက်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ အခုလို အွန်လိုင်းဘေးကင်းလုံခြုံမှုပိုင်းဆိုင်ရာ အသိပညာပေးဟောပြောမှုကနေတဆင့် ကျောင်းသားကျောင်းသူတွေ အတွက် သာမက ရန်ကင်းပညာရေးကောလိပ်မှာ ပညာသင်ကြားနေကြတဲ့ ဆရာ/ဆရာမလောင်းလျာတွေအတွက်လည်း အများကြီး အကျိုးရှိစေမယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်” ဟု တယ်လီနောမြန်မာ၏ တာဝန်သိလူမှုအကျိုးပြုလုပ်ငန်း များဆိုင်ရာ တာဝန်ရှိသူ ဒေါ်ခင်ပြည့်ဝန်းသော်တာ က ပြောကြားသည်။

တယ်လီနောမြန်မာအနေနှင့် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အနာဂတ်သို့ လျှောက်လှမ်းရမည့် လမ်းစဉ်တွင် လိုအပ်သော အခြေခံအုတ်မြစ်များ တည်ဆောက်နိုင်စေရေး အထူးအလေးထား လုပ်ဆောင်နေသည့်အလျောက် ကုမ္ပဏီ၏ ‘ဘေးကင်းသော အင်တာနက်’ စီမံကိန်းအား ၂၀၁၆ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံတဝန်းမှ ကျောင်းသားကျောင်းသူပေါင်း ၃၀၀,၀၀၀ ကျော်အား အင်တာနက်အား ဘေးကင်းလုံခြုံမှုရှိစွာနှင့် အကျိုးရှိစွာ အသုံးပြုနိုင်မည်နည်းလမ်းများအား သင်ကြားပို့ချပေးခဲ့ပြီး ဖြစ်သည်။ အလားတူပင် ၂၀၁၈ ခုနှစ်ကလည်း Stop Cyberbullying Day အထိမ်းအမှတ်အဖြစ် ကလေးသူငယ်များနှင့် ၎င်းတို့၏ မိသားစုများ အင်တာနက်အသုံးပြုရာတွင် လုံခြုံစိတ်ချမှုရှိစွာနှင့် တာဝန်သိစွာ မည်သို့အသုံးပြုရမည်ဟူသည့်အချက်များအား စိတ်ဝင်စားဖွယ်ရာနည်းလမ်းများနှင့် အသိပညာပေးသွားနိုင်မည့် Digiworld အမည်ရှိ အွန်လိုင်းသင်ခန်းစာတစ်ရပ်အား တယ်လီနောမြန်မာက စတင်မိတ်ဆက်ခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top