ဆံပင်ပုံစံကြောင့် ကျောင်းထွက်ခဲ့ရတဲ့ ဂီတပညာရှင် ၅၇ ခုနှစ်အကြာမှာ အထက်တန်းဒီပလိုမာဘွဲ့ကို ပြန်ရရှိခဲ့

5.6.2023-yyl-4.jpg

တေးဂီတပညာရင်အိုတစ် တေလာဟာ အသက် ၁၇ နှစ်တုန်းက Manual High School မှာ စီနီယာအထက်တန်းကျောင်းသားတစ်ယောက်ပါ။ အဲဒီတုန်းက ကျောင်းဟာ သူ့ကို သူ့ရဲ့ဆံပင်ပုံစံကြောင့် ဆံပင်ညှပ်မလား (ဒါမှမဟုတ်) ကျောင်းထွက်မလားတဲ့။ တေလာက ဆံပင်မညှပ်ဘဲ ကျောင်းထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခု ၅၇ နှစ်အကြာမှာ ကျောင်းရဲ့ဘုတ်အဖွဲ့က သူတို့ရဲ့အမှားကို နားလည်ပြီး သူ့ကို အထက်တန်းဒီပလိုမာဘွဲ့ပြန်ပေးအပ်ခဲ့ပါတယ်။

အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ တေလာက ရှီကာဂိုမှာ မွေးဖွားခဲ့ပြီး ဒန်ဗားမြို့မှာ ကြီးပြင်းခဲ့တာပါ။ ၁၉၆၀ ဝန်းကျင်က သူ Manual High School မှာ တက်တဲ့အချိန် လူမျိုးရေးအရ ခွဲခြားဆက်ဆံမှုတွေရှိခဲ့ပြီး တာဝန်ရှိသူတွေက လူမည်းကျောင်းသားတွေရဲ့ဆံပင်နဲ့ပတ်သက်ပြီး စည်းမျဉ်းတွေချမှတ်ခဲ့တာပါ။ လူမည်းကျောင်းသားတွေကို ဆံပင်ရှည်ထားခွင့် (သို့) ဆံပင်ထူကြီးထားခွင့်မပြုခဲ့ပါဘူး။ အဲဒီတုန်းက တေလာဟာ ဂီတပညာရှင် ဂျိမ်းစ် ဘရောင်းလို ဆံပင်ပုံစံမျိုးပါ။ အဲဒါကြောင့် သူ့ကို ဆံပင်ညှပ်တာနဲ့ ကျောင်းထွက်တာကို ရွေးချယ်ခိုင်းတော့ ဂီတကိုလည်း ဖန်တီးချင်တာကြောင့် ကျောင်းထွက်ခဲ့ပါတယ်။

ကျောင်းထွက်ပြီးတော့ တေလာဟာ သူ့အဖေနေထိုင်ခဲ့တဲ့ ကယ်လီဖိုးနီးယားပြည်နယ်ကို သွားခဲ့ပါတယ်။ နှစ်အနည်းငယ်အကြာမှာ တေးသံသွင်းကုမ္ပဏီ Blue Horizon Records နဲ့ စာချုပ်ချုပ်ဖြစ်ခဲ့ပါတယ်။ ဂီတနယ်ပယ်မှာ ဆုတွေလည်းရခဲ့ပါတယ်။ နှစ် ၆၀ နီးပါးအကြာမှာတော့ တေလာ တက်ခဲ့တဲ့ အထက်တန်းကျောင်းက သူ့ကို ကျောင်းထုတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ရုတ်သိမ်းပြီး သူ့ကို ဒီပလိုမာပေးခဲ့ပါတယ်။

ဒန်ဗားအစိုးရကျောင်းများပညာရေးဘုတ်အဖွဲ့ရဲ့ဒုဥက္ကဌ အော်တီ အန်ဒါဆန်က တေလာကို မေလ ၁၅ ရက်နေ့က ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဒီပလိုမာဘွဲ့ကို ပေးအပ်ခဲ့ပါတယ်။ တေလာအပြင် ၂၀၀၆ ခုနှစ်က ကျောင်းယာယီပိတ်ခဲ့တာကြောင့် ဘွဲ့မယူခဲ့ရတဲ့ အခြားကျောင်းသူ/သား ၁၄ ဦးကိုလည်း ဒီပလိုမာဘွဲ့တွေ ပေးအပ်ခဲ့ပါတယ်။ တေလာ ဘွဲ့ယူတဲ့အချိန်မှာ ဂုဏ်ပြုပေးဖို့ သူ့ဇနီးဖြစ်သူလည်း ရှိနေပေးခဲ့ပါတယ်။

တကယ်တော့ တေလာရဲ့သူငယ်ချင်းဖြစ်သူ အီဗန် ဆီမွန်ကြောင့် ကျောင်းဘုတ်အဖွဲ့က တေလာအကြောင်း သိပြီး ဒီပလိုမာဘွဲ့ ပြန်ပေးဖြစ်ခဲ့တာပါ။ ကျောင်းအခမ်းအနားတစ်ခုကို အီဗန် ဆီမွန် လာခဲ့ပြီး ကျောင်းသားဟောင်းတွေရဲ့ဂုဏ်ပြုဆုတွေနဲ့ အခြားဆုတွေပါတဲ့ မှန်ဘောင်ထဲက တေလာရဲ့ဓာတ်ပုံကို မြင်တွေ့သွားခဲ့တာပါ။ အီဗန်က တေလာကို အဲဒီဓာတ်ပုံအကြောင်းပြောတဲ့အချိန်မှာ အထက်တန်းဒီပလိုမာဘွဲ့မရခဲ့တာကို သိရပြီး အံ့အားသင့်သွားခဲ့ရပါတယ်။ ဒါကြောင့် အီဗန်က ကျောင်းဘုတ်အဖွဲ့ဆီသွားပြီး လွန်ခဲ့တဲ့ ၅၇ နှစ်က ဆုံးဖြတ်ချက်ကို ပြောင်းလဲပေးဖို့ တောင်းဆိုခဲ့တာပါ။ အီဗန်ကလည်း ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

Ref: Musician who was expelled from school for his hair gets his diploma 57 years later

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top