လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်မှာ ကွယ်လွန်သူဖခင်ထံကနေ သမီးမင်္ဂလာဆောင်အတွက် ပေးပို့ခဲ့တဲ့ ဂုဏ်ပြုကတ်

5.10.23-yyl-13.jpg

ဖီးလစ်ဟားဂရော့စ် မကွယ်လွန်ခင်က သူ့သမီးလေးနဲ့ အမြဲတမ်း လက်ပွန်းတတီး ရှိခဲ့တာပါ။ သားအဖတွေ အတူတူ ကစားကြတယ်၊ အကသင်တန်း သွားကြတယ်၊ ရုပ်ရှင်အတူတူ ကြည့်၊ ဂိမ်းတွေ အတူတူကစားနဲ့ ပျော်ပျော်ပါးပါး နေခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့သားအဖရဲ့ ပျော်ရွှင်ချိန်တွေက တိုတောင်းခဲ့ပါတယ်။

ရိုဆာတီ ၁၁ နှစ်သမီးအရွယ်မှာပဲ ဖီးလစ်က အစာမြိုပြွန်ကင်ဆာနဲ့ ကွယ်လွန်သွားခဲ့တာပါ။ အခုဆိုရင် ရိုဆာတီက ၃၂ နှစ်အရွယ် ရှိနေပြီး အိမ်ထောင်ပြုပြီးပါပြီ။ သူ့မင်္ဂလာဆောင်မှာ ရောက်လာတဲ့ ဂုဏ်ပြုကတ်တွေထဲမှာ သူ့ကို အပျော်ရွှင်ဆုံး ဖြစ်စေခဲ့တာကတော့ သူ့အဖေ ဖီးလစ်ရဲ့ ဂုဏ်ပြုကတ်ပါပဲ။

ဖီးလစ်ဟာ သူ ကြာကြာ မနေရတော့ဘူးဆိုတာကို သိပြီးတဲ့နောက် သူ့သမီးလေးအတွက် ဂုဏ်ပြုကတ် ၉ ခု ရေးသားခဲ့ပါတယ်။ ၈ ခုကတော့ သူ့သမီးလေး မွေးနေ့တွေမှာ ဖွင့်ဖတ်ဖို့ဖြစ်ပြီး နောက်ဆုံးတစ်ခုကတော့ မင်္ဂလာဆောင် ဂုဏ်ပြုကတ်ဖြစ်ပါတယ်။ ရိုဆာတီရဲ့ မင်္ဂလာဆောင်မှာ သူ့မိခင်က ဖီးလစ်ရဲ့ ဂုဏ်ပြုကတ်ကို ဖွင့်ဖတ်ပြတဲ့အခါ ဧည့်ပရိသတ်တွေ မျက်ရည်ဝဲခဲ့ရပါတယ်။

” ကမ္ဘာပေါ်မှာ ဂုဏ်ယူစရာအကောင်းဆုံး ဖခင်တစ်ယောက်အနေနဲ့ သမီးဘေးမှာ အဖေ ရှိနေချင်ခဲ့တာပါ။ ခန်းမလျှောက်လမ်းကိုအတူ ဖြတ်သန်းပြီး သမီးချစ်တဲ့သူရှိရာ သွားဖို့ပေါ့။ သမီးရဲ့ ဘဝစာမျက်နှာသစ်အတွက်လေ။ ဒီနေ့က သမီးဘဝရဲ့ အရေးအကြီးဆုံးနေ့ပဲ။ အကောင်းအဆိုးအားလုံးကို ပျော်ရွှင်စွာ ရင်ဆိုင်ဖြတ်သန်းပါ။ ပျော်ရွှင်ပါစေ၊ ယုံကြည်မှုရှိပါစေ သမီးရေ။ အောင်မြင်မှုတွေ ရရှိပါစေ။ သမီးရဲ့ ဟာသဉာဏ်၊ ထက်မြက်မှု၊ နားလည်မှု၊ သဘာဝပတ်ဝန်းကျင်ကို လေ့လာစူးစမ်းတတ်မှုတွေကြောင့် အဖေ့ဘဝမှာ ဂုဏ်ယူရဆုံး အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ ဒါက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး။ သမီးကို ထာဝရချစ်နေမယ့် အဖေ” လို့ စာထဲမှာ ရေးသားထားတာပါ။

ရိုဆာတီကလည်း သူ့ဘဝတစ်လျှောက်လုံးမှာ သူ့အဖေကို အမြဲအမှတ်တရ ရှိနေပြီး သူ့မင်္ဂလာဆောင်ခန်းမရှေ့မှာ သူတို့သားအဖနှစ်ယောက်ရဲ့ဓာတ်ပုံတွေကို အမှတ်တရသစ်ပင် တစ်ခုအဖြစ် စိုက်ထူထားခဲ့ပါသေးတယ်။

Ref: My Dad Sent Me A Card on My Wedding Day–20 Years After His Death

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top