ဆာရှာမွိုင်ဆာ၊ သွေးသစ်ဝင်းလှိုင်၊ အာသာဆာလာဒိုက်၊ တိုဘီဘင်ဒန်တို့ ရှိနေတဲ့ WLC ရဲ့ လိုက်မစ်ဒယ်ဝိတ်တန်းမှာ ထိပ်တန်းဖိုက်တာဖြစ်ကြောင်း သက်သေပြမယ်လို့ ဆိုလာသူကတော့ စပိန်ဖိုက်တာ နျူဇက်ထရူဟီလိုပါပဲ။ WMC စပိန်ချန်ပီယံ၊ ISKA ဥရောပချန်ပီယံ၊ IPCC Intercontinental ချန်ပီယံနှင့် ISKA ကမ္ဘာ့ချန်ပီယံဘွဲ့တွေ သိမ်းပိုက်ထားတဲ့ ထရူဟီလိုဟာ ကစ်ဘောက်ဆင်ထူးချွန်သူဖြစ်ပြီး ပွဲ(၄၀) နိုင်၊ ၇ ပွဲရှုံး၊ ၁ ပွဲသရေ မှတ်တမ်းရှိထားသူပါ။ လူမှုကွန်ရက်ပေါ်ကနေ သူနဲ့ အမေး၊ အဖြေလုပ်ခဲ့တာကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။
မေး- တိုက်ခိုက်ရေးအားကစားလောကထဲ ဘယ်လို စရောက်လာတာလဲ။
ဖြေ- ကျွန်တော်က တိုက်ခိုက်ရေးအားကစားကို အမြဲသဘောကျသူပါ။ မွေထိုင်းမထိုးခင်တုန်းကတော့ ဘောလုံးကန်တယ်။ အသက် ၁၈ နှစ်အရွယ်မှာ မွေထိုင်းစပြီး လေ့ကျင့်တယ်။
မေး- လက်ဝှေ့ထိုးဖြစ်တဲ့ အဓိကအကြောင်းရင်းက ဘာများဖြစ်မလဲ
ဖြေ – ကျွန်တော်က စိန်ခေါ်မှုတွေကို နှစ်သက်တယ်။ စိန်ခေါ်မှုတွေကို လိုလားတယ်။ အခုလက်ရှိတော့ လက်ဝှေ့ထိုးဖို့က ကျွန်တော့်ရဲ့စိန်ခေါ်မှုပါ။
မေး- ခေါင်းတိုက်ခွင့်ရှိတဲ့ လက်ဝှေ့အားကစားကို ဘယ်လိုသဘောရလဲ။
ဖြေ- တိုက်ခိုက်ရေးဝါသနာအိုးတွေကို ပိုပြီးစိတ်လှုပ်ရှားစရာကောင်းစေတာပေါ့။ ကျွန်တော်တော့ ခေါင်းတိုက်ခွင့်ရတာ ကြိုက်တယ်။
မေး- အရင်တုန်းက ဗလာလက်သီးထိုးဖူးလား
ဖြေ- ၄ အောင်စ လက်အိတ်နဲ့ပဲ ထိုးဖူးတယ်။
မေး- ခင်ဗျား အကြိုက်ဆုံး လက်ဝှေ့သမားက ဘယ်သူလဲ။ ဘာလို့ ကြိုက်တာလဲ။
ဖြေ- ဒေ့ဗ်လက်ဒုကို သဘောကျတယ်။ သူ့ရဲ့ခပ်ကြမ်းကြမ်းထိုးတဲ့ စတိုင်ကို ကြိုက်တယ်။ သူက ခပ်ကြမ်းကြမ်းနွှဲရတာကို သဘောကျသူပါ။
မေး – လက်ဝှေ့ပွဲဦးထွက်အတွက် ဘယ်လိုပြင်ဆင်နေလဲ။
ဖြေ – လေ့ကျင့်တာကတော့ ပုံမှန်အတိုင်းပါပဲ။ ခေါင်းတိုက်ကွက်ကို ရှောင်တတ်ဖို့၊ ခေါင်းတိုက်ဖို့လည်း လေ့ကျင့်နေတယ်။
မေး- ခင်ဗျားက ၇၀ ကီလိုတန်း ကစားသမားလို့ သိရတယ်။ ဒါဆိုရင် WLC မှာ လိုက်မစ်ဒယ်ဝိတ်တန်း ထိုးမှာပေါ့။ အဲဒီဝိတ်တန်းမှာ ချန်ပီယံ ဆာရှာမွိုင်ဆာ၊ သွေးသစ်ဝင်းလှိုင်၊ အာသာဆာလာဒိုက်၊ တိုဘီဘင်ဒန်တို့ ရှိနေတယ်။ သူတို့ကို ဘယ်လိုသဘောရလဲ။ သူတို့နဲ့ရင်ဆိုင်ဖို့ အသင့်ဖြစ်ပြီလား
ဖြေ – သူတို့က ထိပ်တန်းဖိုက်တာတွေပါ။ ကျွန်တော်လည်း ထိပ်တန်းဖိုက်တာပဲဆိုတာကို ပြသရတော့မယ်။
မေး- ခင်ဗျားက တိုက်ခိုက်ရေးအားကစားလောကမှာ ဆုတံဆိပ်တွေ တော်တော်များများရပြီးပြီ။ WLC နဲ့အတူ လျှောက်လှမ်းမယ့် ခင်ဗျားရဲ့လက်ဝှေ့သမားဘဝ ရည်မှန်းချက်က ဘာများလဲ။
ဖြေ- WLC ရဲ့ ပထမဆုံး စပိန်နိုင်ငံသား ချန်ပီယံဖြစ်ချင်ပါတယ်။
မေး- ခင်ဗျားက WLC ရဲ့ ပထမဆုံး စပိန်လူမျိုး လက်ဝှေ့သမားနော်။ စပိန်နိုင်ငံကရော လက်ဝှေ့ပရိသတ်တွေ စုဝေးရာနေရာတစ်ခု ဖြစ်လာနိုင်မယ်လို့ ထင်လား။
ဖြေ – လောလောဆယ်တော့ စပိန်မှာ လက်ဝှေ့ကို သိပ်မသိကြဘူး။ ဒါပေမဲ့ စပိန်မှာ လက်ဝှေ့ကို လူကြိုက်များလာအောင် ကျွန်တော်တို့ သေချာပေါက် လုပ်သွားမှာပါ။
မေး- မြန်မာပရိသတ်တွေကို ဘာပြောချင်လဲ
ဖြေ – လက်ဝှေ့က ကျွန်တော့်ကို စိတ်အားတက်ကြွစေတယ်။ ကျွန်တော့်ဘဝရဲ့ အချိန်ကောင်းမှာ လက်ဝှေ့ထိုးဖို့ ဖြစ်လာတာပါ။ ခင်ဗျားတို့ကို ကျေနပ်ပျော်ရွှင်အောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော့်ဘက်ကတော့ အကောင်းဆုံးအားထုတ်သွားမှာပါ။ သိပ်မကြာခင် မြန်မာနိုင်ငံကြီးကို တွေ့မယ်
Nz (ရိုးရာလေး)