နျူကလီးယားအင်ဂျင်နီယာရဲ့ဇနီးသည်က အမေရိကန်ရေတပ်ရဲ့လျှို့ဝှက်ချက်တွေကို ရောင်းစားဖို့စီစဉ်ခဲ့ကြောင်း ဖြောင့်ချက်ပေး

17-2-2022-yyl20.jpg

အမေရိကန်ရေတပ် နျူကလီးယားအင်ဂျင်နီယာရဲ့ဇနီးသည်က ရေတပ်ရဲ့လျှို့ဝှက်ချက်တွေကို ပြည်ပနိုင်ငံတစ်ခုထံ ရောင်းစားဖို့ စီစဉ်ခဲ့တယ်ဆိုပြီး ဖြောင့်ချက်ပေးခဲ့ပါတယ်။ ဂျိုနသန်တိုအက်ဘီဆိုတဲ့ နျူကလီးယားအင်ဂျင်နီယာက နျူကလီးယားလျှို့ဝှက်ချက်တွေ ရောင်းမယ်လို့ ကမ်းလှမ်းခဲ့တာနဲ့ပတ်သက်ပြီး အမည်မဖော်တဲ့ နိုင်ငံခြားအစိုးရအဖွဲ့က FBI ထံ အကြောင်းကြားခဲ့လို့ သူတို့လင်မယားကို FBI အေးဂျင့်တွေက စောင့်ကြည့်နေတာ လနဲ့ချီပါပြီ။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၉ ရက်မှာတော့ စတုတ္ထမြောက် အချိန်းအချက်လုပ်တဲ့နေရာမှာ တိုအက်ဘီတို့ လင်မယားကို ဖမ်းဆီးခဲ့တာပါ။

အသက် ၄၆ နှစ်ရှိတဲ့ ဒိုင်ယာနာတိုအက်ဘီဟာ ပြီးခဲ့တဲ့သောကြာနေ့က အနောက်ဗာဂျီးနီးယားပြည်နယ် မာတင်ဘာ့ဂ်မြို့ ပြည်ထောင်စုတရားရုံးမှာ အပြစ်ရှိတယ်လို့ ထွက်ဆိုခဲ့ပြီး ဖြောင့်ချက်ပေးမယ်လို့ သဘောတူညီခဲ့ပါတယ်။ သဘောတူညီချက်အရ သူဟာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရမှာပါ။ ဒိုင်ယာနာတိုအက်ဘီဟာ ကန့်သတ်ဒေတာတွေကို ကူးလူးဆက်သွယ်ဖို့ ပူးပေါင်းကြံစည်မှုနဲ့လည်း အပြစ်ရှိကြောင်း ဖြောင့်ချက်ပေးထားပါတယ်။ ပုံမှန်အားဖြင့် အဲဒီစွဲချက်ဟာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ပါတယ်။

ဒိုင်ယာနာတိုအက်ဘီဟာ အချိန်းအချက်ပြုလုပ်တဲ့ နေရာ ၃ ခုမှာ သူ့ခင်ပွန်းကိုယ်စားလာရောက်ခဲ့ပြီး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေရဲ့ လျှို့ဝှက်ချက်တွေပါတဲ့ SD ကတ်တွေကို ဝယ်သူအယောင်ဆောင်ထားတဲ့ ပြည်ထောင်စုအေးဂျင့်တွေထံ ပေးခဲ့ပါတယ်။ သူတို့လင်မယားဟာ အချိန်းအချက်ပြုလုပ်ထားတဲ့နေရာတွေမှာ SD ကတ်တွေကို ဝှက်ထားဖို့အတွက် လပေါင်းများစွာ အချိန်ယူခဲ့ကြတာပါ။ တစ်နေရာမှာ SD ကတ်ကို အသားညှပ်ပေါင်မုန့်ထဲ ထိုးထည့်ခဲ့ပြီး အခြားနေရာတွေမှာတော့ ပီကေအိတ်ထဲ ထည့်ထားတာ၊ အနာကပ်ပလာစတာထဲ ထည့်ထားတာမျိုး လုပ်ခဲ့ကြတယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

ဂျိုနသန်တိုအက်ဘီရဲ့ ဖြောင့်ချက်ပေးမှုကို လက်ခံလိုက်ပြီး ရက်ပိုင်းအကြာမှာပဲ ဒိုင်ယာနာတိုအက်ဘီရဲ့ ဖြောင့်ချက်ပေးမှုကို ပြည်ထောင်စုတရားရုံး တရားသူကြီး ရောဘတ်ထရမ်ဘယ်က လက်ခံခဲ့တာပါ။ ဒိုင်ယာနာတိုအက်ဘီဟာ ပြစ်ဒဏ်ချမှတ်မခံရမီအချိန်အတွင်း ပြည်ထောင်စုအကျဉ်းထောင်မှာ ထိန်းသိမ်းခံရမှာပါ ဖြစ်ပါတယ်။ ဒိုင်ယာနာတိုအက်ဘီဟာ အချိန်းအချက်လုပ်တဲ့နေရာတွေမှာ သူ့ခင်ပွန်းနဲ့အတူ လိုက်ပါခဲ့ပေမဲ့ သူ့အစီအစဉ်ကို မသိခဲ့ရဘူးလို့ ထွက်ဆိုခဲ့ပြီး အာမခံနဲ့ လွတ်မြောက်ဖို့ ထပ်ဖန်တလဲလဲ ကြိုးစားခဲ့ပါသေးတယ်။

ဒိုင်ယာနာတိုအက်ဘီဟာ ဖြောင့်ချက်ပေးဖို့ သဘောတူညီချက်အရ စုံစမ်းစစ်ဆေးသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားပြီး လိုအပ်လာရင် အလိမ်ဖော်စက်နဲ့ပါ အစစ်ခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့အီလက်ထရောနစ် ကိရိယာတွေ၊ ဘဏ်အကောင့်တွေကို စစ်ဆေးခွင့်ပေးဖို့၊ ဒီအမှုနဲ့ဆက်နွှယ်နေတဲ့ Monero ဒစ်ဂျစ်တယ်ငွေကြေးကနေ အမေရိကန်ဒေါ်လာ ၁ သိန်း ပြန်လည်ထုတ်ယူနိုင်အောင် ကူညီပေးဖို့လည်း သဘောတူညီခဲ့ပါတယ်။

Ref: CNN “Navy engineer’s wife pleads guilty in nuclear submarine spy scheme”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top