မျှော်လင့်ချက် မရှိတော့လို့ အောက်ဆီဂျင်ပေးတဲ့စက်ကို ဖြုတ်လိုက်ပြီးမှ အသက်ပြန်ရှင်လာခဲ့တဲ့ ထူးဆန်း အဖြစ်အပျက်

47573155_2268835646668262_2165692058772176896_n.jpg

အမေရိကန်ပြည်ထောင်စု၊ မီချီဂန် (Michigan) ပြည်နယ်မှာ ကယ်လ် (Karl De Leeuw) ဆိုတဲ့ အမျိုးသားတစ်ဦးဟာ ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ သူ့ဇနီးရဲ့ ရှေ့ရေးအတွက် စိုးရိမ်သောက ရောက်နေခဲ့ပါတယ်။

“အခု မြင်နေရတဲ့ ကုတင်ပေါ်က အမျိုးသမီးဟာ ခင်ဗျားအရင်တုန်းကသိခဲ့တဲ့ ခင်ဗျားရဲ့ အမျိုးသမီး မဟုတ်တော့ဘူး”။ ဩဂုတ်လအတွင်း က နှလုံးရုတ်တရက် ရပ်တန့်မှုကြောင့် ဇနီးဖြစ်သူကို ဆေးရုံဆီအရေးပေါ်ပို့ခဲ့ရပြီးတဲ့နောက် ရက်အနည်းငယ်ကြာမှာ ဆေးရုံက ဆရာဝန်က သူ့ကို ဒီစကားပြောခဲ့တာပါ။

ဆေးရုံကို ရောက်ပြီး ၆ရက်အကြာမှာတော့ မီချီလီ (Micehle, ကယ်လ်ရဲ့ဇနီးဖြစ်သူ) ရဲ့ဦးနှောက်ဟာ ၅ ရာခိုင်နှုန်းပဲ အလုပ်လုပ်တော့ပြီး နှလုံးကတော့ ၂၅ ရာခိုင်နှုန်းပဲ အလုပ် လုပ်ပါတော့တယ်။ ဒီလိုအခြေအနေ ရောက်လာတဲ့အချိန်မှာ ကယ်လ်နဲ့သူတို့သားသမီး နှစ်ယောက်ဟာ နာကျင်အကြေကွဲရဆုံး ဆုံးဖြတ်ချက်ကို ချရပါတော့တယ်။

“ကျွန်တော်တို့ ဆုံးဖြတ်လိုက်ကြတယ်။ အောက်ဆီဂျင် ပေးတာကို ရပ်လိုက်ဖို့ပေါ့။ ဒါ ကျွန်တော့်ဘဝအတွက် အခက်ခဲဆုံး ဆုံးဖြတ်ချက်ပါ။ နောက်ဆုံး ကျွန်တော် သူ့ကို အောက်ဆီဂျင်ပေးတာ ရပ်လိုက်တယ်။ ကျွန်တော်ကိုယ်တိုင်ပဲ ပလပ် ဆွဲဖြုတ်ခဲ့တာပါ” ။ “ကျွန်မတို့ အောက်ဆီဂျင်ပေးတဲ့စက်ကို ပလပ်ဆွဲဖြုတ်ပြီးတဲ့ အချိန်မှာ ဒီကမ္ဘာမှာ အမေ မရှိတော့ဘူး ဆိုတဲ့အသိက ကျွန်မအတွက်တော့ အရမ်းကြေကွဲရတဲ့ အခိုက်အတန့်ပါပဲ” လို့သူတို့ရဲ့သမီးဖြစ်သူ မိုင်လေက ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အဲဒါက ဝမ်းနည်းစရာအဆုံးသတ် မဟုတ်ပါဘူး။

“သူ သူ့ဘာသာသူ အသက်စရှူ တော့တာပဲဗျ။ သူ့ကို ဆရာဝန်တွေက ဘယ်လိုမှ အသက်ဆက်ရှင်နိုင်မှာ မဟုတ်ဘူးဆိုပြီး မကြာခင်မှာ အသက်ဆုံးပါးတော့မယ် လူနာတွေချည်းထားတဲ့ နေရာမှာ ထားထားတာ။” ၁၅ မိနစ်အတွင်း စတာလင်းဟိုက် (Sterling Heights) မီးသတ်ဌာနက ဆေးဘက်အကူတွေ ရောက်လာပြီး မီချီလီကို သတိပြန်လည်လာအောင် ကြိုးစား ပြုစုခဲ့ကြပါတယ်။

“နောက်ထပ်နှစ်ရက်အကြာမှာ ဆေးရုံက ကျွန်တော့်ဆီ ဖုန်းဆက်တယ်။ ငါတို့ မမျှော်လင့်ထားတာတော့ ဖြစ်လာတယ်။ မင်းဇနီး မျက်လုံး ပြန်ပွင့်လာပြီတဲ့” လို့ကယ်လ် က ပြန်ပြောပြခဲ့ပါတယ်။ နောက်ထပ်နှစ်ရက်ကြာမှာ မီချီလီ စကားပြန်စပြောနိုင်လာပါတယ်။ “ငါဗိုက်ဆာတယ်” လို့ သူနာပြုကို ပြောခဲ့တာပါ။ ထပ်ပြီး နောက်ထပ် နှစ်ရက်အကြာမှာပဲ မီချီလီဟာ ဆေးရုံကုတင်ပေါ်မှာ ထိုင်လာနိုင်ပြီး ကိုယ့်ဘာသာ အစာစားနိုင်တဲ့အဆင့် ရောက်လာခဲ့ပါတယ်။

အခြေအနေတွေက ကိုယ့်ဘက် တဖြည်းဖြည်း ပါလာနေပေမယ့် မီချီလီက သိပ်အကောင်းကြီး ဖြစ်နေသေးတာတော့ မဟုတ်ပါဘူး။ သူ့ကိုယ်သူ ဘယ်နေရာ ရောက်နေလဲမသိဘူး။ ဘာတွေ ဖြစ်နေမှန်းလည်း သူမသိဘူ။ ကျန်းမာရေးအရ ဆိုရင်လည်း သူ့ခန္ဓာကိုယ်ထဲမှာ သွေးကြောတွေ ထုံးနေသေးပါတယ်။

ဒါပေမယ့် လေးလကြာအပြီး ဒီဇင်ဘာမှာတော့ မီချီလီက အကောင်းပကတိနီးပါး ဖြစ်နေပါပြီ။ နှလုံး ခွဲစိတ်ကုသတာလည်း လုပ်ခဲ့ရသလို စကားပြောဆိုနိုင်ဖို့အတွက်နဲ့ ကိုယ်လက် ပြန်လည်လှုပ်ရှားနိုင်ဖို့အတွက် ကုထုံးတွေ အများကြီးခံယူပြီးချိန်မှာ မီချီလီဟာ ကျန်းမာရေး ပြန်ကောင်းသွားပါပြီ။ ပြီးခဲ့တဲ့ အင်္ဂါနေ့က စတာလင်ဟိုက် မီးသတ်ဌာနမှာ ပြုလုပ်ကျင်းပတဲ့ နှလုံး ရုတ်တရပ် ရပ်တန့်မှုကနေ အသက်မသေ ကျန်ရစ်တဲ့ လူတွေနဲ့ သူတို့ကို သတိပြန်လည်လာအောင် ပြုစုပေးခဲ့တဲ့ ဆေးဘက်အကူတွေ တွေ့ဆုံပွဲလေးမှာ မီချီလီက “အသက်ရှင်ကျန်ရစ်မှုအတွက် ဂုဏ်ပြု ဒင်္ဂါး”ကိုတောင် လက်ခံရရှိခဲ့ပါသေးတယ်။

ရိုးရာလေး ပရိသတ်ကြီးရော ဒီလိုမျိုး မယ်သက်ပြင်း၊ မောင်သက်ပြင်းတွေကို ကြုံဖူးကြလား။

Ref: U.S News “ Nearly brain-dead woman survives after being removed from life support”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top