သေအံ့ဆဲဆဲသူတွေရဲ့ နောက်ဆုံးဆန္ဒနဲ့ နောက်ဆုံးကာလတွေ

24-6-2020-yyl-028.jpg

ဘဝနေဝင်ချိန်ရောက်နေပြီဆိုတဲ့ သေအံ့ဆဲဆဲ လူနာတွေဟာ သူတို့ သေဆုံးတော့မယ့် အချိန်ကာလကို ကြိုတင်ခန့်မှန်းနိုင်ကြတယ် ဆိုတာ ကြားဖူးကြတယ်မဟုတ်လား။

မဟုတ်ရင်တောင် တစ်ဆင့်နားနဲ့ ကြားဖူးကြမှာပါပဲ။ အိပ်ရာပေါ်မှာလှဲရင်း၊ နောက်ဆုံးထွက်သက်တွေကို မှေးနေရင်း ကောင်းကင်ဘုံနတ်နန်းကို ရိပ်ခနဲ ဖျတ်ခနဲ အတွေးအာရုံတွေထဲ ပေါ်လာတတ်ကြတယ်လို့ သူတို့ ဆိုခဲ့ကြဖူးတာဟာ အမှန်တကယ်ပါပဲ။

ရွိုင်ရယ်စတုတ်ခ်တက္ကသိုလ်ဆေးရုံက ကျန်းမာရေးစောင့်ရှောက်တဲ့ သူနာပြုဝန်ထမ်းတွေဟာ ဆေးရုံပေါ်မှာ ဒီအဖြစ်သနစေ်တွကို နေ့စဉ်နဲ့အမျှ ကြုံကြ မြင်ကြ ကြားနေကြရတာပါ။ နောက်ဆုံးထွက်သက် ရောက်လာမယ့် အချိန် နာရီ နေ့ရက်တွေ နီးလာတဲ့အခါမျိုးမှာ ဒီလို သေအံ့ဆဲဆဲ လူနာတွေမှာ လုပ်လေ့လုပ်ထရှိတဲ့ အပြုအမူတွေ၊ ပြောစကားတွေကို သူနာပြုဆရာမတွေက ဖွင့်ဟခဲ့ကြပါတယ်။

သေခါနီးလူနာတွေနဲ့ သူတို့ မိသားစုတွေကို အထူးကျန်းမာရေးစောင့်ရှောက်မှု ပေးရတဲ့ နစ်ကီမော်ဂန်ဆိုတဲ့ သူနာပြုက ” တချို့သက်ကြီးရွယ်အိုတွေနဲ့ ကြုံဖူးတယ်။ နောက်တစ်ပတ်လောက်ဆို ငါ့အသက် ၈၀ ပြည့်ပြီ မွေးနေ့ပွဲလေးလုပ်မယ်ကွာ ပါတီလေးပေးမယ်ကွာ ပြီးရင်တော့ သွားရတော့မှာပေါ့ လို့ ဆိုခဲ့တဲ့ အဘိုးအဘွားတွေပေါ့။ တကယ်လည်း ပြောတဲ့ အတိုင်းကို ဖြစ်သွားခဲ့တာပဲ အတော်ထူးဆန်းတယ်” လို့ ပြောပါတယ်။

လူးဝစ် ဆိုတဲ့ သူနာပြုကတော့ ” ကြာတော့ကြာပြီ လူနာတစ်ယောက်ပေါ့ သတိရတချက် မရတချက်နဲ့ သေလုမျောပါး ဖြစ်နေတုန်း အသက်တည်းတည်းလေးနဲ့ သူပြောဖူးသွားတာ ရှိတယ် သေရမှာ စိတ်မပျက်ပါဘူး ငါပျော်ပါတယ်တဲ့ ကောင်းကင်ဘုံကြီးကို မျက်စိရှေ့မှာ ငါမြင်နေရပြီတဲ့…တစ်မျိုးကောင်းတယ်ပဲ ပြောရမယ် သေရမှာ တုန်နေအောင် ကြောက်နေတာမျိုး မဖြစ်ကြရတော့ဘူးပေါ့ ဒါမျိုး မမြင်ရတာ တစ်နည်းတော့ သူတို့အတွက် စိတ်ကျေနပ် သက်သာရာ ရပါတယ်” လို့ ပြန်ပြောင်းအောက်မေ့ရင်း ဆိုပါတယ်။

ဒီလိုလူနာတွေမှာ နောက်ဆုံးဆန္ဒအနေနဲ့ တောင့်တသွားကြတာတွေကိုလည်း ကျွန်တော်တို့ အဘိုးတွေ အဘွားတွေ၊ မိတ်ဆွေ ဆွေမျိုးတွေ ရဲ့ နောက်ဆုံးရက်တွေမှာ ကြုံဖူးသွားကြမှာပါ။ တချို့က မသေခင် သူတို့ ခွေးကလေးကို မြင်သွားချင်တာမျိုး၊ မသေခင်လေးမှာ သိပ်ကြိုက်ရတဲ့ အရက်လေး တစ်ခွက်လောက် ပါးစပ်ထဲ ဝင်သွားချင်တာမျိုး၊ တချို့ကလည်း ကိုယ့်အကြိုက် လက်ဖက်ရည်လေး တစ်ကျိုက်လောက် အစရှိသဖြင့်ပေါ့လေ။ ဘဝနောက်ဆုံးအချိန် မှာ သူတို့လိုချင်တာလေး ဖြည့်ဆည်းပေးရတာ၊ သူတို့ အဆင်ပြေအောင် အပျော်လေးတွေ ဖန်တီးပေးရတာ ကျွန်တော်တို့ အတွက် စိတ်ကျေနပ်မှုဖြစ်ရတဲ့အပြင် သူတို့မျက်နှာပေါ်က အပြုံးလေးက ခွဲခွာမှုတွေအတွက် စိတ်နှစ်သိမ့်စရာ ဖြေသိမ့်စရာ ဖြစ်ရတယ် မဟုတ်လား။ သူတို့ နောက်ဆုံးချိန်မှာ တောင့်တမှုက သူတို့အတွက် အရမ်းတန်ဖိုးကြီးပါတယ်။ တချို့ကလည်း ကိုယ့်သားသမီး မ်က်နှာလေးမှ မြင်ခွင့်မရသေးသရွေ့ အသက်မထွက်သွားရအောင် စိတ်တင်းထားကြပြီး မြင်ရတဲ့ခဏမှာမှ နောက်ဆံတင်းမှုမရှိ၊ စိတ်ချလက်ချရှိပုံရသွားပြီး ဘဝကူးသွားကြတာလည်း ရှိပါတယ်။ နောက်ဆုံးဆန္ဒတွေဆိုတာ ဖြည့်ဆည်းပေးထိုက်တဲ့ ဆန္ဒတွေပါ။

တစ်ခါတုန်းကလည်း ဒီဆေးရုံမှာပဲ အရမ်းနာမကျန်းဖြစ်ပြီး သေခါနီးဆဲဆဲသာ ရှိတော့တဲ့ အဘိုးအဘွား လင်မယား နှစ်ယောက်စလုံးဟာ သူတို့အိပ်ယာအတူတူ ဘေးချင်းကပ် လှဲချင်တယ်လို့ ပြောပြီး အိပ်ယာပေါ်မှာ နှစ်ယောက်သား တစ်ယောက်လက်ကို တစ်ယောက်ကိုင်ဆုပ်ထားရင်း အိပ်ရာပေါ်မှာပဲ ဘေးချင်းကပ် ရှေ့ဆင့်နောက်ဆင့် အသက်ကိုယ်စီ ထွက်သွားခဲ့ကြဖူးပါတယ်။

” ဆေးရုံမှာနေရတာ ကြာတော့ တစ်ခုခုဆို ဘာစိုးရိမ်မှုမှ သိပ်မဖြစ်တတ်တော့ဘူး နေ့တိုင်းလိုလို သေခြင်းတရားကို မျက်မြင်ကိုယ်တွေ့ကြုံနေရတော့ မိသားစု ကိုလည်း ပိုစောင့်ရှောက်ဖြစ်ဖို့ တွေးမိ၊ လုပ်မိလာတယ် မသေခင် အချိန်လေးပဲလေ မဟုတ်ဘူးလား သေရမယ့်အရေးကိုလည်း ဘာအတွက်မှ ကြောက်စရာလို့ မထင်တော့ဘူး ” လို့ သူနာပြုဆရာမတစ်ဦးက ဆိုပါတယ်။

အရေးကြီးဆုံးတစ်ချက်အနေနဲ့ ရောဂါ နောက်ဆုံးအဆင့် နဲ့ သေရမှာသေချာနေပြီး ဘဝနိဂုံးကာလ ရောက်တော့မယ့် လူနာတွေဟာ ကိုယ့်အိမ်မှာပဲကိုယ် စိတ်ချလက်ချ ခေါင်းချခွင့်ရတာ နည်းကြပါတယ်။ Marie Curie ဆိုတဲ့ အဖွဲ့ဟာ သေဆုံးခါနီးလူနာတွေကို လိုက်လံ ပြုစုကူညီပေးတဲ့ လူမှုကူညီရေးအဖွဲ့ပါ။ သူတို့ရဲ့စစ်တမ်းအရ နောက်ဆုံးအဆင့် လူနာ ၅၇၀၀၀ လောက်ဟာ ဘဝနေဝင်ချိန်ကို နွေးထွေးတဲ့ အိမ်ယာမှာ ခေါင်းချခွင့်မရဘဲ ဆေးရုံမှာပဲ လှဲနေရရင်း သေဆုံးခဲ့ကြရပါတယ်တဲ့။ တကယ်တော့ ဒါဟာ သူတို့ဘဝအတွက် နောက်တစ်ကြိမ်ပြန်မရနိုင်မယ့် အခွင့်အရေးတစ်ခုပါ။ ဖြတ်သန်းဖို့အချိန် သိပ်မကျန်တော့တဲ့အချိန်မှာ လူနာတွေအတွက် ကိုယ့်စိတ်လုံခြုံမှု အပြည့်ဝဆုံး နဲ့ စိတ်သက်သောင့်သက်သာ ရှိရတဲ့ ကိုယ့်အိမ်လေးမှာ နောက်ဆုံးဘဝလက်ကျန်ချိန်ကို ဖြတ်သန်းကုန်ဆုံးခွင့်ပေးရင်း ဖြည့်ဆည်းပေးသင့်တာ ဖြစ်ပါတယ်။

Ref: Independent.co.uk

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top