မေဒေး (သို့) ကမ္ဘာ့အလုပ်သမားနေ့

24-6-2020-yyl-027.jpg

မေလ ၁ ရက်နေ့ဟာ ကမ္ဘာ့အလုပ်သမားနေ့ ဖြစ်ပြီး အစိုးရရုံး၊ အလုပ်ရုံ၊ ဈေးဆိုင်တွေကို ပိတ်ကာ အလုပ်သမားတွေရဲ့ အင်အားပြပွဲ၊ စီတန်းလမ်းလျှောက်ပွဲ စတဲ့ အလုပ်သမားနေ့ အထိမ်းအမှတ်ပွဲတွေကို ကျင်းပလေ့ရှိပါတယ်။

မေဒေး ခေါ် အလုပ်သမားနေ့ဆိုတာဟာ အလုပ်သမား လူတန်းစားတွေအဖို့ လွန်စွာအရေးပါတဲ့ နေ့ကြီးဖြစ်ပါတယ်။ ရှေးနှစ်ပေါင်းများစွာက အလုပ်သမား ပစ္စည်းမဲ့လူတန်းစားတွေကို ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ အရင်းရှင်စနစ်ကို တော်လှန်ပြီး အလုပ်သမားတွေရဲ့ ဘဝသစ် တည်ဆောက်ဖို့ အလုပ်သမားများရဲ့ သွေးစည်းတဲ့နေ့လို့ ခေါ်ဆိုကြပါတယ်။

မေဒေး ပေါ်ပေါက်လာမှုဟာ ၁၉ ရာစုဆန်းလောက်မှာ အမေရိကန်ပြည်ထောင်စုက အလုပ်ရှင်နဲ့ အလုပ်သမားတို့ရဲ့ ပဋိပက္ခဖြစ်မှုကနေ စတင်ခဲ့တာပါ။ အဲဒီခေတ်က အလုပ်သမားတွေဟာ နေထွက်က နေဝင်အထိ တစ်နေ့ကို ၁၆ နာရီကနေ နာရီ ၂၀ အထိ ပင်ပန်းကြီးစွာ အလုပ်ရုံ၊ စက်ရုံတွေမှာ အလုပ်ဆင်းကြရပါတယ်။ ပင်ပင်ပန်းပန်း လုပ်ကိုင်ပေးနေရပေမဲ့ သူတို့တွေရဲ့ ဘဝဟာ တိုးတက်မှုရှိမလာဘဲ နေရေး၊ ထိုင်ရေးနဲ့ ကျန်းမာရေးတွေမှာ အလွန်ပဲ အဆင့်အတန်း နိမ့်ကျစွာ နေခဲ့ရပါတယ်။ အဲဒီလို ဘဝဆိုးကို ရင်ဆိုင်ရတာကြောင့် အလုပ်သမား ခေါင်းဆောင်တွေက အလုပ်သမားတွေ သက်သာချောင်ချိစေဖို့အလုပ်ရှင်တွေကို အရေးဆိုခဲ့ကြပါတယ်။

၁၈၂၀ ပြည့်နှစ်ကနေ ၁၈၄၀ ပြည့်နှစ်လောက်အထိ အလုပ်သမားခေါင်းဆောင်တွေက တစ်နေ့တာ အလုပ်ချိန် ၁၀ နာရီသာ ကန့်သတ်ထားဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အလုပ်ရှင်တွေက အလွယ်တကူ မလိုက်လျောခဲ့ကြပါဘူး။ အလုပ်ချိန် လျှော့ပေါ့ရေးအတွက် တိုက်ပွဲဝင်တဲ့ အလုပ်သမားတွေဟာ ဖမ်းဆီးနှိပ်ကွပ် ခံရပေမဲ့လည်း အလုပ်သမား အင်အားစုများက အလျော့မပေးဘဲ ဆက်လက်ကြိုးပမ်းခဲ့ကြပါတယ်။ အဲ့ဒီအချိန်က စပြီး အလုပ်သမားတွေရဲ့ တိုက်ပွဲဟာ အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်နှင့် ဩစတြေးလျ အထိ ကူးစက်သွားခဲ့ပါတယ်။

၁၈၈၄ ခုနှစ် အမေရိကန် အလုပ်သမားများအဖွဲ့ချုပ် ညီလာခံမှာ ၁၈၈၆ ခု မေလ ၁ ရက်နေ့ကစပြီး တစ်နေ့ကို ၈ နာရီသာ အလုပ်လုပ်ခိုင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ အလုပ်သမား အဖွဲ့ခွဲတွေဆီကိုလည်း အဲ့ဒီဆုံးဖြတ်ချက်အတိုင်း အောင်မြင်သည်အထိ တိုက်ပွဲဝင်ကြဖို့ ညွှန်ကြားချက်တွေ ပေးပို့ခဲ့သလို အလုပ်သမားပေါင်း များစွာကလည်း ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခဲ့ကြပါတယ်။ တစ်ဘက်က အစွမ်းကုန် ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံခဲ့ရပြီးတဲ့နောက် တချို့ဟာ အလုပ်က ထုတ်ပစ်ခံရ၊ တချို့က ထောင်ကျကာ အသက်ဆုံးခဲ့ရသူတွေလည်းရှိပြီး အလွန်ထိခိုက်ခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အလုပ်သမားများရဲ့အရေး အောင်မြင်ခဲ့ပါတယ်။

၁၈၈၉ ခုနှစ် ပါရီမြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ် ဒုတိယညီလာခံမှာ မေလ ၁ ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့အဖြစ် သတ်မှတ်ပေးလိုက်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်အရ နှစ်စဉ် မေလ ၁ ရက်နေ့တိုင်းမှာ အလုပ်သမားခေါင်းဆောင်အသီးသီးက အလုပ်သမားအရေးတွေကို ဟောပြောတာ စတဲ့ အထိမ်းအမှတ်ပွဲတွေကို ကျင်းပခေဲ့ကြပါတယ်။

ကမ္ဘာ့အလုပ်သမားနေ့မှာ အလုပ်သမားအားလုံးဟာ လုပ်ခပြည့်နဲ့ အားလပ်ခွင့်ရကြပါတယ်။ ယခုအခါ ကမ္ဘာ့အလုပ်သမားနေ့ကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်းများစွာမှာ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားကြပြီ ဖြစ်ပါတယ်။

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top