ကိုဗစ်-၁၉ ကူးစက်မှုကြုံနေရပြီလို့ မြောက်ကိုရီးယားနိုင်ငံ တရားဝင်ထုတ်ပြန်ပြီး ပိတ်ဆို့မှုတွေ ချမှတ်

11-5-2022-yyl-15.jpg

ကိုဗစ်-၁၉ ကူးစက်မှု ကြုံနေရပြီလို့ ပထမဆုံးအကြိမ် တရားဝင် အတည်ပြုခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံတစ်ဝန်း တင်းကျပ်တဲ့ ပိတ်ဆို့မှုစည်းမျဉ်းတွေ ချမှတ်လိုက်ပါပြီ။မြို့တော်ပြုံယမ်းမှာ အိုမီခရွန် ကူးစက်မှုတွေ ဖြစ်ပွားနေတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ လူဘယ်လောက် ကူးစက်ခံရတယ်ဆိုတာကိုတော့ ဖော်ပြခြင်းမရှိပါဘူး။

ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ပြင်းထန်တဲ့ နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေလို့ KCNA သတင်းဌာနက သုံးနှုန်းခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်မှုကို တိုက်ဖျက်သွားမယ်လို့ ခေါင်းဆောင် ကင်ဂျုံအန်က ယတိပြတ်ပြောထားကြောင်း KCNA သတင်းဌာနက ဖော်ပြပါတယ်။

လေ့လာစောင့်ကြည့်သူတွေကတော့ မြောက်ကိုရီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောက်ရှိနေတာ အချိန်တော်တော်ကြာပြီလို့ ယုံကြည်နေကြပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ နိုင်ငံတကာအသိုင်းအဝိုင်းက ဗြိတိန်နိုင်ငံထုတ် AstraZeneca ကာကွယ်ဆေးနဲ့ တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေး အဖုံရေသန်းချီ ပေးအပ်မယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ မြောက်ကိုရီးယားအစိုးရက ပယ်ချခဲ့ပြီး ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ကို မျက်ကွယ်ပြုခဲ့တဲ့အတွက် ၂၅ သန်းသော မြောက်ကိုရီးယားပြည်သူတွေ အထိနာနေကြပြီလို့ ပြင်ပလေ့လာစောင့်ကြည့်သူတွေက ဆိုပါတယ်။

မြောက်ကိုရီးယားဟာ ကိုဗစ်-၁၉ ကပ်ရောဂါကို တွန်းလှန်နိုင်ဖို့ နယ်စပ်ဂိတ်တွေ ပိတ်ဆို့မှုကိုပဲ အဓိကလုပ်ဆောင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကတည်းက နယ်စပ်ဂိတ်တွေကို ပိတ်ခဲ့တာပါ။ နယ်စပ်ဂိတ်တွေကို ပိတ်ခဲ့တာကြောင့် မရှိမဖြစ် လိုအပ်တဲ့ ကုန်စည်တွေ စီးဆင်းဝင်ရောက်နိုင်ခဲ့ခြင်းမရှိလို့ စားနပ်ရိက္ခာပြတ်လပ်မှု ကြုံခဲ့ပြီး စီးပွားရေး ထိခိုက်ခဲ့ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်ဖို့ ကင်ဂျုံအန်က အရေးပေါ်အခြေအနေ အမြင့်ဆုံးအဆင့် စည်းမျဉ်းတွေ ထုတ်ပြန်ခဲ့ပြီး ဒေသဆိုင်ရာ ပိတ်ဆို့မှုတွေ၊ လုပ်ငန်းခွင်မှာ လူစုလူဝေးမဖြစ်အောင် ပိတ်ပင်မှုတွေ လုပ်ခဲ့ဖွယ်ရှိပါတယ်။ လွန်ခဲ့တဲ့ ၄ ရက်က ပြုံယမ်းမြို့မှာ အိုမီခရွန်မျိုးကွဲသစ် ကူးစက်ခံရသူကို စတင်တွေ့ရှိခဲ့တာလို့ KCNA သတင်းဌာနက ဖော်ပြပါတယ်။ ပြုံယမ်းမြို့မှာ တချို့ဒေသတွေမှာ အနည်းဆုံး ၂ ရက်ကြာ ပိတ်ဆို့မှုတွေ လုပ်ခဲ့တယ်လို့ တောင်ကိုရီးယားအခြေစိုက် NK News က ဖော်ပြပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့နေပြီလို့ သတင်းထွက်ပေါ်လာခဲ့ပြီးနောက် တောင်ကိုရီးယားအစိုးရက လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ပေးအပ်ဖို့ ကမ်းလှမ်းထားပေမဲ့ မြောက်ကိုရီးယားဘက်က တုံ့ပြန်ခြင်းမရှိသေးပါဘူး။ မြောက်ကိုရီးယားက ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုတွေကို တွန်းလှန်ဖို့ အာရုံစိုက်ရမယ့်အတွက် နျူကလီးယားစမ်းသပ်မှုလုပ်မယ့်အစီအစဉ်တွေကို ရွှေ့ဆိုင်းထားနိုင်တယ်လို့ မြောက်ကိုရီးယားအရေးလေ့လာမှုတက္ကသိုလ်ပါမောက္ခ ယန်မိုဂျင်က ပြောပါတယ်။

ဒါပေမဲ့ ကင်ဂျုံအန်က ကိုဗစ်-၁၉ ကပ်ရောဂါအတွက် စိုးရိမ်ကြောက်ရွံ့မှုတွေကို အာရုံလွှဲဖို့ နောက်ထပ်နျူကလီးယားလက်နက် စမ်းသပ်မှုလုပ်လာမှာကိုလည်း စိုးရိမ်ပူပန်နေကြပါတယ်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့လပိုင်းအတွင်း တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက တားမြစ်ပိတ်ပင်ထားတဲ့ ဒုံးကျည်တစ်ဒါဇင်ကျော်ကို ပစ်လွှတ်စမ်းသပ်ခဲ့ပါတယ်။

Ref: BBC ” North Korea orders strict lockdown with first official Covid cases”

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top