အိန္ဒိယနိုင်ငံရဲ့ရွေးကောက်ပွဲ၊ တံစိုးလက်ဆောင်နဲ့ ဂြိုဟ်တုဖျက်ဒုံးကျည်

e1-e1553753641233.jpg

ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ဧပြီလ (၁၁) ရက်နေ့ကျရင် ရွေးကောက်ပွဲ စတင်တော့မှာပါ။ အိန္ဒိယနိုင်ငံရဲ့ ရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီတွေက မဲဆန္ဒရှင်ပြည်သူတွေကို ငွေသား၊ အရက်၊ ရွှေထည်ပစ္စည်း၊ တီဗီ၊ လက်ပ်တော့တွေနဲ့ မက်လုံးပေးပြီး မဲဆွယ်တယ်ဆိုတဲ့ သတင်းဆိုးနဲ့ ကျော်ကြားလေ့ရှိပါတယ်။

အဲဒါကြောင့် ရွေးကောက်ပွဲမတိုင်ခင် မဲဆန္ဒနယ်တိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေ ဖြန့်ကြက်ထားပြီး ကားတွေကို စစ်ဆေးခိုင်းတတ်ပါတယ်။ အခုလည်း ရွေးကောက်ပွဲအတွက် စုံစမ်းစစ်ဆေးမှုတွေလုပ်ရာမှာ အိန္ဒိယနိုင်ငံတစ်ဝန်းကနေ ငွေသား၊ အရက်ပုလင်း၊ မူးယစ်ဆေးဝါး၊ ရွှေထည်နဲ့ တခြားအဖိုးတန်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။ သိမ်းဆည်းရမိခဲ့တဲ့ တန်ဖိုးက ရူပီး သန်း (၅၄၀) (အမေရိကန်ဒေါ်လာ သန်း (၈၀))နီးပါး ရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

မဲပေးခွင့်ရှိသူစာရင်း ကြေညာခဲ့တဲ့ မတ်လ (၁၀) ရက်နေ့ကနေ မတ်လ (၂၅) ရက်ကြား ကာလအတွင်း ငွေသားနဲ့ အဖိုးတန်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တာပါ။ ဒါဟာ အိန္ဒိယနိုင်ငံရဲ့ ရွေးကောက်ပွဲတွေဟာ ငွေသား၊ လက်ဆောင်ပဏ္ဍာတွေနဲ့ ဒွေးရောယှက်တင် ဖြစ်နေဆဲပဲဆိုတာ ဖော်ပြနေပါတယ်။ သိမ်းဆည်းရမိသမျှထဲမှာ ငွေသားချည်းပဲ အမေရိကန်ဒေါ်လာ (၂၂) သန်းရှိပါတယ်။

အများဆုံးသိမ်းဆည်းရမိတာကတော့ အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒက်ရှ်ပြည်နယ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ (၇.၉) သန်း သိမ်းဆည်းရမိခဲ့ပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံရဲ့ ရွေးကောက်ပွဲတွေမှာ လက်ဆောင်ပဏ္ဍာတွေနဲ့ မဲဝယ်တိုင်း အနိုင်မရနိုင်ဘူးလို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ (စကားချပ်-ဒါဟာ ပါတီကြီးတစ်ခုက မဲဆွယ်ဖို့ ဝေငှကျွေးမွေးတာတွေကို စားသောက်ပြီး တခြားပါတီကို မဲထည့်ခဲ့ကြတယ်ဆိုတဲ့ မြန်မာနိုင်ငံက ဖြစ်ရပ်ကိုတောင် ပြန်သတိရစေပါတယ်)

ရွေးကောက်ပွဲအတွက် အပြိုင်အဆိုင် မဲဆွယ်စည်းရုံးနေချိန်မှာ အိန္ဒိယနိုင်ငံက အာကာသအင်အားကြီးနိုင်ငံ ဖြစ်လာပြီလို့ အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီက ကြွေးကြော်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ဂြိုဟ်တုဖျက်ဒုံးကျည် စမ်းသပ်မှု အောင်မြင်ခဲ့ပြီးနောက်မှာ မိုဒီက အခုလို ပြောခဲ့တာပါ။ အိန္ဒိယနိုင်ငံဟာ အာကာသထဲက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို တာဝေးပစ်ဒုံးကျည်တွေ ရန်ကနေ ကာကွယ်ပေးဖို့အတွက် ဂြိုဟ်တုဖျက်ဒုံးကျည်ကို စမ်းသပ်ခဲ့တာပါ။ တရုတ်နိုင်ငံကလည်း ၂၀၀၇ ခုနှစ်မှာ အလားတူစမ်းသပ်မှုလုပ်ခဲ့ပြီး မိုးလေဝသဂြိုဟ်တုတစ်လုံးကို ဖျက်ဆီးခဲ့ဖူးပါတယ်။

အိန္ဒိယနိုင်ငံဟာ အမေရိကန်၊ ရုရှားနဲ့ တရုတ်နိုင်ငံတွေပြီးရင် ဂြိုဟ်တုဖျက်လက်နက် အသုံးပြုနိုင်တဲ့ စတုတ္ထမြောက်နိုင်ငံဖြစ်လာပြီလို့ မိုဒီက ပြောပါတယ်။ ဒါပေမဲ့ အာကာသလက်နက်ပြိုင်ပွဲကို ပါဝင်ဆင်နွှဲမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ မိုဒီက ရွေးကောက်ပွဲမှာ အမှတ်ရဖို့ အခုလို ထုတ်ပြန်ကြေညာခဲ့တာလို့ အတိုက်အခံနိုင်ငံရေးသမားတွေက စွပ်စွဲထားပါတယ်။

အဆင့် (၇) ဆင့်နဲ့ ကျင်းပသွားမယ့် အိန္ဒိယရွေးကောက်ပွဲကို မေလ (၁၉) ရက်နေ့ကျရင် အဆုံးသတ်မှာဖြစ်ပြီး မေလ (၂၃) ရက်နေ့မှာ မဲရေတွက်ရင်း တစ်ခါတည်း မဲရလဒ် ကြေညာဖို့ စီစဉ်ထားပါတယ်။

Ref: BBC
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top