ရေနဲ့ဓာတ်မတည့်တဲ့ ရှားပါးရောဂါကို ခံစားနေရတဲ့ ကောင်မလေး

11-5-2022-yyl-12.jpg

အရီဇိုးနားပြည်နယ်က အာဘီဂိုင်လ် ဘက်ခ် ဆိုတဲ့ ကောင်မလေး ရေနဲ့ဓာတ်မတည့်တာကြောင့် ငိုလို့ မရသလို ရေချိုးလို့လည်းမရခဲ့ဘူး။ ရေနဲ့ ထိတွေ့လိုက်တာနဲ့ သူ့ရဲ့အရေပြားက နာကျင်ယားယံလာတယ်။ သူ့ရဲ့ခန္ဓာကိုယ်က ရေနဲ့ ဓာတ်မတည့်တဲ့ ရှားပါးရောဂါ Aquagenic Urticaria ကို ခံစားနေရတာပါ။ အသက် ၁၅ နှစ်အရွယ် အာဘီဂိုင်လ်ဟာ ရေသောက်ရင် နေမကောင်းဖြစ်တဲ့အတွက် အားဖြည့်အချိုရည်တွေ (ဒါမှမဟုတ်) သလဲသီးဖျော်ရည်တွေကို သောက်သုံးနေရပါတယ်။ ရေသောက်ချင်ရင်တော့ နေမကောင်းအဖြစ်ခံပြီး သောက်ရပါတယ်။

အာဘီဂိုင်လ်ရဲ့မျက်ရည်ကလည်း ဓာတ်မတည့်တာကိုဖြစ်စေတဲ့အတွက် ငိုလိုက်ရင် သူ့ရဲ့မျက်နှာက နီမြန်းသွားပြီး ဆိုးဆိုးရွားရွားအပူလောင်စေပါတယ်။ သူက သာမန်လူတစ်ယောက်လို ငိုရင် နာကျင်တယ်။ ငိုလိုက်တဲ့အခါ မျက်ရည်က အရေပြားကို လောင်ကျွမ်းစေတဲ့အတွက် မျက်ရည်က အဆိုးရွားဆုံးအစိတ်အပိုင်းတွေထဲက တစ်ခုပဲတဲ့။
ရေသောက်ရင် သူ့ရဲ့ရင်ဘတ်က အရမ်းနာလာပြီး နှလုံးခုန်တာ အရမ်းမြန်လာတယ်။ သူ နောက်ဆုံးရေသောက်ခဲ့တဲ့အချိန်က လွန်ခဲ့တဲ့ ၁ နှစ်ကပါ။ အာဘီဂိုင်လ်က တစ်နေ့ကျ ရေနဲ့ဓာတ်မတည့်တာကို ထိန်းမနိုင်တော့ရင် သူအပါအဝင် ဘယ်သူမှ ဘာလုပ်ရမှန်းမသိဖြစ်မှာကို ကြောက်နေမိပါတယ်။

ရေနဲ့ဓာတ်မတည့်တာ အရမ်းပြင်းထန်တဲ့အတွက် အာဘီဂိုင်လ်က ၂ ရက်- ၃ရက်မှ ရေတစ်ခါချိုးပြီး ရေအနည်းငယ်ပဲ သောက်ပါတယ်။ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးတဲ့ ဆေးတွေအပြင် ဓာတ်မတည့်တာကို သက်သာစေတဲ့ antihistamines နဲ့ steroids ဆေးတွေကိုလည်း သောက်ပေးရပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က ရေနဲ့ဓာတ်မတည့်တဲ့လက္ခဏာတွေကို စပြီး ကြုံတွေ့ခဲ့ရတာပါ။ ဒါပေမဲ့ ရောဂါအတိအကျကိုတော့ မကြာသေးခင်ကမှ သိခဲ့ရပါတယ်။ အာဘီဂိုင်လ်က မိုးရွာတဲ့အခါ မိုးရည်ထိရင် ဆိုးဆိုးရွားရွားနာကျင်တယ်။ အက်ဆစ်လို ခံစားရတယ်။ အစက အဲဒီလိုခံစားရတာ ပုံမှန်လို့ထင်တဲ့အတွက် သူ့အမေကို မိုးရေက အက်ဆစ်လိုလားလို့ မေးတော့ သူ့အမေက မဟုတ်ဘူးတဲ့။

အခုဆိုရင် အာဘီဂိုင်လ်က တက်နိုင်သလောက် ရေနဲ့ထိတွေ့တာကို ရှောင်ဖို့ ကြိုးစားပါတယ်။ မိုးရွာထဲ အပြင်ထွက်ရင် ဂျာကင်နဲ့ ဘောင်းဘီရှည် (၃) စုံကို ဝတ်တယ်။ ဒီကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး အသိပညာတွေ မြှင့်တင်ပေးချင်တယ်လို့ သူက ပြောပါတယ်။ “ဒါက တကယ်ကို စိတ်ပျက်စရာကောင်းတယ်။ လူတွေက အဲဒီရောဂါက ဘယ်လိုဖြစ်တာလဲဆိုတာကို ရှင်းပြပေးဖို့ တောင်းဆိုကြတယ်။ ဒါပေမဲ့ ဘယ်သူမှ ဒါကို မသိတဲ့အတွက် နားမလည်တဲ့အတွက် ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို ရှင်းပြလို့မရဘူး”လို့ အာဘီဂိုင်လ်က ပြောပါတယ်။

ဖခင်ဖြစ်သူ မိုက်ကယ် ဘက်ခ်က ဒီရောဂါကို သူ့သမီး ကောင်းကောင်းရင်ဆိုင်ကိုင်တွယ်နိုင်တဲ့အတွက် ချီးကျူးလို့နေပါတယ်။ “သမီးက ဒါကို ကောင်းကောင်းရင်ဆိုင်တယ်။ သမီးလေး နာကျင်နေတာကို မြင်ရတာ စိတ်မကောင်းဖြစ်တယ်။ သူ့အစား နာကျင်မှုကို ယူပေးနိုင်ဖို့ မကြာခဏ ဆုတောင်းတယ်။ မျှော်လင့်ချက်မဲ့သလို ခံစားရတယ်။ အခုချက်ခြင်း ကုသပေးချင်တယ်။ ဒါပေမဲ့ မရနိုင်ဘူး။ ကျွန်တော် အရမ်းကြီးတော့ စိတ်မပူပါဘူး။ ရေက သမီးလေးကို သေစေနိုင်လောက်တဲ့အထိ သူ့ရဲ့ဓာတ်မတည့်မှုက အရမ်းပြင်းထန်တယ်လို့ ကျွန်တော်မထင်ဘူး။ ဒါပေမဲ့ သူ့ရဲ့ကျန်းမာရေးအတွက် စိတ်ပူမိတယ်။ သမီးလေး ကျန်းမာဖို့အတွက် ရေဓာတ်ဖြည့်ပေးနိုင်မယ့် အရာတွေကို ရှာဖွေနေပါတယ်”

Ref: Ladbible “Girl Allergic To Water Can’t Cry Or Shower Without Breaking Out In Hives”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top