သက်ငယ် မုဒိမ်းမှုတွေရဲ့ အန္တရာယ်က ဘယ်လောက်ဆိုးဝါးနေပြီလဲ ဘယ်လို ကာကွယ်ကြမလဲ

childabuse1.jpg

အဖြစ်များလာတဲ့ သက်ငယ် မုဒိမ်းမှုတွေရဲ့ အန္တရာယ်ကို ဘယ်လို ကာကွယ်ကြမလဲ။ ဘယ်လို အသိပညာတွေပေးကြမလဲ။ ဘယ်လို ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေ စဉ်းစားကြမလဲ။ ဒီဖြစ်ရပ်တွေက နေ့စဉ်ကြုံတွေနေရတဲ့ လူမှုအဖွဲ့အစည်းမှာ အရမ်းကို အရေးပါလာတဲ့ ကိစ္စတွေပါ။

BBC News က သတင်းတစ်ပုဒ်မှာ အသက် ဆယ်နှစ်ပဲ ရှိသေးတဲ့ အိန္ဒိယက ကောင်မလေးတစ်ယောက်ကို ဆွေမျိုးသားချင်းထဲက လူတစ်ယောက်က မုဒိမ်းကျင့်လိုက်တဲ့ အတွက် ကိုယ်ဝန်ရသွားတယ်လို့ ဖော်ပြခဲ့တယ်။ သူမက သူမကိုယ်မှာ ဘာဖြစ်မှန်းတောင် သေချာ မသိနိုင်သေးဘူး။ သူ့ဗိုက်ထဲမှာ အလုံးအကြိတ် ကြီးကြီးမားမားတစ်ခု ရှိနေတာလို့ပဲ ထင်နေခဲ့သတဲ့။ မိသားစုကလည်း ဂရုစိုက်ပြီး စုံစမ်းရကောင်းမှန်း နားမလည်တဲ့ သာမန် လက်လုပ်လက်စား မိသားစု။ အဲ့ဒီကောင်မလေးရဲ့ အနာဂတ်က ဘယ်လို ရှိလာမလဲ။  အကျိုးဆက်တွေကို ဘယ်သူတွေက ဆက်ပြီး တာဝန်ယူမလဲ။

၂.၈.၂၀၁၇ တုန်းက လတ်တလော မြန်မာနိုင်ငံမှာတင် ဖြစ်ပွားခဲ့တဲ့ ကသာမြို့နယ် ကျေးရွာလေးတစ်ရွာ ကအမှုကို ကြည့်မယ်ဆိုရင်လည်း အသက် ၇ နှစ်အရွယ် တစ်တန်း ကျောင်းသူလေးကို  လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ ကြိုးစားခဲ့တာပါ။ တရားခံကို မိသွားပြီး ပုဒ်မ-၃၇၇ အရ အရေးယူနေပြီဆိုပေမယ့် အသက်ငယ်ငယ် ကလေးမလေးရဲ့ စိတ်မှာ ဘယ်လို မလုံခြုံမှုတွေ ဖြစ်သွားမလဲ။ မဖြစ်မနေ စဉ်းစားသင့်တဲ့ အချက်တွေပါ။

ရန်ကုန်တိုင်း ဒေသကြီးမှာဆိုရင်လည်း ၂၀၁၇ ခုနှစ် ပထမ လေးလပတ်အတွင်းမှာ ဖြစ်ပွားတဲ့ သက်ငယ်မုဒိမ်းမှုတွေဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ သက်ငယ်မှုဒိမ်းမှုတွေထက် ဖြစ်ပွားနှုန်း နှစ်ဆ ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ချုပ်က သတင်းတွေအရ သိရပါတယ်။ သက်ငယ်မှုဒိမ်းမှု ကျူးလွန်ခံရတဲ့ ကလေးငယ်တွေထဲမှာ အသက်နှစ်နှစ်အရွယ်ကနေစပြီး အသက် ၁၆ နှစ်အရွယ်ထိ ပါဝင်နေတာ တွေ့ရပါတယ်။

ဆွေမျိုးသားချင်း၊ သွေးသားတော်စပ်သူက အစ အပြင်လူ သူစိမ်းထိ ဘယ်သူတွေနဲ့ ကလေးတွေကို ဘယ်လို ယုံကြည် စိတ်ချတဲ့ စိတ်နဲ့ ထားကြမလဲ။ တကယ် အန္တရာယ်များတဲ့ ကိစ္စတွေပါ။ မကြာခဏကြားနေရတဲ့ မှုဒိမ်းမှုတွေအများစုက သက်ငယ်မုဒိမ်းမှုတွေ ဖြစ်လာတယ်။ သက်ငယ် မှုဒိမ်းမှုတွေမှာတောင် အသက် ဆယ်နှစ်အောက် ကလေးတွေနဲ့ ပက်သက်ပြီး ပိုကြားလာရတယ်။ အထူးသဖြင့် အသိပညာနည်းတဲ့ ဂရုစိုက် စောင့်ရှောက်နိုင်စွမ်း သင်ကြားပေးနိုင်စွမ်းနည်းတဲ့ ပတ်ဝန်းကျင်တွေမှာ ဒီလို ဖြစ်ရပ်တွေကို ပိုပြီး အဖြစ်များလာတယ်။ ဒီကိစ္စတွေကို ဘယ်လို ကာကွယ်ကြမလဲ။

အများအားဖြင့် ကြားရတဲ့ ဖြစ်ရပ်တွေကို လေ့လာကြည့်ရင် ဆွေမျိုးသားချင်း ဒါမှမဟုတ် ရင်းနှီးသူတွေက ပိုမို ကျူးလွန်တတ်ကြတာကို တွေ့ရမှာပါ။ သက်ငယ် မှုဒိမ်းမှုရန်က ကာကွယ်ဖို့ အရွယ်မရောက်သေးတဲ့ အသိပညာ မကြွယ်သေးတဲ့ ကလေးတွေအတွက် လူကြီးတွေမှာ တာဝန်ရှိပါတယ်။ အဓိက က ယုံကြည်မှု မလွန်ကဲဖို့ပါ။ မြန်မာ့ယဉ်ကျေးမှုမှာ ကိုယ့် သမီးလေးတွေကို သူစိမ်းဖြစ်ဖြစ်၊ ဆွေမျိုးသားချင်းတွေထဲကဖြစ်ဖြစ် ပွေ့ဖက်တဲ့အခါ ကိုယ်ပေါ်မှာ ချီပွေ့ ထားတဲ့အခါ ချစ်စနိုး အပြုအမူလို့ မြင်တတ်ကြပါတယ်။ ဒီ အပြုအမူတွေက ဘယ်လောက်ပဲ ရင်းနှီးနေတဲ့ ဆွေမျိုးသားချင်းသော်လည်းကောင်း၊ သူစိမ်းသော်လည်းကောင်း ခွင့်မပြုသင့်ပဲ မဖြစ်မနေ ကာကွယ်သင့်တဲ့ အရာတွေပါ။

နောက်တစ်ခုက ကိုယ့်ရဲ့ ကလေးတွေကို ပြောခွင့် ဆိုခွင့် ပေးပါ။ မိဘကို မိသားစုကို ပြောရဲဆိုရဲ တိုင်ပင်ရဲတဲ့ ယုံကြည်စိတ်ကို ငယ်ကတည်းက အားပေးပါ။ ဒီအချက်က အရမ်း အရေးကြီးတာပါ။ လူကြီးမိဘကို ပြန်မပြောမိလို့၊ ပြန်မပြောရဲလို့ ဒုက္ခရောက်သွားရတဲ့ အဖြစ်တွေ ဒုနဲ့ဒေးပါ။ တစ်ယောက်ယောက်က အမေ့ကို ပြန်မပြောနဲ့၊ အဖေ့ကို ပြန်မပြောနဲ့ ဆိုပြီး ခြိမ်းခြောက် အသားယူလာတဲ့အခါ ပြန်မပြောပြရဲတာမျိုး မဖြစ်ရအောင် ကိုယ်နဲ့ ကိုယ့်သားသမီးလေးတွေကြားမှာ ယုံကြည်အားကိုးမှုတစ်ခု အခိုင်အမာ ရှိထားဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ကိုယ့်ကလေးရဲ့ ပတ်ဝန်းကျင်ကို အမြဲ ဂရုတစိုက်ရှိဖို့လဲ အလွန်အရေးကြီးပါတယ်။ ကလေးက ဘယ်သူတွေနဲ့ ကစားနေတယ်။ ကလေးရဲ့ ဘေးမှာ ဘယ်သူတွေရှိနေတတ်သလဲ အစစအရာရာ ဂရုတစိုက်ရှိဖို့လိုပါတယ်။

နောက်ထပ် အရေးကြီးတာတစ်ခုက မျိုးဆက်ပွားကျန်းမာရေးလို့ ခေါ်တဲ့ reproductive health education။ Reproductive health education က ရှက်စရာ ကိစ္စတစ်ခု မဟုတ်ပါဘူး။ ကလေးတွေကို လိင်ကိစ္စနဲ့ပက်သက်ပြီး ကလေးဘဝ ကတည်းက သိသင့်တာ ရှောင်သင့်တာကို အသက်အရွယ်အလိုက် သင်ကြားပေးထားဖို့ဆိုတာ ရှက်စရာမဟုတ်ပါဘူး။ ကြောက်စရာမဟုတ်ပါဘူး။ ကလေးတွေကို ခန္ဓာကိုယ် ပြောင်းလဲလာပုံအကြောင်း၊ တစ်ကိုယ်ရည် သန့်ရှင်းမှုတွေအကြောင်းတွေက နေတဆင့် မိမိ ခန္ဓာကိုယ်မှာ ဘယ်အရာတွေကတော့ ဆွေမျိုးသားချင်းတွေကအစ သူစိမ်းတွေအထိ ထိတွေ့ ကိုင်တွယ်ခွင့်၊ အသားယူ အမြတ်ထုတ်ခွင့် မရှိဘူးလဲဆိုတာမျိုးတွေကို ကလေးတွေ နားလည်လွယ်မယ့် စကားလုံးတွေနဲ့ ပြောပြရှင်းပြထားဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် မျိုးဆက်ပွားခြင်း နဲ့ ကာကွယ်ရမယ့် နည်းလမ်းတွေကိုပါ ကလေးတွေရဲ့ အသက်အရွယ် ကြီးပြင်းလာမှုပေါ်မူတည်ပြီး နားလည် သဘောပေါက်လွယ်အောင် ပြောပြထားသင့်တာပါ။

ကလေးငယ်လေးတွေက အနာဂတ်ရဲ့ ခေါင်းဆောင်လေးတွေပါ။ တိုင်းပြည်ရဲ့ အသက်သွေးကြောတွေပါ။ ဒီကလေးငယ်တွေ လုံလုံခြုံခြုံ ဘေးရန်ကင်းကင်းနဲ့ အေးအေးချမ်းချမ်း ကြီးပြင်းလာဖို့က လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ တာဝန်ရှိပါတယ်။ ဆိုးဝါးလှတဲ့ သက်ငယ်မှုဒိမ်းမှုရန်ကနေ ကလေးငယ်လေးတွေကို ကာကွယ်စောင့်ရှောက်လိုက်ကြရအောင်။

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top