COVID-19 ရောဂါကနေ ပြန်သက်သာလာပြီးနောက် မိဘတွေကို ပွေ့ဖက်ဖို့တောင် ကြောက်ရွံ့မိခဲ့တဲ့ ကျောင်းသူလေး

30-4-2020-yyl-007.jpg

National University of Singapore Business School က အသက် (၂၁) အရွယ်ကျောင်းသူလေး အစ်ဇဘယ် လီ ကို သူ့မိဘတွေက (၉) လလောက် ခွဲနေခဲ့ရတဲ့အတွက် ပွေ့ဖက်ချင်ခဲ့ပေမဲ့ သူ့ရဲ့တုံ့ပြန်မှုကတော့ သူတို့ကို သူ့နားမလာဘဲ အဝေးမှာနေဖို့ပါပဲ။ သူဟာ အခုမှ ကိုရိုနာဗိုင်းရပ်စ်ကနေ ပြန်လည်သက်သာလာခါစဖြစ်တဲ့အတွက် သူ့မိဘတွေအတွက် စိုးရိမ်လို့ဖြစ်ပါတယ်။ ကျောင်းသူလေး အစ်ဇဘယ်က ပြီးခဲ့တဲ့စနေနေ့က ဆေးရုံကနေ ဆင်းခွင့်ရခဲ့တာပါ။ “ကျွန်မ အရမ်းသတိထားနေတုန်းပဲ။ ကျွန်မရဲ့မိဘတွေက ကျွန်မကို ပွေ့ဖက်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မ “မရဘူး” လို့၊ အနည်းဆုံး (၃) ပေအဝေးမှာ နေဖို့ သူတို့ကို ပြောခဲ့ပါတယ်။ ချစ်မြတ်နိုးသူတွေ လုံခြုံဖို့ အရေးကြီးပါတယ်။ ပျော်ပျော်ရွှင်ရွှင်ပြန်ဆုံစည်းမှုလေးလည်း ပြတ်တောက်သွားသလို ခံစားရပါတယ်”လို့ သူမက ပြောပါတယ်။

အစ်ဇဘယ်က TikTok Social Networking ကုမ္ပဏီမှာ တစ်နှစ်တာ အလုပ်သင်လုပ်ဖို့အတွက် နယူးယောက်မှာ (၈) လတာ အချိန်ကုန်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့အတွက် သတ်မှတ်ချိန်ထက် လတိုတောင်းသွားခဲ့ပါတယ်။ သူ အမိမြေကို ပြန်လာခဲ့ရာ မတ်လ ၂၁ ရက်နေ့မှာ Changi Airport ကို ရောက်ရှိခဲ့ပြီး ကြိုတင်ကာကွယ်တဲ့အနေနဲ့ Swab test စစ်ဆေးမှုခံယူခဲ့ရပါတယ်။ ရလဒ်ကိုတော့ တစ်ရက်ကနေ သုံးရက်အတွင်း ရမှာဖြစ်တယ်လို့ သူသိရှိခဲ့ရပါတယ်။ NUS ကျောင်းက စီစဉ်ပေးခဲ့တဲ့နေရာမှာ သီးခြားနေထိုင်ခဲ့ရပြီး (၁၄) ရက်တာ Quarantine ဝင်ခဲ့ရပါတယ်။ သူဟာ နယူးယောက်မြို့မှာကတည်းက လည်ချောင်းနာတာ၊ အအေးမိတာတွေဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ သူ့ရဲ့ရောဂါလက္ခဏာတွေက (၃) ရက်နဲ့ပျောက်သွားတဲ့အတွက် အရမ်းကြီး မစဉ်းစားဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

(၃) ရက်အကြာမှာတော့ လေဆိပ်မှာ စစ်ဆေးမှုခံယူခဲ့တဲ့ ဆေးစစ်ရလဒ်ထွက်ရှိလာခဲ့ပါတယ်။ နယူးယောက်မှာ သူ့နဲ့အနီးကပ်နေခဲ့တဲ့ သူငယ်ချင်းက ရောဂါပိုးရှိတာကို သူသိရှိခဲ့ရပါတယ်။ မတ်လ (၂၈) ရက်နေ့မှာ ဆရာဝန်နဲ့တိုင်ပင်ပြီး ဒုတိယအကြိမ် swab test စစ်ဆေးမှုလုပ်ခဲ့ပြီး (၆) နာရီအကြာမှာ ရောဂါပိုးတွေ့ရှိခဲ့ရပါတယ်။ အစ်ဇဘယ်က စင်ကာပူနိုင်ငံရဲ့ Case 815 လူနာဖြစ်ပြီး National Centre for Infectious Diseases (NCID) မှာ သီးခြားနေထိုင်ပြီး ဆေးကုသမှုခံယူခဲ့ရပါတယ်။ သူ ဆေးရုံက မဆင်းခင် Swab Testing ကို ပိုပြီးလုပ်ဆောင်ခဲ့ရပါတယ်။ သူ့ရဲ့ဆေးစစ်ချက်က (၂) မျိုးထွက်ခဲ့ပါတယ်။ ပထမတစ်ခါမှာ ရောဂါပိုးမရှိတော့ဘူးလို့ ထွက်ပေမဲ့ ဒုတိယတစ်ကြိမ်မှာ ရောဂါပိုးရှိတယ်ဆိုတဲ့ အဖြေထွက်ရှိခဲ့တယ်လို့အစ်ဇဘယ်က ပြောပါတယ်။

အစ်ဇဘယ်က သူ့ရဲ့ကိုယ်ခံအားစနစ်ကို ဗိုင်းရပ်စ်တွေကို တွန်းလှန်ပစ်နိုင်လောက်တဲ့အထိ အားမကောင်းတဲ့အတွက် စိုးရိမ်ခဲ့ရပါတယ်။ သူက မိသားစုနဲ့ သူငယ်ချင်းတွေကို ထပ်ပြီးတွေ့နိုင်ပါမလားဆိုတာ မသိခဲ့ဘူးလို့ ပြောပါတယ်။ သီးခြားနေထိုင်စဉ် (၅) ပတ်မှာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဂရုစိုက်ဖြစ်ပြီး စိတ်ဓာတ်မြင့်တင်ဖို့အတွက် စာအုပ်ဖတ်တာ၊ Zoom အက်ပလီးကေးရှင်းကတဆင့် သူငယ်ချင်းတွေနဲ့ Work out လုပ်တာလို့ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ခဲ့တယ်လို့ အစ်ဇဘယ်ကပြောပါတယ်။

အစ်ဇဘယ်က ကိုရိုနာဗိုင်းရပ်ပိုးရှိတဲ့အတွက် သီးခြားနေထိုင်တာတွေ ပထမဆုံးကြုံတွေ့ခဲ့ရပြီဖြစ်တဲ့အတွက် စင်ကာပူလူမျိုးတွေ Social Distancing လုပ်ဆောင်ချက်တွေကို အရမ်းမလုပ်ကြတဲ့အတွက် စိတ်ပျက်မိတယ်လို့ဆိုပါတယ်။ ဘာကွတ်တေး (bak kut teh) ဟင်းလျာကို စားဖို့အတွက် အိမ်မှာနေပါဆိုတဲ့ သတိပေးစာကို ချိုးဖောက်မိလို့ အချုပ်ကျခဲ့တဲ့ အမျိုးသားကို ရည်ညွှန်းပြီး “ကိုရိုနာဗိုင်းရပ်စ်လျော့နည်းသွားဖို့ လူတိုင်းပါဝင်လုပ်ဆောင်ရမှာပါ။ ဘာကွတ်တေးက အမြဲတမ်း ရှိနေမှာပါ။ ဒါပေမဲ့ သင့်မိသားစုနဲ့ ချစ်ခင်ရသူတွေကတော့ ရှိမနေနိုင်ပါဘူး။ လွတ်လပ်မှုတွေ ကန့်သတ်လိုက်တာကဘယ်လောက် စိတ်ပျက်စရာကောင်းလဲ ကျွန်မသိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ အမြင်ကျယ်ကျယ်နဲ့ ကြည့်သင့်တယ်” လို့ အစ်ဇဘယ်က ပြောပါတယ်။

အစ်ဇဘယ်ရဲ့မိဘတွေက သူတို့သမီးရဲ့ဆေးစစ်ရလဒ်က မငြိမ်တဲ့အတွက် စိုးရိမ်ပူပန်ရကြောင်း၊ အစ်ဇဘယ်ရဲ့ကိုယ်ခံအားစနစ်က အားနည်းတဲ့အတွက် ဗိုင်းရပ်စ်နောက်ထပ် ပြန်ထလာမှာ စိုးရိမ်ကြောင်းပြောပါတယ်။ ပွေ့ဖက်ဖို့အတွက် သူတို့ကို အစ်ဇဘယ်က ငြင်းဆန်တာနဲ့ ပတ်သက်ပြီး “အချင်းချင်း ခပ်ဝေးဝေးမှာ နေဖို့ သမီးက သိထားလို့ပါ။ ကျွန်တော်တို့ကိုစိုးရိမ်တဲ့အတွက် အိမ်ပြန်ရောက်တဲ့အချိန် (၂) ရက်အထိ အိမ်မှာ mask ဝတ်နေတုန်းပါပဲ။ သမီးပြန်ရောက်တဲ့အချိန် ကျွန်တော်တို့ ပွေ့ဖက်ခဲ့ရပါတယ်။ ဒါပေမဲ့ ခဏလေးပါပဲ” လို့ အစ်ဇဘယ်ရဲ့အဖေက ပြောပါတယ်။

Ref: NUS student who had Covid-19 feared hugging parents after recovering

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top