ဘုရားခိုးတဲ့ ထိုင်းဇာတ်ကား Ong Bak နဲ့ “ဝမ်းဘတ်မင်းသား”အဖြစ် လူသိများတဲ့ ထိုင်းကိုယ်ခံပညာသရုပ်ဆောင်မင်းသား တိုနီဂျာ ဟာ သည်းခြေအိတ်ကင်ဆာရောဂါကို ခံစားနေရတာ ၂နှစ်နီးပါးရှိပြီလို့ သိရပါတယ်။
ဖေဖော်ဝါရီ ၅ ရက်နေ့က အသက် ၅၀ ပြည့်သွားတဲ့ တိုနီဟာ မကြာသေးခင်က အင်စတာဂရမ်ပို့စ်တစ်ခုမှာ သိသိသာသာပိန်သွားတာကို ပရိသတ်တွေသတိထားမိပြီးနောက် စိုးရိမ်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ထိုင်းသတင်းဌာနတွေရဲ့ဖော်ပြချက်အရ တိုနီက ၂၀၂၄ ခုနှစ်မှာ သည်းခြေအိတ်ကင်ဆာ အဆင့် ၃ ရှိတာကို တွေ့ရှိခဲ့ရတယ်လို့ သူနဲ့နီးစပ်သူတွေက ထုတ်ပြောခဲ့ကြောင်းသိရပါတယ်။
ဝမ်းဗိုက်နာကျင်မှုနဲ့ သူ့ရဲ့အရေပြား၊ မျက်လုံးတွေကို ထိခိုက်စေတဲ့ အသားဝါရောဂါလက္ခဏာတွေဖြစ်ပေါ်လာပြီးနောက် ဒီရောဂါကို ရှာဖွေတွေ့ရှိခဲ့တာပါ။ အဲ့ဒီကတည်းက ကင်ဆာရောဂါပိုးရှိနေတဲ့ တစ်ရှုးတွေကို ဖယ်ရှားဖို့ ကုသမှုခံယူခဲ့ရပြီး ဓာတုကုထုံးတွေဆက်လက်ခံယူနေခဲ့ရပါတယ်။
သူဟာ အနီးကပ်ဆေးကုသမှုခံယူလို့ လိုအပ်နေဆဲဖြစ်ပေမဲ့ သူ့ရဲ့အခြေအနေက သိသိသာသာတိုးတက်ကောင်းမွန်လာတယ်။ သူ့အားအင်တွေ တဖြည်းဖြည်းပြည့်ဝလာပြီး နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေ လုပ်ဆောင်ဖြစ်နေတယ်။ လက်ရှိမှာတော့ သူ့ကို သူ့မိသားစုက အနီးကပ်ပြုစုစောင့်ရှောက်ပေးနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
တိုနီဂျာဟာ ၂၀၀၃ ခုနှစ်က Ong-Bak ဇာတ်ကားနဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုကို ရရှိခဲ့တာပါ။ သူက Furious 7 (2015)၊ xXx: Return of Xander Cage (2017)၊ Master Z: Ip Man Legacy (2018) စတဲ့ ဟောလိဝုဒ်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
Ref: Ong Bak Star Tony Jaa Reportedly Battling Gallbladder Cancer For 2 Years
WL (ရိုးရာလေး)

