စုဗူးခွဲပြီး ရတဲ့ပိုက်ဆံ အကုန်လုံးနဲ့ အတန်းဖော်အတွက် နွားနို့ဝယ်ပေးခဲ့တဲ့ ကောင်မလေး

24459050_1507296852.8921.jpg

စေတနာ သဒ္ဓါတရားဆိုတာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး။ တစ်ချို့တွေ က အသက်ကြီးမှ အလှူအတန်းဘက်ကို ပိုစိတ်ရောက်လာကြပေမဲ့ တစ်ချို့တွေကျတော့ အသက်ငယ်ငယ်လေးနဲ့ သူတစ်ပါးကို ကျွေးချင်၊ မွေးချင်စိတ်ရှိကြသူတွေပါ။ ဒါကို အောက်က ကောင်မလေးတစ်ယောက်ရဲ့ အဖြစ်အပျက်က သက်သေခံနေပါတယ်။

အမေရိကန် အနောက်အလယ်ပိုင်းမှာရှိတဲ့ မီချီဂန် ပြည်နယ်၊ အက်ရှ်ပီမင်း မြို့မှာ (Ishpeming) နေထိုင်တဲ့ ကောင်မလေး တစ်ယောက်ဟာ သူစုထားတဲ့ ပိုက်ဆံကို သူလိုတာထက် ပိုပြီး လိုအပ်နေတဲ့ သူငယ်ချင်းအတွက် သုံးစွဲဖို့ ဝန်မလေးခဲ့ပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက အဖွားဖြစ်သူ ဂျက်ကီ အိုဖဲလ် (Jackie Oelfke) က သူမရဲ့ ၅ နှစ်အရွယ်မြေးမလေး သူစုထားတဲ့ ဝက်ရုပ်စုဘူးကို ခွဲပြီး ပိုက်ဆံရေ နေတာကို တွေ့ခဲ့ပါတယ်။

“ကျွန်မ ကသူ့ကို ဒီပိုက်ဆံတွေနဲ့ ဘာလုပ်မလို့လဲလို့ မေးတော့ သူက ကျောင်းမှာ နို့ဝယ်ဖို့အတွက် သုံးမလို့ လို့ ကျွန်မကို ပြန်ပြောပါတယ်။ အဲ့ဒါနဲ့ ကျွန်မလည်း မြေးအတွက် ဒီတစ်လလုံးစာ နွားနို့ဖိုး ကျောင်းမှာ ပိုက်ဆံပေးပြီးသားလေ လို့ဆိုတော့ သူက သမီးသူငယ်ချင်းရဲ့ အမေမှာ ပိုက်ဆံမရှိလို့ သူငယ်ချင်းအတွက် တစ်လစာ နွားနို့ဖိုး ပေးချင်လို့ပါ လို့ သူက ပြန်ပြောပါတယ်။ ” လို့ ဂျက်ကီ အိုဖဲလ် ကသူမြေးဖြစ်သူနဲ့ စကားပြောခဲ့ပုံကို ပြောဆိုခဲ့ပါတယ်။

နောက်နေ့မနက်မှာတော့ ဂျက်ကီဟာ သူ့ရဲမြေးမလေး ဆန်းရှိုင်း အိုဖဲလ် (Sunshine Oelfke) နဲ့ အတူ အတန်းပိုင်ဆရာမ ရီတာ ဟွာရှာ (Rita Hausher) ကို လိုက်တွေ့ခဲ့ပြီး ဆန်းရှိုင်းက သူ့သူငယ်ချင်းအတွက် နွားနို့ဖိုး တစ်လစာကို ပေးချင်ကြောင်းပြောဆိုခဲ့ပြီး သူစုထားသမျှ ဒေါ်လာ ၃၀ လုံးကို သူ့သူငယ်ချင်းအတွက် နွားနို့ဖိုး ပေးခဲ့ပါတယ်။

ဆန်းရှိုင်းတို့ အတန်းမှာ ကလေးအယောက် ၂၀ ရှိပြီး ဒီအထဲက တစ်ဝက်လောက်ဟာ နွားနို့ ဝယ်မသောက်ကြပါဘူး။ ပုံမှန်အားဖြင့် နွားနို့ တစ်ကာတွန့်ကို ဝ.၄၅ ဒေါ်လာ ကျသင့်ပြီး အခန်းထဲက ကလေး အားလုံးအတွက် နွားနို့ တစ်လစာဟာ ၁၈၀ ဒေါ်လာ ခန့်ကျသင့်တယ် လို့သိရပါတယ်။

“နွားနို့ ဟာ ကျွန်မတို့ မိသားစုတွေအတွက် အရေးကြီးပါတယ်။ အဲ့ဒါအပြင် ဆန်းရှိုင်းအတွက်လည်း သူ့သူငယ်ချင်းတွေ အားလုံး နွားနို့သောက်ရဖို့ အရေးကြီးပါတယ်။” လို့ အိုဖဲလ် ကဆိုပါတယ်။

မြေးဖြစ်သူ ကို ကျောင်းလိုက်ပို့ပေးပြီးနောက်ပိုင်းမှာ အိုဖဲလ်ဟာ မြေးဖြစ်သူရဲ့ စေတနာလုပ်ရပ်ကို Facebook မှာတင်ခဲ့ပြီးနောက်မှ ဆန်းရှိုင်းတို့ အတန်းက ကလေးတွေအတွက် နွားနို့ဖိုး အလျှုရှင်တွေ ပေါ်လာပြီး စစခြင်းမှာပဲ အလျှူငွေ ၇၀၀ ကျော် ရရှိခဲ့ပါတယ်။ အိုဖဲလ် ဟာနွားနို့ဖိုးအတွက် GoFundMe Page တစ်ခုကို ထောင်ခဲ့ပြီး တစ်ပတ်အတွင်းမှာ အလှူငွေ ဒေါ်လာ ၁၀၀၀ ခန့်ရခဲ့ကာ ဆန်းရှိုင်းတို့အတန်းထဲက ကလေးများအားလုံးအတွက် တစ်နှစ်စာ နွားနို့ဖိုး လုံလောက်နေပြီလို့ သိရပါတယ်။ အခုဆိုရင် ဆန်းရှိုင်းတို့ အတန်းက ကလေးတွေအတွက် စုစုပေါင်း နွားနို့ဖိုး အလှူငွေ ဒေါ်လာ ၁၃၅၀၀ လောက်ရနေပြီလို့ သိရပြီး ဒါဟာ ဆန်းရှိုင်းရဲ့ ကြင်နာတတ်တဲ့ လုပ်ရပ်လေးတစ်ခုကနေ အစပြုခဲ့တဲ့ အသီးအပွင့်တစ်ခုလည်း ဖြစ်ပါတယ်။

Ref : CBS News : Little Girl Uses All Her Savings

SawYwan (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top