၁၈ နှစ်ပြည့်မှ စားလို့ရတဲ့ အာလူးကြော်အစပ်တစ်ထုပ်ကို ဝေမျှစားခဲ့တဲ့ ဂျပန်ကျောင်းသား/သူ ၁၄ ယောက် ဆေးရုံ ရောက်

20.7.2024-yyl-1.png

အာလူးကြော်အစပ် တစ်ထုပ်ကို ဝေမျှစားခဲ့ကြတဲ့ ဂျပန်နိုင်ငံမှ အထက်တန်းကျောင်းသား/သူ ၁၄ ယောက်ဟာ ဗိုက်အောင့်၊ အော့အန်၊ ပါးစပ်နာ ဝေဒနာတွေ ခံစားခဲ့ရပြီး ဆေးရုံ ရောက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရှိတဲ့ ရိုကူဂိုကိုကာအထက်တန်းကျောင်းမှ ပထမနှစ် ကျောင်းသား/သူ ၃၃ ယောက်ဟာ Bhut Jolokia ငရုပ်သီးအစပ် ထည့်ထားတဲ့ အာလူးကြော်အစပ်ထုပ် တစ်ထုပ်ကို ဝေမျှစားခဲ့ကြတာဖြစ်ပြီး သူတို့ထဲမှ ကျောင်းသူ ၁၃ ယောက်နဲ့ ကျောင်းသားတစ်ယောက်တို့ ဝေဒနာခံစားခဲ့ရလို့ ဇူလိုင်လ ၁၆ ရက်၊ မွန်းလွဲ ၁၂း၄၀ မိနစ်အချိန်မှာ အရေးပေါ်ဌာနကို ဖုန်းဆက်အကြောင်းကြားခဲ့ရပါတယ်။

Bhut Jolokia ငရုပ်သီးဟာ ကမ္ဘာ့အစပ်ဆုံး ငရုပ်သီးအဖြစ် ဂင်းနက်စ်စံချိန် တင်ထားတာပါ။ ကျောင်းသား/ကျောင်းသူ ၁၄ ယောက်ဟာ ဆေးရုံတက်ခဲ့ရပေမဲ့ ကုသမှုခံယူပြီးနောက် ရောဂါသက်သာသွားလို့ အဲဒီနေ့မှာပဲ ဆေးရုံကနေ ပြန်ဆင်းနိုင်ခဲ့ပါတယ်။

အဲဒီအာလူးကြော်အစပ်ကို အိုင်ဘာရာကီစီရင်စုမှာရှိတဲ့ Isoyama ကော်ပိုရေးရှင်းကနေ ထုတ်လုပ်ရောင်းချတာဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူတွေသာ စားသင့်တဲ့ အာလူးကြော်လို့ တံဆိပ်ရိုက်ထားပါတယ်။ ဒါ့အပြင် သွေးတိုးရှိသူတွေ၊ အစာအိမ်မကောင်းသူတွေ မစားသင့်ဘူး၊ များများစားရင် ဗိုက်အောင့်နိုင်လို့ တစ်ယောက်တည်းမစားဘဲ တခြားသူတွေနဲ့ ဝေမျှစားဖို့ပါ သတိပေးထားပါသေးတယ်။ အဲဒီအနေအထားမှာ ကျောင်းသား/သူတွေအနေနဲ့ ဒီအာလူးကြော်ထုပ်ကို ဘယ်လို ရရှိခဲ့သလဲဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။

Ref:Over a Dozen Students Hospitalized After Eating Ghost Pepper-Infused Chips
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top