ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်ခဲ့ရတဲ့မိဘတွေက မွေးကင်းစကလေး အမြွှာသားလေး (၂) ဦးကို ရက် (၂၀) ကြာမှ လူချင်းတွေ့ခွင့်ရ

28-4-2020-yyl-022.jpg

မီချီဂန်ပြည်နယ်က ဂျန်နီဖာ လော်ဘတ်ချ် ဆိုသူအမျိုးသမီးဟာ ဧပြီလ ၃ ရက်နေ့မှာ မစ်ချယ်လ် နဲ့ မက်ခ်ဆင် ဆိုတဲ့ သားအမြွှာလေးကို မွေးဖွားပေးခဲ့ပါတယ်။ ဒါပေမဲ့ သူ့နဲ့သူ့ခင်ပွန်း အန်ဒရီတို့ဟာ COVID-19 ကို တွန်းလှန်နေရတဲ့အတွက် ဧပြီလ ၂၃ ရက်နေ့ထိတိုင်အောင် သားအမြွှာလေးကို လူချင်းတွေ့ခွင်မရခဲ့ပါဘူး။ အာမခံကုမ္ပဏီမှာအလုပ်လုပ်တဲ့ ဂျန်နီဖာက ကိုယ်ဝန် (၈) လနဲ့မို့ အိမ်မှာနေဖို့ စည်းမျဉ်းတွေမချမှတ်ခင် မတ်လ အလယ်မှာ အိမ်ကနေ အလုပ်လုပ်ပြီး Quarantine ဝင်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ သူ အိမ်ကနေ အလုပ်လုပ်ခဲ့ပြီး ရက်အနည်းငယ်မှာ အသက်ရှုရခက်တာ၊ ပြင်းပြင်းထန်ထန်ချောင်းဆိုးတာလို လက္ခဏာရပ်တွေစတင်ခံစားခဲ့ရပါတယ်။ သူ့ခင်ပွန်း အန်ဒရီကလည်း အလားတူလက္ခဏာမျိုးကို ခံစားခဲ့ရပြီး သူက ပိုပြီး ပြင်းထန်ခဲ့ပါတယ်။

သူတို့ဇနီးမောင်နှံက COVID-19 ရောဂါ စစ်ဆေးခံခဲ့ရပြီး ဧပြီလ ၂ ရက်နေ့မှာ ဂျန်နီဖာ ရေမြွှာပေါက်ပြီး မိနစ်အနည်းငယ်မှာ ဓာတ်ခွဲအဖြေရရှိခဲ့ပါတယ်။ သူ့ကိုယ်ဝန်က (၃၂) ပတ်ပဲရှိပါသေးတယ်။ “အရမ်းစောလွန်းတယ်၊ အရမ်းစောလွန်းတယ်လို့ ကျွန်မ ဆက်ပြောနေခဲ့ပါတယ်။ အန်ဒရီက ဆေးရုံကို ဖုန်းခေါ်ခဲ့ပြီး သူ ဆေးရုံနဲ့ဖုန်းပြောနေစဉ်မှာ အန်ဒရီ COVID-19 ရောဂါရှိနေကြောင်း ဖုန်းလက်ခံရရှိခဲ့ပါတယ်။ ကျွန်မစစ်ဆေးချက်က ပိုးမတွေ့ပါဘူးတဲ့။ ဒါပေမဲ့ ဒါက အဖြေအမှားကြီးပါ” လို့ ဂျန်နီဖာကပြောပါတယ်။

ဆေးရုံသွားဖို့အတွက် ပြင်ဆင်နေတုန်းမှာ အန်ဒရီက ရောဂါပြင်းထန်နေတဲ့အတွက် စကားလည်းမပြောနိုင်တော့ဘဲ အသက်ရှုကျပ်နေခဲ့ပါတယ်။ ဒါကြောင့် ဂျန်နီဖာက အန်ဒရီကို ခေါ်ပြီး ဆေးရုံကို သူကိုယ်တိုင်ကားမောင်းကာ သွားဖို့လုပ်ခဲ့ပါတယ်။ ဂျန်နီဖာ မီးဖွားမယ့်ဆေးရုံက အန်ဒရီရဲ့ရောဂါအခြေအနေကြောင့် ဆေးရုံထဲဝင်လို့မရတာကို သိရှိခဲ့တဲ့အတွက် ဂျန်နီဖာက သူ့အစ်ကိုကို ခေါ်ပြီး အန်ဒရီနဲ့ နေစေခဲ့ပါတယ်။ သူကတော့ ကလေးမီးဖွားဖို့အတွက် ဆေးရုံကို (၂၅) မိနစ်လောက် သူ့ကိုယ်တိုင် ကားမောင်းသွားခဲ့ရပါတယ်။

ဂျန်နီဖာ ဆေးရုံရောက်တော့ သူ့မှာ ရောဂါပိုးရှိတဲ့အတွက် သီးသန့်အခန်းထဲမှာ သူ့ကို ဆရာဝန်တွေက စောင့်ဆိုင်းစေခဲ့ပါတယ်။ နောက်နေ့မနက် ၅ နာရီခွဲလောက်မှာ ခွဲခန်းထဲဝင်ရပြီး အမြွှာသားလေးကို မွေးဖွားနိုင်ခဲ့ပါတယ်။ ဘာပြဿနာမှ မရှိဘဲ မွေးဖွားနိုင်ခဲ့ပေမဲ့ မွေးကင်းစကလေးတွေကို COVID-19 ဖြစ်မှာဆိုးတဲ့အတွက် အထူးကြပ်မတ်ခန်းမှာ သီးသန့်ထားခဲ့ပြီး ဂျန်နီဖာက သူတို့ကို ထိတောင်မထိလိုက်ရပါဘူး။ COVID-19 ရောဂါကို နောက်မှ တွေ့ခဲ့တဲ့ ဂျန်နီဖာက ကလေးမွေးဖွားပြီး (၂)ရက်အကြာမှာ ဆေးရုံက ဆင်းခဲ့ပေမဲ့ မီးဖွားတဲ့ဒဏ်ပြန်ပေါ်လာပြီး သွေးပေါင်ချိန်တိုးလာတဲ့အတွက် ဆေးရုံပြန်တက်ခဲ့ရပါတယ်။ ဂျန်နီဖာ ပြန်ကောင်းမွန်လာပြီး ဆေးရုံကဆင်းခဲ့ပါတယ်။ ဒါပေမဲ့ သူနဲ့အန်ဒရီတို့နှစ်ယောက်လုံးက COVID-19 ပိုးမရှိတော့ပေမဲ့ သူတို့ကလေးတွေကို Video Call ကနေတဆင့် မြင်တွေ့ခွင့်ရခဲ့ပါတယ်။ နောက်ပိုင်းမှာ သူတို့ကို ကလေးတွေနဲ့ ပထမဆုံးလူချင်းတွေ့ခွင့်ရအောင် လုပ်ပေးတဲ့ သူနာပြုကိုလည်း ဂျန်နီဖာက ကျေးဇူးတင်ခဲ့ပါတယ်။

COVID-19 မရှိတော့တဲ့ သူတို့နှစ်ယောက်ဟာ ဧပြီလ ၂၃ ရက်နေ့ကကလေးတွေနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်တဲ့အနေနဲ့ အိမ်မှာပြ နေကြရတဲ့အတွက် ကလေးတွေကတော့ သူတို့ရဲ့အဘိုးအဘွားတွေ၊ ဆွေမျိုးတွေနဲ့ တွေ့ခွင့်မရနိုင်သေးပါဘူး။ “ကျွန်မ လူတွေကို ဒီဗိုင်းရပ်စ်ကို ပြင်းပြင်းထန်ထန်မဖြစ်စေချင်ပါဘူး။ သင့်ချစ်တဲ့သူတွေကိုလည်း ရောဂါကူးစက်ခံရအောင်မလုပ်မိပါစေနဲ့။ ဇာတ်သိမ်းမလှခဲ့တဲ့သူတွေအားလုံးအတွက် ကျွန်မ စိတ်မကောင်းဖြစ်မိပါတယ်” လို့ ဂျန်နီဖာက ပြောပါတယ်။ ဂျန်နီဖာက COVID-19 ရောဂါကို ဘယ်နေရာကနေ ဘယ်လိုရခဲ့လဲဆိုတာ အခုထိမသိသေးဘူးလို့ ဆိုပါတယ်။

Ref: Parents who beat COVID-19 meet their twin sons 20 days after birth

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top