ရောင်ပြန်ဟပ်တဲ့ စေတနာ

17-5-2022-yyl-09.jpg

လှေကို ဆေးသုတ်ပေးဖို့ လှေပိုင်ရှင်က သူ့ကို အလုပ်အပ်တယ်။ စုတ်တံနဲ့ ဆေးဘူး ဝယ်ပြီး လှေပိုင်ရှင် လိုချင်တဲ့အတိုင်း အနီရောင်တောက်တောက်လေး သုတ်ပေးလိုက်တယ်။ ဆေးသုတ်နေရင်းနဲ့ လှေဝမ်းဗိုက်မှာ အပေါက်လေးတစ်ပေါက် ပေါက်နေတာကို သတိထားမိတာနဲ့ အပေါက်လေးကိုပါ ဖာပေးလိုက်တယ်။ လှေတစ်စီးလုံး ဆေးသုတ်ပြီးသွားတော့ လက်ခငွေယူပြီး သူ ပြန်လာခဲ့တာပေါ့။

နောက်နေ့ကျတော့ လှေပိုင်ရှင်က သူ့ဆီလာပြီး ချက်လက်မှတ်တစ်စောင်ပေးတယ်။ ချက်လက်မှတ်ထဲမှာ ရေးထားတဲ့ငွေပမာဏက တော်တော်များတယ်။ ဒီတော့ ဆေးသုတ်သမားလည်း အံ့အားသင့်နေတာပေါ့။ ” ကျွန်တော့်ကို မနေ့က ဆေးသုတ်ခ ပေးပြီးသွားပါပြီခင်ဗျာ” လို့ ပြောတော့ ” ဒါက ဆေးသုတ်ခ ပေးတာမဟုတ်ပါဘူး။ လှေအပေါက်ကို ဖာပေးလို့ ပေးတာပါ” လို့ လှေပိုင်ရှင်က ပြန်ပြောသတဲ့။

” အော် ရပါတယ် ဆရာ။ ကျွန်တော် လုပ်ပေးတာ အသေးအဖွဲလေးပါ။ ဒီလောက်အများကြီး ပေးစရာမလိုပါဘူး” ဆိုတော့မှ လှေပိုင်ရှင်က ဖြစ်ကြောင်းကုန်စင် ရှင်းပြတယ်။ ” ဖြစ်ပျက်ခဲ့တာတွေကို မိတ်ဆွေကြီးက မသိသေးဘူးဆိုတော့ ကျွန်တော် ရှင်းပြပါ့မယ်။ လှေကို ဆေးသုတ်ခိုင်းတုန်းက လှေဝမ်းဗိုက်မှာ အပေါက်ရှိနေတာကို မပြောလိုက်မိဘူး။ ဆေးခြောက်သွားတာနဲ့ ကျွန်တော့်ကလေးတွေက လှေကိုယူပြီး ငါးမျှားထွက်ကြတယ်လေ။ သူတို့ကလည်း လှေဝမ်းဗိုက်မှာ အပေါက်ရှိနေမှန်း မသိကြဘူး။

အဲဒီအချိန်မှာ ကျွန်တော်ကလည်း အိမ်မှာ မရှိဘူးလေ။ ကျွန်တော် အိမ်ပြန်ရောက်တော့ ကလေးတွေ လှေယူသွားမှန်း သိလိုက်ရတာနဲ့ ထိတ်ခနဲ ဖြစ်သွားတော့တာပေါ့။ လှေဝမ်းဗိုက် ပေါက်နေတာကို ကျွန်တော် သတိရသွားတယ်လေ။ သူတို့တွေ ငါးမျှားထွက်ရာကနေ ဘေးမသီ ရန်မခဘဲ ပြန်လာတာ မြင်လိုက်ရတော့ ကျွန်တော် ဘယ်လောက်တောင် ပျော်သွားလဲဆိုတာ မိတ်ဆွေကြီး တွေးကြည့်လိုက်ပေါ့ဗျာ။

လှေကို ပြေးကြည့်လိုက်တော့မှ မိတ်ဆွေကြီးက အပေါက်ဖာပေးထားမှန်း သိတာ။ အခုတော့ မိတ်ဆွေကြီးလည်း ဖြစ်ကြောင်းကုန်စင် သိရပါပြီ။ ကျွန်တော့်ကလေးတွေအသက်ကို မိတ်ဆွေကြီး ကယ်ပေးလိုက်တာပဲ။ ခင်ဗျားပြောတဲ့ စေတနာအသေးအဖွဲလေးအတွက် ကျွန်တော်ပေးတဲ့ငွေပမာဏက အများကြီးနည်းပါတယ်။ ( အဲဒီစေတနာကို ထိုက်ထိုက်တန်တန် ပြန်ပေးဆပ်ဖို့ ဆိုရင် ကျွန်တော့်ပိုင်ဆိုင်မှုနဲံတောင် မလောက်ပါဘူး)။

သင်ခန်းစာ
ဘယ်သူ့ကိုမဆို ဘယ်အချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီပေးလိုက်ပါ။ ကိုယ်တွေ့တဲ့ အပြစ်အနာအဆာ၊ ချွတ်ယွင်းချက်တွေကို ပြုပြင်ဖာထေးပေးလိုက်တာဟာ တခြားသူတွေအတွက် ဘဝတစ်သက်တာ မေ့မရနိုင်တဲ့ ကူညီမှု ဖြစ်သွားနိုင်ပါတယ်။ ကိုယ်စွမ်းသလောက် အကောင်းဆုံး လုပ်ပေးခြင်းဟာ ကြီးမားတဲ့ အပြောင်းအလဲတွေကို ဖြစ်စေလို့ပါပဲ။ တချိန်မှာ ကိုယ့်ရဲ့စေတနာကလည်း အံ့အားသင့်ဖွယ် ရောင်ပြန်ဟပ်လာပါလိမ့်မယ်။

Ref: Red Boat! An Inspiring Story About Helping Others

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top