အလုပ်နဲ့လက်တွေ့ဘဝ (Work and Life balance) ညီမျှအောင် ဘယ်လိုလုပ်ကြမလဲ

01feb1804.jpg

အလုပ်ကြိုးကြိုးစားစား လုပ်တာ ကောင်းပါတယ်။ အခုလိုခေတ်ကြီးထဲမှာ အလုပ်တစ်ခုခုကို ရေရေရာရာ မဆုတ်မနစ်ကြိုးစားလုပ်နိုင်မှ တော်ကာကျမှာဖြစ်ပါတယ်။

ဒါပေမယ့် လူသားတစ်ယောက်မှာလည်း အလုပ်လုပ်နိုင်တဲ့အတိုင်းအတာ ရှိပါတယ်။ လူဆိုတာ သွေးနဲ့ကိုယ်သားနဲ့ကိုယ်ဖြစ်တာမို့ ကျန်းမာရေးအတွက် စိတ်ပျော်ရွှင်မှုအတွက်လည်း အချိန်ပေးသင့်ပါတယ်။ အလုပ်ခွင်နဲ့ လက်ရှိလူနေမှုဘဝ ညီမျှအောင်နေထိုင်တတ်ဖို့ဆိုတာကိုလည်း လုံးဝမေ့မထားသင့်ပါဘူး။ ရိုးရာလေးစာဖတ်သူတို့ အလုပ်ခွင်နဲ့ပြင်ပဘဝ ညီမျှအောင်နေထိုင်တတ်စေဖို့ အကြံလေးတချို့ပေးလိုက်ပါတယ်။

၁။ အလုပ်ချိန်ကို တိတိကျကျသတ်မှတ်ထားပါ

ဝန်ထမ်းတော်တော်များများကတော့ ရုံးတက်ရုံးဆင်းချိန်သတ်မှတ်ထားတာ များပါတယ်။ အလုပ်ချိန်အတွင်းမှာ အလုပ်ကို ကြိုးကြိုးစားစားလုပ်ပြီး ရုံးဆင်းချိန်တွေမှာ လုံးဝ relax လုပ်ပစ်လိုက်သင့်ပါတယ်။ ဥပမာ မိမိကြိုက်နှစ်သက်ရာတစ်ခုခုကိုလုပ်တာမျိုး၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ စကားစမြည်ပြောဆိုတာမျိုး၊ ရုပ်ရှင်ကြည့်တာမျိုးပေါ့။ အဲဒီအချိန်မှာတော့ အလုပ်ကိစ္စဆိုတာကြီးကို လုံးဝခေါင်းထဲကထုတ်ထားသင့်ပါတယ်။ ကိုယ်ပိုင်အလုပ်လုပ်သူများလည်း အလုပ်ချိန်ကိုသတ်မှတ်ထားပြီး ဒီအချိန်ပြီးရင်တော့ ကိုယ်ပိုင်အချိန်လေးထားပြီး ကိုယ်ဝါသနာပါရာတစ်ခုခုကို လုပ်နေလိုက်ပါ။

၂။ အားကစားလုပ်ပါ

အလုပ်မလာခင် မနက်စောစောလမ်းထလျှောက်တာမျိုး၊ Gym သွားတာမျိုး၊ မနက်ခင်းရေမချိုးခင် လေ့ကျင့်ခန်းတစ်ခုခုလုပ်ပြီးမှချိုးတာမျိုး စတာတွေဟာ ခန္ဓာကိုယ်ကို ပေါ့ပါးလန်းဆန်းစေတဲ့အပြင် တစ်နေ့တာလုံးလည်း အလုပ်ခွင်မှာ နိုးကြားတက်ကြွနေပါတယ်။ မနက်ခင်းစောစောထဖို့တော့ ညဘက်စောစောအိပ်ဖို့တော့လိုတာပေါ့နော။ ညဘက်တွေမှာလည်း အရမ်းညဉ့်နက်တဲ့အထိမနေပဲ စောစောအနားယူပါ။ မနက်ခင်းစောစောမထနိုင်တဲ့သူတွေကိုတော့ ညနေဘက် ရုံးဆင်းချိန်အားကစားတစ်ခုခုလုပ်စေချင်ပါတယ်။

၃။ လေ့လာသင်ယူပါ

အလုပ်နဲ့သက်ဆိုင်သည်ဖြစ်စေ၊ အခြားဘာသာရပ်တစ်ခုခုပဲဖြစ်စေ အမြဲလေ့လာသင်ယူနေသင့်ပါတယ်။ ဒါက ကိုယ့်ရဲ့အလုပ်မှာ အသုံးဝင်ကောင်းဝင်လာနိုင်သလို စိတ်ပိုင်းဆိုင်ရာလည်း ပိုမိုတိုးတက်စေပါတယ်။ တခြားသူတွေနဲ့ ယှဉ်လိုက်ရင်လည်း အကြားအမြင်ဗဟုသုတများခြင်းက ကိုယ့်ကိုနောက်ကျကျန်မနေခဲ့အောင် ကူညီပေးမှာပါ။

၄။ အမြင်တစ်မျိုးနဲ့နေကြည့်ပါ

နေ့စဉ်လူနေမှုဘဝထဲက ခဏလောက်ရုန်းထွက်ကြည့်ပြီး ကိုယ်မနေဖူးတဲ့ နေထိုင်မှုပုံစံလေးနဲ့ ပိတ်ရက်တွေမှာ နေကြည့်ပါ။ နေ့ချင်းပြန်ခရီးတိုလေးတွေထွက်တာမျိုး၊ ဘတ်စကားတွေနေ့တိုင်းတိုးစီးနေရတော့ မွန်းကြပ်တာတွေဖြစ်ရင် အပျော်စီးသင်္ဘောစီးကြည့်တာမျိုး၊ တောင်တက်တာမျိုး၊ မိသားစုရှိရင် တစ်မိသားစုလုံး ပျော်ပွဲစားအသေးစားလေးထွက်တာမျိုးစသဖြင့် လုပ်ကြည့်ပါ။ တန်ဖိုးရှိတဲ့အမှတ်တရလေးတွေ ဖန်တီးကြည့်ပါ။ ဒါတွေက ပင်ပန်းမှုတွေကြားက အလုပ်တွေနဲ့ရှေ့ဆက်နိုင်ဖို့ အားအင်တွေဖြစ်လာမှာမို့လို့ပါ။

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top