လျစ်လျူရှု မထားသင့်တဲ့ သွေးခဲခြင်း လက္ခဏာများ

blood-clot-warning-signs.jpg

ကျွန်မတို့ ထိခိုက်ရှနာ ဖြစ်တဲ့ အခါ သွေးခဲသွားမှ သွေးတိတ်ပါတယ်။ လက်ချောင်းမှာ ဓားရှမိတဲ့အခါ သွေးက တဖြည်းဖြည်းခဲသွားပြီး အနာပေါ်မှာ ဘုသီးမာမာလေးလို ဖြစ်သွားတဲ့အခါ သွေးတိတ်သွားပါတယ်။ ဒီလိုမျိုး သဘာဝနည်းနဲ့ သွေးတိတ်သွားတာကတော့ ကောင်းပါတယ်။

ဒါပေမယ့် မခဲသင့်တဲ့နေရာမှာ သွေးကခဲနေခဲ့ရင် မကောင်းတဲ့ ပြသနာတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာ- သွေးကြောထဲမှာ သွေးခဲသွားတာမျိုးပေါ့။
ခန္ဓာကိုယ်မှာ သွေးခဲတွေရှိရင် အရမ်းအန္တရာယ်များပြီး အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ဦးနှောက်သွေးကြောပိတ်ရတဲ့ အဓိက အကြောင်းရင်းက သွေးခဲတွေကြောင့်ပါ။ နှလုံးက သွေးလွှတ်ကြောတွေ ပထမဆုံးသွားတဲ့နေရာက ဦးနှောက်သွေးကြောဆီကိုပါ။ ဒါကြောင့် နှလုံးထဲက သွေးခဲတွေသာ ဦးနှောက်သွေးကြောဆီရောက်သွားရင် ဦးနှောက်သွေးကြောပိတ်နိုင်ပါတယ်။

သွေးခဲခြင်းနဲ့ ပတ်သက်တဲ့ အရေးပေါ် လက္ခဏာတွေကို သတိပြုမိမယ်ဆိုရင် သင့်ရဲ့ အသက်ရော၊ အခြားသူတွေရဲ့ အသက်ကိုရော ကယ်တင်ကောင်း ကယ်တင်နိုင်ပါတယ်။ ဘယ်လိုလက္ခဏာတွေလဲဆိုတာ ကြည့်ကြမယ်နော်…

ခြေ၊ လက်အင်္ဂါ ရောင်ရမ်းခြင်း

ခြေထောက် ဒါမှမဟုတ် လက် တစ်ခုခုမှာ ရောင်ရမ်းနေတယ်ဆိုတာ သွေးကြောထဲမှာ သွေးခဲတာ တော်တော်များနေပြီဆိုတာ ပြသနေတာပါ။ ဒီသွေးခဲက ခန္ဓာကိုယ် အင်္ဂါတွေဆီ အောက်ဆီဂျင်ပို့ဆောင်ခြင်းကို အတားအဆီးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် သွေးလည်ပတ်မှု မကောင်းတဲ့အတွက် ရောင်ရမ်းမှုတွေ ဖြစ်လာတာပါ။ ခြေထောက်၊ လက်ထောက်တွေ အထိမခံနိုင်အောင် နာကျင်နေရင်လည်း ဒါက သွေးခဲနေတာကို ပြသနေတာပါ။

သွေးကြောတစ်လျှောက် အနီအစင်းကြောင်းတွေပေါ်လာခြင်း

သွေးခဲတွေက သင့်အရေပြားတစ်လျှောက် အနီအစင်းကြောင်းတွေ ထစေပြီး အဲ့နေရာကို ထိလိုက်ရင် နွေးနွေးလေး ဖြစ်နေတတ်ပါတယ်။ သွေးကြောတစ်လျှောက် လိုက်ပြေးနေတာဖြစ်လို့ အထူးသတိထားသင့်ပါတယ်။ အနီကြောင်းလေး တွေထနေတဲ့ အရေပြားကို ထိလိုက်ရင် ပတ်ပတ်လည်က အရေပြားထက် ပိုနွေးနေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ဒါကို အင်ပျဉ်ထတာ ဖြစ်မှာပါလို့ သင်က ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီ အနီစင်းကြောင်းလေး ထနေတဲ့ အရေပြားက နွေးနေပြီး သွေးကြောတစ်လျှောက် သွားနေမယ်ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နှင့် သွားပြဖို့ လိုနေပါပြီ။

ရင်ဘတ်နာကျင်ပြီး အသက်ရှူရကျပ်ခြင်း

အဆုတ်ထဲမှာ ဖြစ်တဲ့သွေးခဲတွေက လူကို သေစေနိုင်ပါတယ်။ ဒါကြောင့် အသက်ရှူရကျပ်လာပြီး အဆုတ်ထဲမှာ နာကျင်နေတယ်လို့ ခံစားနေရပြီဆိုရင်တော့ ဆရာဝန်နှင့် သွားပြပါ။

အသက်ရှူရခက်ခြင်း

ပုံမှန်ထက် အသက်ရှူရ ပိုခက်လာတယ်လို့ခံစားရတာမျိုး၊ လေတဝကြီးရှူရမှ နေသာထိုင်သာရှိတာမျိုး ဖြစ်သွားတာက သွေးခဲတာကို ပြနေတာပါ။ အသက်ရှူရခက်နေရင် ရင်ခေါင်းထဲမှာ တလှပ်လှပ်ဖြစ်ပြီး မူးဝေထိုင်းမှိုင်းခြင်းနှင့် နှလုံးခုန်မြန်ခြင်းတို့ ဖြစ်စေပါတယ်။ ဒီလိုမျိုးတွေ ဖြစ်နေတယ်ဆိုရင် တော့ ဆရာဝန်ဆီ မြန်မြန် ပြေးပါ။

ချောင်းဆိုးခြင်း

တကယ်တော့ အအေးမိပြီး ဖျားနာရင်လည်း ချောင်းဆိုးတာပါ တွဲပါလာနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုမှမဟုတ်ဘဲ အကြောင်းရင်းမရှိ ချောင်းဆိုးနေတယ်ဆိုရင်တော့ ဒါက သွေးခဲနေတာကို ပြသတဲ့ လက္ခဏာပါ။ ချောင်းဆိုးခြင်းနှင့် အတူ အသက်ရှူရကျပ်လာမယ်၊ နှလုံးတွေခုန်ပြီး ခေါင်းမူးလာတယ်ဆိုတာ အဆုတ်ထဲမှာ သွေးခဲနေကြောင်း ပြသတဲ့ လက္ခဏာတွေပါ။

မူးဝေအော့အန်ခြင်း

အအေးမိ တုပ်ကွေး ဖြစ်နေရင်လည်း မူးဝေ အော့အန်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သွေးခဲလို့ အော့အန်မူးဝေတာက ပိုပြီးဆိုးပါတယ်။ ဒီလက္ခဏာတွေက ရက်အနည်းငယ်အတွင်း ပိုပြီး မသက်သာလာဘူးဆိုရင်တော့ ဆရာဝန်ဆီ သွားပြပါ။ ဒါက ဝမ်းဗိုက်ထဲမှာ သွေးခဲနေတယ်ဆိုတာပြသနေပြီး မကုသဘဲထားရင် ပိုဆိုးသွားနိုင်ပါတယ်။

ခေါင်းကိုက်ခြင်း

ခေါင်းကိုက်ပျောက်ဆေးတွေသောက်လည်း ခေါင်းကိုက်မပျောက်ဘဲ ခဏခဏ ပြန်ဖြစ်တယ်ဆိုရင် ဒါက သွေးခဲဖြစ်နေတယ်ဆိုတာ ပြသတာပါ။
သွေးခဲခြင်းနှင့် ပတ်သက်ပြီး အခု ပြောပြထားတဲ့ ရှေ့ပြေး လက္ခဏာတွေထဲက တစ်ခုခု သင်ခံစားနေရတယ်ဆိုရင် ဆရာဝန်နှင့် အမြန်ဆုံး သွားရောက်ပြသပါလို့ အကြံပေးပါရစေ။

Ref: Powerofpositivity: 8 Early Warning Signs of A Blood Clot to Never Ignore

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top