ကြက်တူရွေးအရှင်တွေကို ပလတ်စတစ်ဘူးတွေထဲထည့်ပြီး ခိုးထုတ်ဖို့ကြိုးစား

23-11-2020-yyl-003.jpg

ကြက်တူရွေးအရှင်တွေကို ပလတ်စတစ်ဘူးတွေထဲထည့်ပြီး ခိုးထုတ်ဖို့ ကြိုးပမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း ပါပူအာဒေသမှာ ကမ်းကပ်တဲ့ သင်္ဘောတစ်စင်းပေါ်မှာ သေတ္တာပုံးကြီးတစ်လုံးထဲကနေ အသံတွေထွက်နေလို့ သင်္ဘောအမှုထမ်းတွေက ဖွင့်ကြည့်ချိန်မှာ ပလတ်စတစ်ဘူးတွေထဲ ထည့်ခံထားရတဲ့ ကြက်တူရွေးတွေကို တွေ့ခဲ့တာပါ။ ကြက်တူရွေးအရှင် ၆၄ ကောင်၊ အသေ ၁၀ ကောင် တွေ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ နယူးဂီနီနဲ့ ပစိဖိတ်သမုဒ္ဒရာ အနောက်တောင်ပိုင်း ကျွန်းတွေမှာ ကျက်စားလေ့ရှိတဲ့ ဦးခေါင်းအနက် ကြက်တူရွေးမျိုးစိတ်တွေ ဖြစ်ပြီး ထိန်းသိမ်းစောင့်ရှောက်မှုခံနေရတဲ့ မျိုးစိတ်ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ အာရှတိုက်မှာ မျိုးသုဉ်းပျောက်ကွယ်မယ့် အန္တရာယ်ရှိနေတဲ့ ငှက်မျိုးစိတ် အများဆုံးရှိတဲ့ နိုင်ငံဖြစ်ပြီး ငှက်တွေကို တရားမဝင် ကုန်ကူးမှုလည်း မြင့်မားပါတယ်။ ငှက်တွေကို ပြည်တွင်းငှက်ဈေးကွက်မှာ ရောင်းချသလို ပြည်ပကိုလည်း ခိုးထုတ်ကြလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့နံနက်ပိုင်းက ဖက်ဖက်ဆိပ်ကမ်းမြို့မှာ တွေ့ရတဲ့ ကြက်တူရွေးတွေကိုတော့ ဘယ်နေရာကို တင်ပို့လိုက်တာလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။ ဒီဖြစ်ရပ်အတွက်လည်း ဘယ်သူ့ကိုမှ ဖမ်းဆီးနိုင်ခြင်းမရှိသေးပါဘူး။

အင်ဒိုနီးရှားနိုင်ငံမှာ ပလတ်စတစ်ဘူးတွေထဲကို ငှက်အရှင်တွေထည့်ပြီး ကုန်ကူးဖို့ ကြိုးပမ်းမှုကို ဖော်ထုတ်နိုင်တာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်တုန်းကလည်း မျိုးသုဉ်းပျောက်ကွယ်မယ့် အန္တရာယ်ရှိနေတဲ့ ငှက်စာရင်းဝင် ကတ္တဝါငှက် ၂၁ ကောင်ကို ဘူးတွေထဲထည့်ပြီး ခိုးထုတ်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားတစ်ယောက်ကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ကလည်း သားရဲတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ စီးနင်းရှာဖွေမှုတွေကြောင့် လူတော်တော်များများ ဖမ်းဆီးခံခဲ့ရပြီး အလှမွေးငှက် ၁၂၅ ကောင်ကို မြောင်းပိုက်တွေထဲမှာ ဝှက်ထားတာ တွေ့ရှိခဲ့ပါတယ်။

Ref: BBC ” Parrots found stuffed in plastic bottles in Indonesia”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top