လေယာဉ်မှူး သတိလစ်သွားချိန်မှာ လေယာဉ်လုံးဝမမောင်းတတ်တဲ့ ခရီးသည်က လေယာဉ်ကိုထိန်းချုပ်ဆင်းသက်နိုင်ခဲ့

12-5-2022-yyl-01.jpg

လေယာဉ်မှူး သတိလစ်သွားချိန်မှာ လေယာဉ်က ဦးစိုက်ထိုးဆင်းနေပြီ။ လေယာဉ်ပေါ်မှာလည်း လေယာဉ်မှူးရယ်၊ သူရယ်၊ သူ့ဇနီးရယ် ၃ ယောက်ပဲ ပါတယ်။ လေယာဉ်က အင်ဂျင်တစ်လုံးတပ် Cessna 208 လေယာဉ်ငယ်လေး။ သူ့ဇနီးကလည်းကိုယ်လေးလက်ဝန်ကြီးနဲ့။ ဒီအချိန်မှာ သူ အတောင့်တဆုံးဆန္ဒက သူတို့အားလုံး အသက်ဘေးကနေ လွတ်မြောက်ဖို့ပါပဲ။ လေယာဉ်ကို ဘယ်လိုမောင်းရမယ်ဆိုတာ သူမသိဘူး။ လေယာဉ်က ဘယ်နားရောက်နေမှန်းလည်း သူမသိဘူး။ သူသိတာကတော့ မြေပြင်အခြေစိုက် လေကြောင်းထိန်းချုပ်ရေးစင်တာကို ဆက်သွယ်ဖို့ပဲ။

” ကျွန်တော်တို့ ဒုက္ခရောက်နေပြီ။ လေယာဉ်မှူး သတိလစ်သွားလို့ဗျ။ ကျွန်တော်လည်း လေယာဉ် ဘယ်လိုမောင်းရမှန်း မသိဘူး။ ရှေ့မှာတော့ ဖလော်ရီဒါကမ်းရိုးတန်းကို မြင်နေရပြီ။ ဘာလုပ်ရမလဲ” လို့ သူ လှမ်းပြောတယ်။

” လေယာဉ်တောင်ပံတွေကို ဒီအတိုင်း ဆက်ထိန်းထား။ ကမ်းရိုးတန်းအတိုင်း တောင်ဘက်ကိုဖြစ်ဖြစ်၊ မြောက်ဘက်ကိုဖြစ်ဖြစ် မောင်းနေလိုက်၊ ငါတို့ မင်းရဲ့တည်နေရာကို ရှာနေပြီ ” လို့ လေကြောင်းထိန်းချုပ်ရေးစင်တာက ပြန်ပြောတယ်။ အဲဒီအချိန်မှာ လေယာဉ်က အမြင့်ပေ ၉၀၀၀ မှာ ရှိနေတာပါ။

” လမ်းညွှန်မြေပုံလည်း ရှာမရဘူး။ အချက်အလက်တွေက အဲဒီအထဲမှာ။ အဲဒါ ဘယ်လိုလုပ်ရမလဲ သိလား။ ကျွန်တော် လေယာဉ်ကိုလည်း ရပ်အောင် မလုပ်တတ်ဘူး။ ဘာလုပ်ရမှန်းလည်း မသိတော့ဘူး”လို့ သူ ထပ်ပြောတယ်။

ပမ်ဘိချ်နိုင်ငံတကာလေဆိပ်ရဲ့ လေကြောင်းထိန်းချုပ်ရေးမှူး ရောဘတ်မော်ဂန်က သူ့တာဝန်ချိန်ပြီးလို့ နားနေတဲ့အချိန်ပေါ့။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်က အရေးပေါ်အခြေအနေဖြစ်နေကြောင်း လာပြောလို့ သူ ထ,လိုက်လာတယ်။

ရောဘတ်မော်ဂန်က ဝါရင့်လေယာဉ်မောင်းဆရာပဲ။ လေကြောင်းထိန်းချုပ်ရေးစခန်းမှာ အလုပ်လုပ်လာတာ နှစ် ၂၀ ရှိပြီ။ ဒါပေမဲ့ သူကလည်း အင်ဂျင်တစ်လုံးတပ် Cessna 208 လေယာဉ်ကိုတော့ မမောင်းဖူးဘူး။ Cessna 208 လေယာဉ်ကို မမောင်းဖူးပေမဲ့ လေယာဉ်စက်ခန်းထဲက မြေပုံကို ကြည့်ပြီး ဘယ်လို ညွှန်ကြားရမလဲဆိုတာ သူ သိသွားတယ်။

ရောဘတ်မော်ဂန်က သူ့ကို စိတ်အေးအေးထားခိုင်းတယ်။ ပြီးတော့ လေယာဉ်ဆင်းရမယ့်ပြေးလမ်းကို ညွှန်ပြပြီး လေယာဉ်ဆင်းဖို့ စက်ကို အရှိန်ဘယ်လိုသတ်ရမလဲဆိုတာ ပြောပြလိုက်တယ်။ ခလုတ်ကို ရှေ့တွန်းပြီး လေယာဉ်ကို တဖြည်းဖြည်းချင်းဆင်းခိုင်းတယ်။

” သူ ပြန်ပြောတာတော့ မြေပြင်ပေါ် ဘယ်လိုပြန်ရောက်လာလို့ ရောက်လာမှန်းတောင် မသိပါဘူးဗျာတဲ့။ ဒီအခြေအနေကို ဘယ်လိုကျော်လွှားနိုင်ခဲ့တာလဲဆိုပြီး သူ့ကိုယ်သူ အံ့သြနေတယ်” လို့ ရောဘတ်မော်ဂန်က ပြောပါတယ်။

သူတို့နှစ်ယောက် လေယာဉ်ပြေးလမ်းပေါ်မှာ ပွေ့ဖက်နှုတ်ဆက်ခဲ့ကြပြီး ဓာတ်ပုံတွဲရိုက်ခဲ့ပေမဲ့ ရောဘတ်မော်ဂန်က သူ့နာမည်ကို မမေးလိုက်မိဘူး။ စိတ်လှုပ်ရှားနေကြလို့ နာမည်မေးဖို့ သတိမေ့သွားတာဖြစ်မယ်။ ရောဘတ်မော်ဂန်ဆိုရင် ပျော်လွန်းလို့ မျက်ရည်ကျမတတ်ပဲ။ လေယာဉ်လုံးဝ မမောင်းတတ်တဲ့ ခရီးသည်တစ်ယောက်က လေယာဉ်ကို ပြေးလမ်းပေါ် မှန်မှန်ကန်ကန် ဆင်းသက်နိုင်ခဲ့တာမှန်း သိလိုက်ရချိန်မှာ လေကြောင်းထိန်းချုပ်ရေးစင်တာရဲ့ တခြားလေယာဉ်မှူးတွေလည်း အံ့သြတကြီး ဖြစ်နေကြတာပေါ့။

နာမကျန်းဖြစ်ပြီး လေယာဉ်ပေါ်မှာ သတိလစ်သွားတဲ့ လေယာဉ်မှူးကိုတော့ ဆေးရုံပို့လိုက်တယ်။ သူ့အခြေအနေကိုတော့ မသိရသေးဘူး။ အခုချိန်မှာတော့ အမေရိကန်နိုင်ငံရဲ့ သတင်းဌာနတွေက လေယာဉ်ကို အောင်မြင်စွာ ထိန်းချုပ်ဆင်းသက်နိုင်ခဲ့တဲ့ ခရီးသည် ဘယ်သူလဲဆိုတာ သိရဖို့ အပူတပြင်း ရှာဖွေနေကြပါပြီ။

လေကြောင်းပျံသန်းမှုမှတ်တမ်းတင်တဲ့ FlightAware ဝက်ဘ်ဆိုက်ရဲ့ အချက်အလက်တွေအရဆိုရင်တော့ အဲဒီလေယာဉ်ငယ်ဟာ ဘဟားမားစ်ကျွန်းနိုင်ငံ မာ့ရှ်ဟာဘာမြို့ကနေ ပျံသန်းလာခဲ့တာဖြစ်ပြီး တစ်နာရီကျော်အကြာမှာ လေယာဉ်မှူးသတိလစ်သွားတဲ့ အခြေအနေနဲ့ ကြုံခဲ့ရတာပါ။

ပုံစာ – လည်ဆွဲ ဆွဲထားသူမှာ ရောဘတ်မော်ဂန်ဖြစ်ပြီး မျက်မှန်တပ်ထားသူမှာ လေယာဉ်ကို ထိန်းချုပ်ဆင်းသက်နိုင်ခဲ့တဲ့ ခရီးသည်ဖြစ်ပါတယ်။

Ref: NewYorkTimes ” Passenger Lands Small Plane in Florida After Pilot Falls Ill”

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top