ကနေဒါစာပို့ယာဉ်ကို ရှောင်တခင်စစ်ဆေးရာတွင် ပုလင်းထဲထည့်ထားတဲ့ လူ့ဦးနှောက်တစ်လုံး တွေ့ရှိ

yyl-030-11.jpg

အမေရိကန် အကောက်ခွန်အရာရှိတွေက ကနေဒါစာပို့ယာဉ်တစ်စီးကို ရှောင်တခင်စစ်ဆေးရာမှာ ပုလင်းတစ်လုံးထဲကနေ လူ့ဦးနှောက်တစ်လုံးကို တွေ့ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁၄ ရက်က မစ်ချီဂန်ပြည်နယ်နဲ့ ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ်ကြားမှာရှိတဲ့ Blue Water တံတား နယ်စပ်ဂိတ်မှာ လူ့ဦးနှောက် စစ်ဆေးတွေ့ရှိခဲ့တာလို့ အမေရိကန်နိုင်ငံ အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးအဖွဲ့(CBP)က ပြောပါတယ်။ ”ရှေးဟောင်းသင်ကြားရေးနမူနာပစ္စည်း”လို့ ရေးထားတဲ့ ပုံးထဲကနေ လူ့ဦးနှောက်တွေ့ခဲ့တာပါ။ ကနေဒါနိုင်ငံ တိုရွန်တိုမြို့ကနေ ပေးပို့ခဲ့တဲ့ အဲဒီပုံးကို ဝစ်ကိုဆင်ပြည်နယ်၊ ကီနိုရှာမြို့ကို ပို့ဆောင်ရမှာပါ။

အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာများက အလားတူ အရာတွေ တင်ပို့မှုနဲ့ပတ်သက်ပြီး တင်းကျပ်တဲ့စည်းမျဉ်းတွေ ချမှတ်ထားတာကို လူတွေအနေနဲ့ သတိပြုသင့်တယ်လို့ အမေရိကန်နိုင်ငံ အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးအဖွဲ့ရဲ့ ဒေသဆိုင်ရာ ဆိပ်ကမ်းဒါရိုက်တာ မိုက်ကယ်ဖောက်က ပြောပါတယ်။ ၂၀၁၄ ခုနှစ်ကလည်း နိုင်ဂျီးရီးယားနိုင်ငံကနေ ကယ်လီဖိုးနီးယားပြည်နယ်ကို တင်ပို့ခဲ့တဲ့ ပုံးတစ်ခုထဲမှာ အာဖရိက ခရုအရှင် ၆၇ ကောင် ပါဝင်လာတာကို လော့စ်အိန်ဂျလိစ်နိုင်ငံတကာလေဆိပ်မှာ သိမ်းဆည်းရမိခဲ့ဖူးပါတယ်။ ခရုတွေက အန ္တရာယ်ဖြစ်စေနိုင်တဲ့ ကပ်ပါးကောင်တွေ သယ်ဆောင်လာနိုင်ပြီး အမေရိကန်နိုင်ငံထဲ ယူဆောင်လာခွင့် တားမြစ်ထားလို့ မီးရှို့သုတ်သင်ခဲ့ရပါတယ်။ ၂၀၀၆ ခုနှစ်ကလည်း အရီဇိုးနားပြည်နယ်က ကျောက်ဖြစ်ရုပ်ကြွင်းပြပွဲကို ဝင်ရောက်စီးနင်းရာမှာ အာဂျင်တီးနားနိုင်ငံကနေ ခိုးထုတ်လာဖွယ်ရှိတဲ့ ဒိုင်နိုဆောဥတွေအပါအဝင် သမိုင်းဦးခေတ် ကျောက်ဖြစ်ရုပ်ကြွင်း အလေးချိန် ၈ တန်ကို သိမ်းဆည်းရမိခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top