မောင်ဖြစ်သူရဲ့ကိုယ့်ကိုယ်သတ်သေမှုကြောင့် စိတ်ပိုင်းဆိုင်ရာဖြေလျော့ပေးနိုင်တဲ့ အပြေးအဖွဲ့ကို ဖွဲ့စည်းဖြစ်ခဲ့တဲ့ အမျိုးသမီး

13-5-2022-yyl-01.jpg

၂၀၁၇ခုနှစ်မှာ စတီဖနီ ဆာဗ်ရီဟာ မောင်ဖြစ်သူ ရီနီကို ဆုံးရှုံးခဲ့ရတယ်။ မောင်ဖြစ်သူက အသက် ၂၂ နှစ်အရွယ်မှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့တာပါ။ သူနေထိုင်တဲ့ ဗြိတိန်နိုင်ငံမှာ ကိုယ့်ကိုယ်ကိုသတ်သေကျတာများပေမဲ့ သူ့မောင်လေး သေဆုံးမှုက သူ့ကို လုံးဝအံ့အားသင့်သွားစေခဲ့တယ်။ ဘာဖြစ်လို့လဲဆိုရင် သူ့မောင်လေးကို ကိုယ့်ကိုယ်ကို သတ်သေမယ်လို့ မထင်ထားခဲ့လို့ပါ။ ရီနီကို ကြည့်လိုက်ရင် အရာရာအဆင်ပြေနေတဲ့ပုံပေါက်နေတာပါ။ ဒါက တကယ်တော့ ဟန်ပြသက်သက်ဖြစ်နေပါတယ်။

စတီဖနီက မောင်ဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အတွက် မျှော်လင့်ချက်ကင်းမဲ့ကာ ထိန်းချုပ်နိုင်စွမ်းမရှိဖြစ်ခဲ့ပါတယ်။ သူ့ဘဝအတွက် တကယ်ကို မှောင်မိုက်တဲ့ကာလဖြစ်ခဲ့တယ်။ အဲဒါကြောင့် သူက စိတ်ပြေပျောက်အောင် အပြင်ထွက်ပြီး အကြာကြီး လမ်းလျှောက်ထွက်ဖို့လုပ်ခဲ့တယ်။ နောက်ပိုင်းမှာ ဖြည်းဖြည်းမှန်မှန်ပြေးတာက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အထောက်အကူဖြစ်မယ်လို့ သိလာခဲ့တယ်။ စတီဖနီက ပြေးတာဟာ ထိန်းချုပ်နိုင်စွမ်းနည်းနည်းပိုရှိလာဖို့ ကူညီပေးနေပြီး စိုးရိမ်ပူပန်မှုတွေကို တော်တော်သက်သာရာရစေဖို့ ကူညီလိမ့်မယ်ဆိုတာကို သတိပြုမိခဲ့တယ်။

အချိန်ကြာလာတာနဲ့အမျှ စတီဖနီက ပြေးတာဟာ ဆိုးရွားတဲ့နေ့ရက်တွေနဲ့ ဝမ်းနည်းကြေကွဲတဲ့အခိုက်အတန့်တွေကို ဖြတ်ကျော်ဖို့ ကူညီပေးတယ်ဆိုတာကို တွေ့ရှိသွားခဲ့တယ်။ အဲဒီလိုနဲ့ ပြေးတာက သူ့ရဲ့ဝမ်းနည်းပူဆွေးမှုနဲ့ ပူပင်သောကတွေ သက်သာအောင် ကူညီပေးတယ်ဆိုရင် အခြားသူတွေကိုလည်း ကူညီပေးနိုင်တယ်လို့ စတီဖနီ တွေးမိခဲ့တယ်။ အဲဒါကြောင့်ပဲ သူက အဖွဲ့လိုက်ပြေးရင်း လူတွေရင်ဆိုင်နေရသမျှ အကြောင်းတွေကို အချင်းချင်း ပြောဆိုနိုင်တဲ့ အပြေးအဖွဲ့ Run4Rene ကို တည်ထောင်ဖြစ်ခဲ့ပါတယ်။

စတီဖနီက သူ့ကောင်လေးနဲ့ တိုင်ပင်ပြီး လက်ကမ်းစာစောင်ကမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူက ပန်းခြံတစ်ဝိုက် ပြေးနေရင်း လက်ကမ်းစာစောင်တွေ ကမ်းခဲ့ပါတယ်။ Run4Rene ကို အရမ်းကောင်းသွားစေတဲ့အရာဟာ အဲဒီနောက်ကွယ်က မက်ဆေ့ချ်တစ်ခုလုံးကဆိုရင် ကြင်နာတတ်တဲ့လူတွေကို ဆွဲဆောင်ခဲ့တာပါပဲ။ အခုဆိုရင် ကမ္ဘာတစ်ဝှမ်းမှာ Run4Rene ၁၁ ဖွဲ့ရှိပါပြီ။ ဗြိတိန်မှာ ၈ ဖွဲ့၊ အမ်စတာဒမ်မြို့၊ ချီလီ၊ နယူးယောက်တို့မှာ ၃ ဖွဲ့ရှိပါတယ်။

ဘယ်နေရာမှာဖြစ်ဖြစ် ဘယ်သူမဆို Run4Rene အဖွဲ့ဖွဲ့နိုင်တာက ကောင်းတဲ့အရာပါပဲ။ လက်ကမ်းစာစောင်၊ လူမှုကွန်ယက်ပို့စ်တွေ၊ အပြေးအင်္ကျီနဲ့အခြားအရာတွေအတွက် ရန်ပုံငွေနဲ့ အဖွဲ့အသစ်တွေကို ထောက်ပံ့ပေးပါတယ်။ အဖွဲ့မှာ စည်းမျဉ်းတစ်ခုရှိပါတယ်။ ဘယ်သူမှ တစ်ယောက်တည်း မပြေးရပါဘူး။ တစ်စုံတစ်ယောက်က တစ်ယောက်တည်းကျန်နေခဲ့ရင်း ကျန်တဲ့သူတွေက စောင့်ပေးဖို့လိုပါတယ်။

၂၀၁၇ခုနှစ်ကတည်းက Run4Rene အဖွဲ့တွေအားလုံးက အမျိုးမျိုးသောစိတ်ပိုင်းဆိုင်ရာပရောဂျက်တွေအတွက် ပေါင် ၁၀၀,၀၀၀ ရှာဖွေခဲ့ပါတယ်။ အခုနှစ် Mental Health Awarness Week 2022 အတွက် စတီဖနီက Hackney Half Marathon မတိုင်ခင် Whatever You Run4 ကမ်ပိန်းကို စတင်ခဲ့ပါတယ်။

“ဒီကမ်ပိန်းရဲ့ရည်ရွယ်ချက်က လူတွေကို ပြေးဖို့အတွက် တွန်းအားပေးဖို့ပါ။ ဒါက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် တကယ်ကောင်းမွန်ပါတယ်။ ကြံ့ခိုင်သန်မာမှုက ဘယ်လောက်ဖြစ်ဖြစ် ဘယ်သူမဆို ဒါကို လုပ်နိုင်ပါတယ်။ ကမ်ပိန်းရဲ့အဓိကအချက်က လူတွေကို သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအကြောင်း ပြောဖို့ တွန်းအားပေးဖို့ပါ။ ကျွန်မတို့ လူတွေနဲ့စကားစမြည်းပြောနိုင်လေလေ ကျွန်မတို့ တစ်ယောက်တည်းအထီးကျန်နေစရာမလိုဘူးဆိုတာ လက်ခံနိုင်ပြီး ကျွန်မတို့ ဖြတ်ကျော်နေရတဲ့အရာတွေနဲ့ ကျွန်မတို့အားလုံး ချိတ်ဆက်နိုင်လေလေပါပဲ”

Ref: Metro “‘We don’t need to be isolated’ – Woman who started jogging to cope with brother’s suicide launches mental health running group”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top