ခေါင်းကို မိကျောင်းကိုက်ခံခဲ့ရပေမယ့် အသက်ဘေးမှလွတ်မြောက်ခဲ့တဲ့ ဩစတြေးလျနိုင်ငံသား

29-1-2021-yyl-24.jpg

ဩစတြေးလျနိုင်ငံ မြောက်ပိုင်းက အမျိုးသားတစ်ဦးဟာ သူ့ရဲ့ခေါင်းကို မိကျောင်းကိုက်ခံခဲ့ရပေမယ့် အသက်ဘေးမှလွတ်မြောက်ခဲ့ပါတယ်။ အသက် ၄၄ နှစ်အရွယ် အဆိုပါ အမျိုးသားဟာ ဩစတြေးလျနိုင်ငံ Queensland ပြည်နယ်မှာရှိတဲ့ ရေကန်အိုင်တစ်ခုမှာ ရေကူးနေစဉ် မိကျောင်းတစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ သူ့ရဲ့ပြောကြားချက်အရ မိကျောင်းဟာ ရေငန်မိကျောင်းဖြစ်ပြီး အရှည် ၁.၅ မီတာ မှ ၂ မီတာ ( ၄.၅ ပေ မှ ၆.၅ ပေ ) လောက် အရွယ်အစားရှိတယ်လို့ သိရပါတယ်။

အဲဲဒီလောက် အရွယ်အစားရှိတဲ့ မိကျောင်း က ခေါင်းကို ကိုက်ခဲ့ပေမယ့် အဆိုပါ အမျိုးသားဟာ ကြီးကြီးမားမား ဒဏ်ရာမရခဲ့ဘူးလို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။ Paul Sweeney လို့အမည်ရတဲ့ အရေးပေါ်သူနာပြုတစ်ဦးကလည်း မိကျောင်းကိုက်ခံရတဲ့ အမျိုးသား ဟာ ဆေးရုံရောက်လာချိန်မှာ အံ့အားသင့်လောက်အောင် အေးဆေးတည်ငြိမ်နေခဲ့တယ်လို့ ပြောပါတယ်။

အဲဒီအကြောင်းကို Paul Sweeney က “ မိကျောင်းက သူ့ခေါင်းကို ကိုက်ခဲ့တဲ့အချိန်မှာ သူ့ရဲ့လက်တွေနဲ့ မိကျောင်းရဲ့ မေးရိုးတွေကို ဖြဲပြီး လွတ်အောင်ကြိုးစားခဲ့တယ်လို့ သူ က ကျွန်တော်တို့ကို ပြောပါတယ်။ မေးရိုးကို ဖြဲလိုက်တော့ သူ့ခေါင်းကပြန်လွတ်ခဲ့ပါတယ်။ ဒါပေမယ့် မိကျောင်း မေးရိုးတွေကို ကိုင်ထားတဲ့ သူ့လက်တွေကို ပြန်ရုတ်သိမ်းဖို့ ကြိုးစားချိန်မှာတော့ မိကျောင်းက ဆတ်ကနဲ ပါးစပ်ကို ပိတ်လိုက်တာကြောင့် သူ့ရဲ့ လက်ညှိုးတစ်ချောင်း တော်တော်လေး ထိခိုက်မိခဲ့ပါတယ် “ လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မိကျောင်းကိုက်ခံခဲ့ရတဲ့ အမျိုးသား ဟာ သူ့လက်တွေနဲ့ မိကျောင်းကို ပြန်လည်တိုက်ခိုက်ခဲ့ပြီးနောက် ကမ်းပါးပေါ်ကို ရောက်အောင် ရေပြန်ကူးလာခဲ့တယ်လို့ သိရပါတယ်။ သူ့ကို ကမ်းပေါ်ရောက်ပြီးမကြာခင်မှာပဲ ဆေးရုံသို့ အမြန်ဆုံးတင်ပို့ခဲ့ပြီး အခုတော့ အသက်အန္တရာယ်မစိုးရိမ်ရတော့ပဲ တည်ငြိမ်နေပြီလို့ သိရပါတယ်။ အဆိုပါ အမျိုးသားဟာ အဲဒီရေကန်ကို ပြီးခဲ့တဲ့ ၈ နှစ်အတွင်း တစ်ပတ်ကို ၃ ခါလောက်လာလေ့ရှိသူဖြစ်ပါတယ်။

Queensland သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာန ကတော့ ဒီဖြစ်ရပ်ကြောင့် မိကျောင်းတွေ ကျက်စားလေ့ရှိတဲ့ နေရာတွေကို သတိထားသွားလာကြဖို့ ပြည်သူတွေကို အသိပေးဖို့ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး အရာရှိတွေကို တိုက်တွန်းပြောခဲ့ပါတယ်။

Queensland မြောက်ပိုင်းဒေသရှိ ရေကြောင်းလမ်းတိုင်းမှာ မိကျောင်းတွေကျက်စားလေ့ရှိတာကြောင့် အဲဒီနေရာတွေမှာ ကနူးလှေ နဲ့ ကယက်လှေ စီးခြင်းကို မလုပ်ကြဖို့ သတိပေးလိုက်ပါတယ်။ ဒါ့အပြင် အပျော်တမ်း ငါးဖမ်းခြင်းကိုလည်း ထုတ်ပြန်ချက်တွေအတိုင်းလိုက်နာပြီး ပြုလုပ်ကြဖို့ အာဏာပိုင်တွေက တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

Ref:BBC:Australian man survives crocodile attack by ‘prising jaws off his head’

ငြိမ်းချမ်း ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top