Peaky Blinders Season 6 မှာ ဒေးဗစ်ဘက်ခမ်း ပါဝင်လာမယ်လို့ သတင်းထွက်နေ

24-6-2020-yyl-037.jpg

‌Peaky Blinders စီးရီးမှာ ဒေးဗစ်ဘက်ခမ်း ပါဝင်လာမလားဆိုတာ ပရိသတ်တွေ သိလိုစိတ်ပြင်းပြနေကြပါတယ်။ Peaky Blinders စီးရီးဟာ ၁၉ ရာစုက ဘာမင်ဂမ်မြို့မှာ ပေါ်ပေါက်ခဲ့တဲ့ Peaky Blinders ဂိုဏ်းအကြောင်း ဇာတ်အိမ်ဖွဲ့ပြီး ရိုက်ကူးထားတာပါ။ Season 5 အထိ ထွက်ရှိထားတဲ့ ဒီစီးရီးဟာ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပြီး ကမ္ဘာကျော်သရုပ်ဆောင်တွေဖြစ်တဲ့ ဆမ်မြူရယ်ဂျက်ဆင်၊ ဘရက်ဒ်ပစ်၊ ဂျူလီယာရောဘတ်၊ ကမ္ဘာကျော်ရက်ပ်အဆိုတော် စနုဒေါ့၊ ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီတို့ကလည်း လူမှုကွန်ရက်ပေါ်မှာ ဒါမှမဟုတ် အင်တာဗျူးဖြေဆိုချိန်မှာ Peaky Blinders စီးရီးကို နှစ်သက်တယ်လို့ ပြောခဲ့ဖူးပါတယ်။ လန်ဒန်ကို ရောက်လာချိန်မှာ စနုဒေါ့ တွေ့ဆုံချင်တဲ့ လူ ၂ ယောက်အနက် တစ်ယောက်ကတော့ Peaky Blinders စီးရီးကို ရိုက်ကူးတဲ့ ဒါရိုက်တာ စတီဗင်နိုက်ပါပဲ။

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ပရိသတ်တွေက Peaky Blinders စီးရီး Season 6 ထွက်လာမယ့်ရက်ကို စောင့်မျှော်နေကြပါတယ်။ ဒီလိုအချိန်မှာ ဗြိတိန်သရုပ်ဆောင် ပေါလ်အန်ဒါဆန် (Peaky Blinders စီးရီးထဲမှာ သောမတ်စ်ရှယ်ဘီရဲ့အစ်ကို အာသာရှယ်ဘီဂျူနီယာအဖြစ် သရုပ်ဆောင်)က Season 6 ကျရင် ဒေးဗစ်ဘက်ခမ်း ပါဝင်လာနိုင်တယ်လို့ အရိပ်အမြွက်ပြခဲ့ပါတယ်။ ပေါလ်အန်ဒါဆန်က စီလီယန်မာဖီ( သောမတ်စ်ရှယ်ဘီ)နဲ့အတူ ဂါရစ်ဆန်အရက်ဆိုင်(Peaky Blinders စီးရီးထဲမှာ ရှယ်ဘီမိသားစုပိုင်ဆိုင်တဲ့ဆိုင်)မှာ အရက်သောက်နေတဲ့ ဓာတ်ပုံကို သူ့ရဲ့အင်စတာဂရမ်ပေါ် တင်ခဲ့ပြီး ” ဟယ်လို၊ စမောဟိသ်ရဲ့ တစ်နေရာမှာတော့ Season 6 အတွက် အသင့်ဖြစ်နေပုံပဲ”လို့ ရေးသားခဲ့ပါတယ်။ အဲဒီပို့စ်မှာ ဒေးဗစ်ဘက်ခမ်း၊ ဒါရိုက်တာ ဂိုင်းရစ်ချီ၊ သရုပ်ဆောင်မင်းသား လူးကပ်စ်ဟက်စ်၊ Twilight ဇာတ်ကားရဲ့မင်းသမီး ဘယ်လာသွန်းတို့ကို Tag တွဲခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Peaky Blinders စီးရီးရဲ့ Season 6 မှာ ဒေးဗစ်ဘက်ခမ်း ပါဝင်လာမယ်လို့ သတင်းထွက်ခဲ့တာပါ။

ဘက်ခမ်းဟာ Peaky Blinders စီးရီးရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး Season 5 မှာ ရိုက်ကွင်းအထိ သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဒေးဗစ်ဘက်ခမ်းနဲ့ ပေါလ်အန်ဒါဆန်က သူငယ်ချင်းတွေပါ။ ဒေးဗစ်ဘက်ခမ်းက Peaky Blinders တွေ ဝတ်ဆင်တဲ့ ဝတ်စုံ၊ ဦးထုပ်တွေနဲ့ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါသေးတယ်။ ဒါပေမဲ့ Peaky Blinders စီးရီးမှာ ပါဝင်သရုပ်ဆောင်ဖြစ်မလားဆိုတာကိုတော့ ဒေးဗစ်ဘက်ခမ်းက အတည်ပြုခြင်းမရှိသေးပါဘူး။ Peaky Blinders စီးရီးရဲ့ Season 6 ကို ၂၀၂၁ ခုနှစ်မှာ ထွက်ရှိဖို့ စီစဉ်ထားပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဗြိတိန်နိုင်ငံမှာ ပိတ်ဆို့မှုလုပ်ခဲ့လို့ ပြီးခဲ့တဲ့မတ်လက ရိုက်ကူးရေးအစီအစဉ်တွေကို ရပ်နားခဲ့ရပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ဗြိတိန်အစိုးရက ပိတ်ဆို့မှုစည်းမျဉ်းတွေကို ဖြေလျှော့လိုက်လို့ လာမယ့်လတွေမှာ ရိုက်ကူးရေး စတင်ဖို့ ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top