ခွေးလေးနဲ့ လင်းပိုင်တို့ရဲ့ နှစ်ရှည် ကြာညောင်းတဲ့ သူငယ်ချင်းသံယောဇဉ်

24-6-2020-yyl-049.jpg

လူတွေက တိရစ္ဆာန်တွေဆီကနေတောင် သင်ယူသင့်တယ်လို့ ပြောတာကို ကြားဖူးကြမှာပါ။ တိရစ္ဆာန်တွေက လူသားတွေထက်တောင် တချို့အရာတွေမှာ တော်ကြပါတယ်။ ဘယ်လောက်သံယောဇဉ်ထားတတ်လဲ၊ ဘယ်လောက်သစ္စာရှိတတ်လဲဆိုတာကို တချို့တိရစ္ဆာန်တွေက ပြသတတ်ပါတယ်။ အခုလည်း လင်းပိုင်နဲ့ ခွေးလေးတို့ကြားက သူငယ်ချင်းဆက်ဆံရေးကတော့ အံ့သြစရာပါပဲ။

လင်းပိုင်တွေက လူတွေနဲ့ ရောနှောနေတတ်ပြီး လူတွေရဲ့အသက်ကိုတောင် ကယ်တဲ့သတ္တဝါမျိုးပါ။ ခွေးဆိုရင်လည်း လူတွေအတွက် အပေါင်းအဖော်ဖြစ်တဲ့အပြင် လူတွေအပေါ်မှာလည်း သစ္စာရှိတဲ့ တိရစ္ဆာန်မျိုးပါပဲ။ လူတွေအတွက် အကျိုးပြုတဲ့ ရေနေသတ္တဝါနဲ့ ကုန်းနေသတ္တဝါတို့ သူငယ်ချင်းသံယောဇဉ်ကို လူသားတွေ အတုယူဖို့ကောင်းပါတယ်နော်။ ဖလော်ရီဒါပြည်နယ်က ဒယ်လ်တာ ဆိုတဲ့လင်းပိုင်နဲ့ ဂန်နာ ဆိုတဲ့ခွေးလေးတို့ရဲ့ပုံတွေဟာ မကြာသေးခင်ကမှ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီး မြင်ရသူတိုင်းကို ရင်ထဲအေးသွားစေတာကြောင့် နာမည်ကြီးလို့နေပါတယ်။

လင်းပိုင်နဲ့ ခွေးလေးတို့ကြားက သူငယ်ချင်းဆက်ဆံရေးကို ပြနေတဲ့ အဲဒီပုံကို တွစ်တာအသုံးပြုသူ ကန် (Ken) က မျှဝေခဲ့တာပါ။ ကန်က ဂိုးလ်ဒင်း ရီထရီဗာခွေးလေးဟာ သူ့သူငယ်ချင်း လင်းပိုင်လေးကို လျှာနဲ့ ရက်နေတဲ့ပုံလေးကို ဇွန်လ ၁၇ ရက်နေ့က တင်ခဲ့တာဖြစ်ပါတယ်။ တင်ပြီး တစ်ပတ်အကြာမှာတော့ အဲဒီပို့စ်က Like (၁.၃) သန်းနဲ့ ပြန်လည်မျှဝေသူ (၂) သိန်းကျော်ရှိသွားခဲ့ပါတယ်။ တွစ်တာအသုံးပြုသူတွေက လင်းပိုင်နဲ့ခွေးလေးတို့ရဲ့သူငယ်ချင်းဆက်ဆံရေးကို အတော်လေး သဘောကျနှစ်သက်နေကြတာဖြစ်ပါတယ်။

ကန်ရဲ့ပို့စ် နာမည်ကြီးသွားပြီးတဲ့နောက်မှာ တွစ်တာအကောင့် We Rate Dogs ကလည်း ခွေးလေး ဂန်နာ ပေါက်စလေးကတည်းက လင်းပိုင် ဒယ်လ်တာနဲ့ သူငယ်ချင်းတွေဖြစ်နေခဲ့တာဖြစ်ကြောင်းကို ပုံတွေနဲ့အတူ ထုတ်ပြောပြခဲ့ပါတယ်။ အခုဆိုရင် ဂန်နာက အသက် (၇) နှစ်ဖြစ်ပြီး ဒယ်လ်တာက အသက် (၁၀) နှစ်ဖြစ်ပါတယ်။ ဖလော်ရီဒါက ဒယ်လ်တာနေထိုင်တဲ့ Dolphin Research Centre က ဂန်နာ ရှစ်ပတ်သားအရွယ်နဲ့ ဒယ်လ်တာ အသက် (၄) နှစ်အရွယ်တုန်းက ပုံတစ်ပုံကို မျှဝေခဲ့ပါတယ်။ အဲဒီပုံလေးက ချစ်ဖို့ကောင်းပါတယ်။ သူတို့နှစ်ယောက်ရဲ့ပုံတွေနဲ့ပတ်သက်ပြီး တွစ်တာအသုံးပြုသူတွေရဲ့တုံ့ပြန်မှုတွေကတော့ မယုံနိုင်လောက်စရာပါပဲ။

Ref: Dog And Dolphin’s Beautiful Friendship Goes Viral

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top