အကြိမ်ကြိမ်ကျရှုံးခဲ့ပေမဲ့ အောင်မြင်မှုကိုဆွတ်ခူးနိုင်ခဲ့တဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ် (၁၀) ဦး

Meryl-Streep.jpg

အလုပ်ဖြုတ်ခံခဲ့ဖူးပါသလား၊ ဒါမှမဟုတ် အလုပ်တစ်ခုမှာ အင်တာဗျူးပြီး ကိုယ်ကိုမခန့်တဲ့ အဖြစ်အပျက်မျိုးရော ကြုံဖူးပါသလား။ ဖြစ်ဖူးတယ်ဆိုရင်တော့ သင်တစ်ယောက်တည်းကိုပဲ ကွက်ကျားမိုး ရွာနေတာမဟုတ်ဘူးလို့ပဲ ကျွန်တော်ပြောပါရစေ။ ကျွန်တော်တို့ သာမကပဲ လက်ရှိအချိန်မှာ အောင်မြင်နေတဲ့သူတွေဟာလည်း ငြင်းပယ်ခံခဲ့ရဖူးပါတယ်။ ကျရှုံးခြင်းဆိုတာ သင်အနေနဲ့ အရည်အချင်းမပြည့်မီသေးလို့ကျရှုံးတာ ဖြစ်ပြီး ကျရှုံးမှုတွေဟာ  အောင်မြင်မှုသို့သွားရာမှာ အရေးကြီးတဲ့ ခရီးလမ်းစ ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ လက်ခံဖို့လိုအပ်ပါတယ်။ အခုဒီမှာတော့ အကြိမ်ကြိမ်ကျရှုံးခဲ့ရပေမဲ့ မရပ်တန့်သွားဘဲ ကျရှုံးမှုကနေ သင်ခန်းစာယူကာ အောင်မြင်မှုတွေကို ရယူထားနိုင်တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ် ၁၀ ဦးရဲ့ အကြောင်းများကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မာရီလ် စထရိဟာ King Kong ဇာတ်ကားရဲ့ သရုပ်ဆောင်ရွေးချယ်ပွဲမှာ ရုပ်ဆိုးတဲ့အတွက် ငြင်းပယ်ခံခဲ့ရပါတယ်။မာရီလ်စထရိ အသက် ၂၆ နှစ်အရွယ်မှာ King Kong ဇာတ်ကားတွင် သရုပ်ဆောင်ရန်အတွက် ရွေးချယ်ပွဲ ဝင်ပြိုင်ခဲ့ဖူးပါတယ်။ သူမအနေနဲ့ ဖုန်းဖြင့် အကြောင်းကြားခြင်းကိုလည်း မခံခဲ့ရဘဲ နာမည်ကျော်ထုတ်လုပ်သူ ဒီနို ဒီလောရန်တစ် (Dino De Laurentiis) ရဲ့ ရုပ်ဆိုးလိုက်တာ ဆိုတဲ့ မှတ်ချက်ကိုပါအဆစ်ရခဲ့ပါသေးတယ်။ စထရိဟာ ငြင်းပယ်ခြင်းခံခဲ့ရပြီး King Kong ဇာတ်ကား မှာ သရုပ်ဆောင်ခွင့်မရခဲ့ပေမဲ့ အခုအချိန်မှာတော့ သူမတို့မျိုးဆက်တစ်လျှောက် အကောင်းဆုံး သရုပ်ဆောင်အဖြစ် သတ်မှတ်ထားခြင်းခံရသူတစ်ယောက်ဖြစ်ပြီး အကယ်ဒမီဆုအတွက် အများဆုံး လျာထားခြင်းခံရတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ အကြိမ်ပေါင်း ၂၀ အကယ်ဒမီဆုအတွက် လျာထားခြင်းခံခဲ့ရပြီး အကယ်ဒမီဆု သုံးဆုရရှိထားသူတစ်ယောက်ဖြစ်ကာ သမိုင်းတစ်လျှောက် အကယ်ဒမီ ၃ ဆုနဲ့အထက် ရရှိထားတဲ့သရုပ်ဆောင် ၆ ဦးအနက် တစ်ဦးလည်းဖြစ်ပါသေးတယ်။

၂။ အာရီအာနာ ဟက်ဖင်တန်ဟာ ထောက်ခံမယ့်သူမရှိလို့ မြို့တော်ဝန်ရွေးကောက်ပွဲမှ နှုတ်ထွက်ခဲ့ရဖူးပါတယ်

၂၀၀၃ ခုနှစ်က အာရီအာနာ ဟက်ဖင်တန် (Arianna Huffington) ဟာ အာနိုး ရွှာဇင်နက်ဂါးနဲ့ ယှဉ်ပြိုင်ပြီး ကယ်လီဖိုးနီးယားမြို့တော်ဝန်ရွေးကောက်ပွဲကို ယှဉ်ပြိုင်ခဲ့ပါတယ်။ သို့ပေမဲ့ စစ်တမ်းများအရ ဟက်ဖင်တန်ဟာမဲဆန္ဒရှင် ၂ % ရဲ့ ထောက်ခံမဲကိုသာရရှိခဲ့တဲ့အတွက် ရွေးကောက်ပွဲမတိုင်ခင် ၁ ပတ်အလိုမှာပဲ နုတ်ထွက်ခဲ့ရပါတယ်။

“ တကယ့် ရှုံးနိမ့်မှုတစ်ခုကို ကျွန်မကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်မအင်တာနက်ရဲ့ အရေးကြီးတဲ့ စွမ်းအားကို သင်ယူခွင့်ရခဲ့တဲ့အပြင် ပေါင်းသင်းဆက်ဆံရေး၊ လူတွေရဲ့နှလုံးသားချုပ်ကိုင်ပြီး ဘယ်လိုစကားပြောရမလဲဆိုတာကိုပါ ကျွန်မသင်ယူနိုင်ခဲ့ပါတယ်။” လို့ဟက်ဖင်တန်က ပြောဆိုခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် မေ ၉ရက်မှာတော့ ဟက်ဖင်တန်ဟာ Huffington Post ကိုတည်ထောင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ Huffington Post ကိုဒေါ်လာ ၃၁၅ သန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့  ဖောဘ်မဂ္ဂဇင်းကစစ်တမ်းအရ ကမ္ဘာကို လွှမ်းအမိုးနိုင်ဆုံးအမျိုးသမီးများထဲမှာ ဟက်ဖင်တန်ဟာ ၁၂ ယောက်မြောက် အဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။

၃။ တစ်ချိန်က Jay-Z ရဲ့ သီချင်းများကို ထုတ်ဝေပေးမဲ့သူတစ်ယောက်မှ မရှိခဲ့ပါဘူး

Jay-Zဟာ လက်ရှိအချိန်မှာ အခွေပေါင်း သန်း ၁၀၀ အထိ ရောင်းချထားနိုင်ခဲ့တဲ့ဟစ်ဟော့အဆိုတော် တစ်ဦးဖြစ်ပြီး ဖျော်ဖြေရေးကုမ္ပဏီ Roc Nation ရဲ့တည်ထောင်သူတစ်ဦးဖြစ်ပါတယ်။ Roc Nation ဟာ Kanye West နဲ့ Rihanna တို့ရဲ့ သီချင်းများကို ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ သို့ပေမဲ့ Jay-Z ရဲ့ အစောပိုင်းကာလတွေမှာတော့ Brooklyn လမ်းတွေမှ တန်းဝင်ရက်ပါ တစ်ဦးအဖြစ်တက်လှမ်းနိုင်ဖို့အတွက် တော်တော်ရုန်းကန်ခဲ့ရသူတစ်ယောက်ဖြစ်ပါတယ်။

“ကျွန်တော် ထုတ်ဝေသူတွေ အားလုံးနဲ့ တစ်ယောက်မကျန်လိုက်တွေ့ခဲ့ပေမဲ့ ထုတ်ဝေသူတွေအားလုံးက ဒီကောင်သီချင်းက တော်တော်ဆိုးတာပဲ။ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ကြပါတယ်။ တစ်ယောက်မကျန်စာချုပ်မချုပ်ချင်ကြတော့ သူတို့ပြောနေတာမှန်နေပြီလားလို့ ကျွန်တော်တွေးမိလာပါတယ်။ မခံစားရတော့အောင်လို့ ကျွန်တော်နောက်ဆုတ်လိုက်လို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်နောက်မဆုတ်ခဲ့ပါဘူး”လို့ Jay-Z က ၂၀၀၁ ခုနှစ် MTV  တစ်ခုမှာပြောဆိုခဲ့ပါတယ်။

ဒါ့ကြောင့် နောက်ပိုင်းမှာ Jay-Z ဟာ Roc-a-Fella Records ကို သူ့ရဲ့ကားရောင်းပြီး တည်ထောင်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ သူ့ရဲ့ပထမဦးဆုံးပွဲဦးထွက် Reasonable Doubt အယ်လ်ဘမ် ကို ထုတ်ဝေခဲ့ပါတယ်။ အခုချိန်မှာတော့ 50 Cent၊ Nellyနဲ့ Eminem တို့ရဲ့နောက်မှာ Jay-Z ဟာ အကောင်းဆုံးရက်ပါ ၄ ယောက်မြောက်အဖြစ်ရပ်တည်နေပြီး ပိုင်ဆိုင်မှုပေါင်း သန်း ၈၁၀ ခန့်ရှိကာအမေရိကဒုတိယအချမ်းသာဆုံး ဟစ်ဟော့အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။

၄။ ဂျက်ဖ် ဘီဇော့ရဲ့ အဓိက ကျဆုံးမှု

လတ်တလော ဇူလိုင်လအတွင်းမှာပဲ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နေရာကို ခဏတာ ဝင်ယူနိုင်ခဲ့တဲ့ ဂျက်ဖ် ဘီဇော့ (Jeff Bezos) ဟာ ၂၀၁၄ ခုနှစ်မှာ Fire Phone ကိုထုတ်လုပ်ခဲ့ပြီး Iphone ရဲ့ ဈေးကွက်ကို ဝင်ယူဖို့အသင့်ပြင်ခဲ့ပါတယ်။ Amazon Fire Phone 32 GB ကို ၁၉၉ ဒေါ်လာ၊ ၆၄ GB ကို ၂၉၉ ဒေါ်လာသတ်မှတ်ပြီး ရောင်းချခဲ့ပေမဲ့ ရောင်းအားအင်မတန်နည်းပါးခဲ့ပြီး စီးပွားရေးအရ အောင်မြင်မှုမရခဲ့တဲ့အတွက် အမေဇုံဟာ Fire Phone ထုတ်လုပ်ခြင်းကို ၂၀၁၅  ဩဂတ်လမှာ ရပ်ဆိုင်းခဲ့ရပါတယ်။ ထိုအချိန်တုန်းကလည်း ဂျက်ဖ် ဘီဇော့က သူပိုင်ဆိုင်တဲ့ Washington Post သတင်းစာကို “အဲ့ဒီအချိန်တုန်းက ဖြစ်ရပ်ကို ကျရှုံးမှုလို့ ခင်ဗျားတို့ ထင်နေကြတယ်ဆိုရင် ကျွန်တော်တို့ အခုချိန်မှာ ပိုမိုကြီးမားတဲ့ကျရှုံးမှုတွေနဲ့ ရင်ဆိုင် အလုပ်လုပ်နေရတာပါ ” လို့ပြောဆိုခဲ့ပါတယ်။ ဂျက်ဖ် ဘီဇော့ဟာ လက်ရှိအချိန်မှာ ပိုင်ဆိုင်မှု ၉၀ ဘီလီယံအောက်နဲ့ ကမ္ဘာ့တတိယအချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ်ရပ်တည်နေပါတယ်။

၅။ ရစ်ချက် လင့်လေတာ ဟာ အလုပ်ထွက်စာကို ကိုယ်တိုင်ရေးတင်ခဲ့ရဖူးပါတယ်

Boyhood နဲ့ Before ရုပ်ရှင် ဇာတ်လမ်း ၃ တွဲဖြစ်တဲ့ Before Sunrise (1995)၊ Before Sunset (2004)နဲ့ Before Midnight (2013)တို့ရဲ့ ဒါရိုက်တာဖြစ်သူ  ရစ်ချက် လင့်လေတာ(Richard Linklater) အသက် ၂၇ နှစ်အရွယ်က တက်ဆက်စ်ပြည်နယ်(Texas)ပြည်နယ် ဩစတင်မြို့ (Austin)ရှိ Double Tree ဟိုတယ်မှာ ဧည့်ကြိုဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်။ တစ်ညမှာ ရစ်ချက်ဟာ ဧည့်သည်တစ်ယောက်ကို သူရဲ့ တာဝန်ချိန် ညဆိုင်းတွေမှာ စာရေးခြင်းနဲ့ စာဖတ်ခြင်းပဲလုပ်သူတစ်ယောက်ဖြစ်ကြောင်း သွားကြွားမိခဲ့ပါတယ်။ စာရေးခြင်းနဲ့ စာဖတ်ခြင်းဟာ ဘဝအတွက်တိုးတက်စေနိုင်တဲ့  အရာတွေဖြစ်ပေမဲ့ ရစ်ချက်သွားကြွားမိခဲ့တဲ့သူဟာ Double Tree ဟိုတယ်ရဲ့ လက်ထောက်မန်နေဂျာဖြစ်နေပြီး ရစ်ချက်ကိုတာဝန်မကျေပွန်မှုနဲ့ ၁၀ ရက်အကြာမှာ အလုပ်ထုတ်ခဲ့ပါတယ်။

“ဒါဟာ ငွေရောင် အနားသတ်လိုင်းလေးပါပဲ။ ကျွန်တော် အလုပ်ထွက်စာရေးတင်ခဲ့ရပါတယ်။ အလုပ်ထွက်ခဲ့ရတဲ့အတွက် ကျွန်တော်ညဆိုင်းဆင်းစရာမလိုတော့ဘဲ စာရေးခြင်းကို စိတ်နှစ်ပြီး လုပ်နိုင်ခဲ့တာ ကျွန်တော်ဘဝကို သိသိသာသာပြောင်းလဲစေခဲ့ပါတယ်။ ” လို့ရစ်ချက်က အင်တာဗျုးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

၆။ ဆယ်လီ ခရောချက်ဟာ နှစ်ကြိမ်တိတိ အလုပ်ဖြုတ်ခံခဲ့ရဖူးပါတယ်

Wall Street မှာ အအောင်မြင်ဆုံး အလုပ်အမှုဆောင်တစ်ယောက်အဖြစ် နှစ် ၃၀ ကျော်ရပ်တည်နိုင်ခဲ့တဲ့ ဆယ်လီ ခရောချက်(Sallie Krawcheck )ဟာ ၂၀၀၈ ခုနှစ်မှာ Citigroup တွင် CFO (chief financial officer) ရာထူးမှ အလုပ်ဖြုတ်ခံခဲ့ရပါတယ်။ ခရောချက်ကို Bank of America မှ သိပ်မကြာခင်မှာပဲအလုပ်ခန့်ခဲ့ပေမဲ့ နှစ်နှစ်ခန့်အကြာမှာ ကုမ္ပဏီက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များလုပ်ခဲ့တဲ့အတွက် ခရောချက်တစ်ယောက် အလုပ်ထပ်ပြုတ်ခဲ့ပါတယ်။  ထိုအချိန်မှစပြီး သူမဟာ အလုပ်ထပ်မလျှောက်တော့ဘဲ ရင်းနှီးမြှပ်နှံမှုကုမ္ပဏီတစ်ခုဖြစ်တဲ့ Ellevest ကိုတည်ထောင်ခဲ့ပါတယ်။ Forbes မဂ္ဂဇင်းဟာ ဆယ်လီ  ခရောချက် ကို ၂၀၀၅ ခုနှစ်မှာ ကမ္ဘာ့ဩဇာ လွမ်းမိုးနိုင်စွမ်းအရှိဆုံး အမျိုးသမီး ၁၀၀ အနက် အဆင့် ၇ မှာ ဖော်ပြခဲ့ပါတယ်။

၇။ စတက်ဖန် ကင်းရဲ့ ပထမဆုံးစာအုပ်ကို ထုတ်ဝေသူပေါင်း ၃၀ ခန့်က ငြင်းပယ်ခဲ့ကြပါတယ်

စတက်ဖန်ကင်း(Stephen King) တစ်ယောက် သူ့ရဲ့ပထမဆုံး ဝတ္ထုဖြစ်တဲ့ Carrie ကို ၁၉၇၀ ခုနှစ်မှာ ရေးသားတဲ့အချိန်တုန်းက စတက်ဖန်ကင်းဟာ ဆီဆိုင်မှာ အလုပ်လုပ်နေရတဲ့အချိန်ဖြစ်ပြီး သူ့ရဲ့ ဇနီးကလည်း Dunkin’ Donuts မုန့်ဆိုင်မှာ အလုပ်လုပ်နေရတဲ့ အချိန်ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံးဝတ္ထုကို ရေးသားပြီးသွားတဲ့အခါမှာ ထုတ်ဝေသူအယောက် ၃၀ ဆီသို့ပို့လိုက်ပေမဲ့ အကုန်လုံး ငြင်းပယ်ခဲ့ကြပါတယ်။

“အဲ့ဒီအချိန်ဟာ စာရေးဆရာအများစု ထိခိုက်ခံစားရဆုံး အချိန်တစ်ခုပါပဲ။ ငယ်စဉ်ဘဝက မက်ခဲ့ရတဲ့ တောက်ပတဲ့အိပ်မက်တွေအားလုံး လက်တွေ့ဘဝရဲ့နေရောင်ခြည်ထဲမှာ မှေးမှိန်ပျောက်ကွယ်ကုန်တဲ့ အချိန်ပေါ့ ”လို့ စတက်ဖက် က၂၀၀၃ ခုနှစ် အမျိုးသားစာပေဆု အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။  အိပ်မက်တွေကို လက်လွှတ်မခံခဲ့တဲ့ စတက်ဖန် ကင်းဟာ ဝတ္ထုရှည် ၅၄ အုပ် ကျော်ထုတ်ဝေခဲ့ပြီး အုပ်ရေပေါင်း သန်း ၃၅၀ကျော်ကိုရောင်းချနိုင်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်ပြီး အမြဲတမ်းရောင်းအားအကောင်းဆုံး စာရေးဆရာများစာရင်းမှာ အဆင့် ၁၉ နေရာနဲ့ ရပ်တည်နေပါတယ်။ စတက်ဖန်ကင်းရဲ့လုံးချင်းဝတ္ထု အတိုစားဖြစ်တဲ့ Rita Hayworth and Shawshank Redemption ကို၁၉၉၄ ခုနှစ်မှာ The Shawshank Redemption ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ပြီး သမိုင်းတစ်လျှောက် အကောင်းဆုံးရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ် လက်ခံထားကြတဲ့ ဇာတ်ကားဖြစ်ပြီး ၁၉၉၄ ခုနှစ်မှာ အကယ်ဒမီဆု ၇ ဆုအတွက်လျာထားခြင်းခံခဲ့ရတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

၈။ ဟယ်ရီဆင်ဖို့တ် ဟာ သရုပ်ဆောင်လောကကနုတ်ထွက်ဖို့ ပြောဆိုခံခဲ့ရဖူးပါတယ်

ဟယ်ရီဆင်ဖို့တ်ရဲ့ ပထမဆုံး ပွဲထွက်ဇာတ်ကားဟာ Dead Heat on a Merry-Go-Round ဇာတ်ကားမှာ ဟိုတယ်ဧည့်ကြိုဝန်ထမ်းအဖြစ် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ တစ်နေ့မှာတော့သရုပ်ဆောင်သစ်များရှာဖွေရေးရဲ့ ခေါင်းဆောင်ဖြစ်သူက ဟယ်ရီဆင်ဖို့တ်ကို သူ့ရဲ့ ရုံးခန်းထဲခေါ်ပြီး “ဒီနယ်ပယ်မှာမင်းမအောင်မြင်နိုင်ဘူး။ တခြားအလုပ်ပြောင်းလုပ်ကြည့်ပါလား ”လို့ပြောဆိုခဲ့ပါတယ်။ ဒီလို ခန့်မှန်းခြင်းခံခဲ့ရပေမဲ့ ဟယ်ရီဆင်ဖို့တ်ဟာ ဇာတ်ကား ၅၀  ကျော်ရိုက်ကူးခဲ့ရပြီး Star Wars ဇာတ်ကားတွဲတွေမှာ Han Solo အဖြစ်သရုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် Indiana Jones ဇတ်ကားတွဲတွေရဲ့ အဓိက  သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။

၉။ အော်ပရာ ဝင်းဖရေးဟာ သတင်းတင်ဆက်ဖို့အတွက် မသင့်တော်ဘူးဆိုပြီး ရာထူးလျှော့ခံခဲ့ရပါတယ်

အော်ပရာ ဝင်းဖရေး (Oprah Winfrey) ၂၂ နှစ်အရွယ်က တီဗီအစီအစဉ်တွေမှာ စတင် တင်ဆက်ခွင့်ရနေပါပြီ။ သူမဟာ Baltimore’s WJZ-TV အစီအစဉ်ရဲ့ ပူးတွဲ  အစီအစဉ်တင်ဆက်သူတစ်ယောက် အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ Baltimore’s WJZ-TV ရဲ့ မန်နေဂျာဟာ ဝင်းဖရေးကို ခေါ်ပြီး သူမဟာသတင်းတင်ဆက်ရာမှာ စိတ်ခံစားမှုများလွန်းတဲ့ အတွက် အစီအစဉ်တင်ဆက်ဖို့ မသင့်တော်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

“ဒီအဖြစ်အပျက်ဟာ ကျွန်မကို မိန်းမသားတစ်ယောက် အဖြစ်ရင့်ကျက်လာစေပါတယ်။ ကျွန်မဟာ အတွေ့အကြုံမရှိ၊ အတတ်ပညာမရှိ၊ စီးပွားရေးအကြောင်းဘဝအကြောင်း ဘာမှ မသိခဲ့တဲ့ လူတစ်ယောက်ဖြစ်ပေမဲ့ ဘယ်လ်တီမိုးက ကျွန်မကို ကြီးပြင်းစေခဲ့ပါတယ်။ ” လို့ ဝင်းဖရေးက ပြောဆိုခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ‘The Oprah Winfrey Show’ ဟာအမေရိကန်သမိုင်းတစ်လျှောက် ကြည့်ရှုမှုအများဆုံးအစီအစဉ်တစ်ခုအဖြစ် ရပ်တည်နေပြီး ဝင်းဖရေးဟာ ဖျော်ဖြေရေးလောကမှာ လစာအကောင်းဆုံးအမျိုးသမီးတစ်ယောက် အဖြစ်ရပ်တည်နေပါတယ်။ ဒါ့အပြင်ဝင်းဖရေးဟာ ပိုင်ဆိုင်မှုပေါင်း ဒေါ်လာ ၃.၁ ဘီလီလျံရှိကာ အမေရိကရဲ့ ပထမဆုံးလူမည်းဘီလီယံနာတစ်ယောက်ဖြစ်ပြီး ကိုယ့်ထူးကိုယ်ချွန် အချမ်းသာဆုံး အမျိုးသမီးဘီလီယံနာ စာရင်းထဲမှာ ပါဝင်သူတစ်ယောက်ဖြစ်ပါတယ်။

၁၀။ ဂျက်မားကို KFC အပါအဝင် အလုပ်ပေါင်း ၃၀ ကျော်မှ အလုပ်ခန့်ရန်အတွက် ငြင်းပယ်ခဲ့ကြပါတယ်

မူရင်းသတင်းမှာတော့ ဂျက်မားမပါဝင်ဘဲ ဖက်ရှင်မဂ္ဂဇင်း အယ်ဒီတာချုပ်ဖြစ်သူ Anna Wintour ပါဝင်နေတာပါ။ ဒါပေမဲ့ ဂျက်မားကို မြန်မာပရိတ်သတ်တွေပိုရင်းနှီးနေပြီး သူရဲ့ ကျရှုံးမှုနဲ့ အောင်မြင်မှုတွေကလည်း ဖယ်ထားလို့ မရတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် ဂျက်မားရဲ့ ကျရှုံးမှုတွေ အကြောင်း ဖော်ပြပေးလိုက်ပါတယ်။ အအောင်မြင်ဆုံးစွန့်ဦးတီထွင်သူ လုပ်ငန်းရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဂျက်မားဟာ ပိုင်ဆိုင်မှုပေါင်း ဒေါ်လာ ၃၆.၂ ဘီလီယံရှိပြီး သူ့ရဲ့ ကုမ္ပဏီဖြစ်တဲ့ Alibaba မှာ ဈေးဝယ်သူဟာ တစ်နေ့ကို သန်း ၁၀၀ ခန့်ရှိနေပါတယ်။ ဂျက်မားတစ်ယောက် တရုတ်ပြည်ရဲ့ အချမ်းသာဆုံးသူဌေးတစ်ယောက် မဖြစ်လာခင်က ငြင်းပယ်မှုများစွာနဲ့ ကြုံတွေ့ခဲ့ရသူတစ်ယောက်ဖြစ်ပါတယ်။ Charlie Rose မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုမှာ ဂျက်မားဟာ ကောလိပ်ဝင်ခွင့် ၃ ကြိမ်လျှောက်ခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရပြီး အလုပ်ပေါင်း ၃၀ ကျော်ခန့်လျှောက်ထားခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရပါတယ်။

“ကျွန်တော် ရဲလုပ်ဖို့အတွက် သွားလျှောက်တော့လည်း သူတို့ငြင်းခဲ့တယ်။ ကျွန်တော်တို့ မြို့ကို KFC ရောက်လာတုန်းက အလုပ်သွားလျှောက်လိုက်သေးတယ်။ ၂၄ ယောက် အင်တာဗျူးပြီး ၂၃ ယောက် အလုပ်ရသွားခဲ့ပါတယ်။ အလုပ်မရတာ ကျွန်တော်တစ်ယောက်တည်းရှိတယ်။” လို့ ဂျက်မားက ပြောဆိုခဲ့ပါတယ်။ ဇူလိုင်လစာရင်းများအရ ဂျက်မားဟာ အာရှမှာ အချမ်းသာဆုံးသူတစ်ယောက်ဖြစ်ပြီး ၂၀၁၇ ခုနှစ် Fortune မဂ္ဂဇင်းရဲ့ ကမ္ဘာ့အကြီးမြတ်ဆုံးစီးပွားရေး ခေါင်းဆောင်များစာရင်းမှာ အဆင့် ၂ ချိတ်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

Ref : Time Motivation “10 Highly Successful People on the Times They Got Rejected”

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top