မသန်စွမ်းတဲ့သမီး ကစားဖို့ ဒေါ်လာ ၅၁ သန်း အကုန်အကျခံပြီး ကစားကွင်း တည်ဆောက်ပေးခဲ့တဲ့ ဖခင်

97117475_61d5b649-8f59-4753-b8ce-39b2dd1706b9.jpg

မသန်စွမ်းတဲ့ သမီးဖြစ်သူ ကစားနိုင်ဖို့အတွက် ဖခင်က အမေရိကန်ဒေါ်လာ ၅၁ သန်း အကုန်အကျခံပြီး ကစားကွင်းတစ်ခု တည်ဆောက်ပေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က ဂေါ်ဒွန်ဟတ်မန်း (Gordon Hartman) ဟာ မိသားစု အားလပ်ရက်မှာ အသက် ၁၂ နှစ်အရွယ် သမီးဖြစ်သူ မော်ဂန်ကို ရေကူးကန် ခေါ်သွားခဲ့ပါတယ်။ မော်ဂန်ဟာ အထီးကျန်စိတ်ဝေဒနာ (Autism) ခံစားနေရသူဖြစ်ပြီး ၅ နှစ်အရွယ် ကလေးငယ်တစ်ယောက်ရဲ့ တွေးခေါ်နားလည်နိုင်စွမ်းပဲ ရှိသူပါ။

မော်ဂန်က ရေကူးကန်ထဲဆင်းပြီး တခြားကလေးတွေနဲ့ အတူတူဆော့ဖို့ ကြိုးစားချိန်မှာ ရေကူးကန်ထဲက ကလေးအားလုံး ထွက်ပြေးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်က မော်ဂန်ရဲ့စိတ်ထဲမှာ စွဲထင်ကျန်ရစ်စရာ ဖြစ်ခဲ့ပါတယ်။

အဲဒီနောက်မှာ ဂေါ်ဒွန်ဟတ်မန်းတို့ ဇနီးမောင်နှံဟာ သမီးဖြစ်သူအတွက် သင့်တော်မယ့် ကစားကွင်းတစ်ခုခု ရှိမလားလို့ မေးမြန်းစုံစမ်းခဲ့ကြရာမှာ အဲဒီလို ကစားကွင်းမျိုး မရှိဘူးဆိုတာ သိလိုက်ရပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ ဂေါ်ဒွန်ဟတ်မန်းက သမီးဖြစ်သူ ပျော်ပျော်ရွှင်ရွှင် ကစားနိုင်မယ့် ကစားကွင်းမျိုး ကိုယ်တိုင်တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဂေါ်ဒွန်ဟတ်မန်းဟာ ၂၀၀၅ ခုနှစ် ကတည်းက မသန်စွမ်း ကလေးငယ်တွေကို ကူညီပေးနိုင်မယ့် ဂေါ်ဒွန်ဟတ်မန်းမိသားစု ဖောင်ဒေးရှင်း တည်ထောင်ဖို့အတွက် သူ့ရဲ့ အိမ်ဆောက်လုပ်ရေးလုပ်ငန်းကို ရောင်းချခဲ့သူပါ။ ဂေါ်ဒွန်ဟတ်မန်းဟာ ဆရာဝန်တွေ၊ ကုထုံးပညာရှင်တွေ၊ မသန်စွမ်း ကလေးငယ်တွေရဲ့ မိဘတွေ၊ အခြားသူတွေကို ဖိတ်ခေါ်ပြီး ကမ္ဘာ့ပထမဆုံး အလွယ်ကူဆုံး ကစားကွင်းကို ဖန်တီးဖို့ တိုင်ပင်နှီးနှောခဲ့ကြပါတယ်။

တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြို့က ၂၅ ဧက အကျယ်အဝန်းရှိ မြေနေရာမှာ တည်ဆောက်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ၃၄ သန်းတန် Morgan’s Wonderland ကစားကွင်းကို ၂၀၁၀ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီကစားကွင်းမှာ Ferris wheel လို့ခေါ်တဲ့ ချားရဟတ်၊ ကလေးငယ်တွေ တွယ်တက် ကစားနိုင်တဲ့ကစားကွင်း၊ အရုပ်ရထားတွဲတွေ၊ တိရစ္ဆာန်အရုပ်တွေနဲ့အတူ အထက်၊ အောက် လှုပ်ရှားနေတဲ့ အပျော်စီးယာဉ်တွေ ပါဝင်ပါတယ်။

ကစားကွင်း ဖွင့်ဖွင့်ချင်း မော်ဂန်က အပျော်စီးယာဉ်ကိုစီးဖို့ ကြောက်နေခဲ့ပြီး သုံးနှစ်ကြာတော့မှ အဲဒီယာဉ်ကို စီးရဲခဲ့တာပါ။ မသန်စွမ်းသူတွေကို အခမဲ့ ကစားခွင့်ပေးတဲ့ မော်ဂန်ရဲ့ Wonderland ကစားကွင်းကို အမေရိကန်နိုင်ငံ ပြည်နယ် ၅၀ မှာရှိတဲ့လူတွေအပြင် နိုင်ငံပေါင်း ၆၇ နိုင်ငံက လူတစ်သန်းကျော် လာရောက်ခဲ့ကြပါတယ်။

မော်ဂန်ဟာ တစ်နှစ်ကို ဒေါ်လာ တစ်သန်းကျော် အရှုံးခံပြီး Wonderland ကစားကွင်းကို ဆက်လက်ဖွင့်လှစ်နေတာ ဖြစ်ပါတယ်။ အခုနှစ် အစောပိုင်းမှာတော့ Wonderland ကစားကွင်းရဲ့ ဘေးချင်းကပ်မှာ အမေရိကန်ဒေါ်လာ ၁၇ သန်း အကုန်အကျခံပြီး ရေပေါ်ကစားကွင်းတစ်ခု ထပ်မံဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီကစားကွင်းရဲ့ တချို့နေရာတွေမှာ ကြွက်သားဒဏ်ရာ ပြဿနာရှိသူတွေအတွက် ရေပူစေလွှတ်ပေးထားပြီး လေအားနဲ့လည်ပတ်တဲ့ ရေစိုခံ မော်တာတပ် ဘီးတပ်ကုလားထိုင်တွေ၊ အပျော်စီး လှေတွေ ထည့်သွင်းပေးထားပါတယ်။

အခုအချိန်မှာတော့ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မော်ဂန်ဟာ Wonderland ကစားကွင်းမှာ နာမည်ကျော်ကြားသူ တစ်ယောက်ဖြစ်လာခဲ့ပြီး သူ့အနေနဲ့ တစ်နေ့ထက်တစ်နေ့ ပိုမိုကျန်းမာ သန်စွမ်းလာခဲ့ပါပြီ။ ဒါဟာ ဖခင်မေတ္တာကနေ ပွင့်ဖူးလာတဲ့ အသီးအပွင့်လို့ ဆိုပါရစေ။

Ref : BBC News : How one man built a $51m theme park for his daughter

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top