Service Center တွေမှာ ပစ္စည်းပြင်သင့်၊ မပြင်သင့်

car-mechanic-working-at-automotive-service-center-NDJHRTB.jpg

ဒီနေ့ခေတ် အိုင်တီပစ္စည်း သုံးစွဲသူတွေ ကြားထဲမှာ အငြင်းပွားလေ့ရှိကြတဲ့ အကြောင်းအရာကတော့ Service Center က ဈေးကြီးတယ် ဆိုတဲ့ အကြောင်းအရာပါပဲ။ ယေဘုယျအားဖြင့် ပြောမယ်ဆိုရင်တော့ ဈေးကြီးပါတယ်။ ဒါပေမယ့် တစ်ဘက်က ပြန်ကြည့်မယ်ဆိုရင် အာမခံချက် အပြည့်အဝ ရရှိတယ်ဆိုတဲ့ အားသာချက် တစ်ခုလည်း ရှိပါတယ်။

အထူးသဖြင့်တော့ စမတ်ဖုန်း သုံးစွဲသူတွေကြားမှာ ဒီအငြင်းပွားမှုက ပိုပြီးဖြစ်လေ့ရှိပါတယ်။ တန်ဖိုးမြင့် စမတ်ဖုန်း သုံးစွဲသူတွေကြားမှာထက်၊ အလယ်အလတ်နဲ့ တန်ဖိုးနည်း စမတ်ဖုန်းသုံးစွဲသူတွေကြားမှာတော့ တစ်ခုခုဆို Service Center ကိုသွားဖို့ လက်တွန့်နေကြတတ်တာ များပါတယ်။ ဘာကြောင့်လဲလို့ မေးကြည့်လိုက်မယ်ဆိုရင်တော့ အပြင်ဆိုင်မှာ ပြင်တာကအများကြီးကို ဈေးသက်သာတယ်။ အပြင်ဆိုင်တွေက အများကြီးမတောင်းဘူး၊ အစိတ်အပိုင်း တစ်ခုလုံး လဲလိုက်စရာမလိုဘူးလို့ ပြောကြပါလိမ့်မယ်။

သုံးစွဲသူဘက်ကကြည့်မယ်ဆိုရင်တော့ ကိုယ့်ဖုန်းက ဝယ်ထားတာ သိပ်မကြာသေးဘူး။ အာမခံချက် မကုန်သေးပေမယ့် အသုံးပြုသူ အမှားကြောင့် ပျက်တာဆိုတော့ ပစ္စည်းက လဲရတော့မယ်။ Service Center ကတော့ မူရင်းပစ္စည်းနဲ့ လဲပေးမယ်။ ဒါပေမယ့် လက်ခမပါ ပစ္စည်းဖိုးတင် နှစ်သောင်း၊ သုံးသောင်းကျမယ်လို့ ပြောလိုက်တယ်။ ဒါနဲ့ အသုံးပြုသူလည်း အပြင်ဆိုင်မှာ သွားပြကြည့်တယ်။ အပြင်ဆိုင်ကလည်း ဒီဖုန်းပျက်တဲ့ အကြောင်းရင်းကို Service Center က ပြောတဲ့အတိုင်းပဲ ပြောလိုက်တယ်။ ဒါပေမယ့် ကွာခြားသွားတာက ပစ္စည်း အစိတ်အပိုင်း အစားထိုးတဲ့နေရာမှာပါပဲ။ မူရင်းပစ္စည်း မသုံးဘူး။ အလားတူ အစိတ်အပိုင်းမျိုး သုံးရင်လည်းရတယ်။ ဈေးသက်သာမယ်လို့ ပြောပါတယ်။

ဒီတော့ အသုံးပြုသူအနေနဲ့ ကိုယ့်ဖုန်းလည်း ပြန်ကောင်းမယ်။ ပြင်ဆင်ခလည်း ဈေးသက်သာမယ်ဆိုတဲ့ နည်းလမ်းကို ရွေးချယ်လိုက်တာများပါတယ်။ ဒါပေမယ့် သိထားသင့်တာက ကိုယ့်ရဲ့ဖုန်းဟာ တန်ဖိုးနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ မူလ မူရင်းအစိတ်အပိုင်းကို အစားထိုးလိုက်တာက အကောင်းဆုံးပါပဲ။ Service Center က မူရင်းအစိတ်အပိုင်း အသစ်ကို အစားထိုးပြီး ပြင်ဆင်ပေးတာပါ။ ပြင်ပဆိုင်ကတော့ မူရင်းအစိတ်အပိုင်း မဟုတ်ပါဘူး။ အသစ်လည်း ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒီလိုမျိုး မူရင်းအစိတ်အပိုင်း မဟုတ်တာကို အစားထိုးလိုက်တာကြောင့် ဖုန်းရဲ့ ရေရှည်ကြံ့ခိုင်မှုပိုင်းမှာ ပြဿနာရှိလာမယ်ဆိုရင် နစ်နာမှာက အသုံးပြုသူပဲ ဖြစ်ပါတယ်။

နောက်တစ်ခုက Service Center တွေအနေနဲ့ မူရင်းပစ္စည်း အစိတ်အပိုင်းကို အစားထိုးလိုက်တာနဲ့ ပတ်သက်ပြီး အရည်အသွေးကို အာမခံချက်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ လဲလှယ်ထည့်သွင်းလိုက်တဲ့ အစိတ်အပိုင်းက မူရင်းမဟုတ်ခဲ့ရင် သူကနေတစ်ဆင့် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီအတွက် ကိုယ့်ရဲ့ဖုန်းဟာ အသုံးခံသင့်သလောက် မခံဘဲ စောစောစီးစီး ပျက်စီးသွားနိုင်တာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။

စမတ်ဖုန်းမှ မဟုတ်ပါဘူး။ တခြားနယ်ပယ်တွေမှာလည်း မူရင်းမသုံးဘဲ အခြား အပိုပစ္စည်းတွေကို အသုံးပြုနေကြတာကို တွေ့ရမှာပါ။ အထူးသဖြင့် ကားပစ္စည်းတွေမှာဆိုရင် ပိုပြီးသိသာပါတယ်။ ဒါပေမယ့် မတတ်သာလွန်းလို့ သုံးလိုက်ရပြီး အရည်အသွေးပိုင်းမှာ စိတ်ကျေနပ်မှု မရတာတွေကို မကြာခဏ ကြုံတွေ့ရပါလိမ့်မယ်။ ပြီးတော့ လဲလိုက်တဲ့ အစိတ်အပိုင်းကောင်းပေမယ့် တခြား မီးခိုးကြွက်လျှောက် ပြဿနာတွေ ဆက်ဖြစ်လာတတ်တာလည်း တွေ့ရပါလိမ့်မယ်။

ဖြစ်နိုင်ရင်တော့ စမတ်ဖုန်းလို ပစ္စည်းမျိုးမှာ Service Center သွားပြီး မူရင်းနဲ့ အစားထိုးတာက အကောင်းဆုံးလို့ အကြံပေးချင်ပါတယ်။ Service Center တွေက ဈေးမကြီးဘူးလားလို့ မေးရင်၊ ဈေးကြီးတယ်လို့ပဲ ပြန်ဖြေပါရစေ။ ဒါပေမယ့် ပြင်လိုက်တဲ့ ကိုယ့်ရဲ့ စမတ်ဖုန်းနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှု၊ စိတ်ချရမှုနဲ့ ရေရှည်ကောင်းကျိုး ရှိမှုအတွက် ထည့်ပြီး စဉ်းစားကြဖို့လည်း အကြံပေးချင်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ Service Center တွေဆိုတာဟာ ဖုန်းလုပ်ငန်းတွေအနေနဲ့ ဝယ်ယူသူတွေကို ဝယ်ပြီး နောက်ပိုင်းဝန်ဆောင်မှုမှာ ဘယ်လောက်အထိ ဂရုစိုက်သလဲဆိုတဲ့ ပြယုဂ်တစ်ခုပါ ဖြစ်လာနေပါတယ်။ ငွေကြေးစရိတ်စက သက်သာဖို့နဲ့ အချိန်ကုန်သက်သာဖို့ နီးစပ်ရာဆိုင်တွေမှာ အပ်နှံ ပြင်ဆင်ကြသူတွေ ရှိသလို မူလပစ္စည်း၊ မူလ အရည်အသွေးကိုမှ သဘောကျလို့ Service Center တွေမှာ တကူးတက သွားရောက် အပ်နှံသူတွေလည်း တဖြည်းဖြည်းများပြားလာပြီ ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top