ဖုန်းဝယ်တဲ့ အခါ အာမခံချက် (Warranty) က ဘာလို့ အရေးကြီးတာလဲ

indian-people-using-mobile-phone-PP6T6EX.jpg

စမတ်ဖုန်းတွေ ဝယ်ယူကြတဲ့အခါ warranty (အာမခံချက်) ထည့်သွင်းပေးကြပါတယ်။ များသောအားဖြင့် ၁၂ လ၊ ၂၄လ အာမခံချက်တွေ ဖြစ်ပါတယ်။

ဘာကြောင့် အာမခံချက် ပေးသလဲဆိုတာကတော့ ရှင်းပါတယ်။ ထုတ်လုပ်ရေး လုပ်ငန်းစုကြီးတွေက သူတို့ရဲ့ ထုတ်ကုန်ကို ဝယ်ယူသုံးစွဲတဲ့ customer တွေ ယုံယုံကြည်ကြည်၊ စိတ်ချလက်ချ သုံးစွဲနိုင်အောင်လို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အာမခံချက်မှာလည်း စည်းမျဉ်းစည်းကမ်းတွေတော့ရှိပြီး customer ကလည်း လိုက်နာဖို့တော့ လိုပါတယ်။

တချို့ အမှတ်တံဆိပ်တွေမှာတော့ ဘက်ထရီ၊ နားကြပ် စတဲ့ အပိုပစ္စည်းအချို့ကိုတော့ ကာလတို အာမခံချက်ပဲ ပေးထားတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသုံးပြုသူရဲ့ အနေအထားပေါ်မူတည်ပြီး မျှော်မှန်းသက်တမ်းကလည်း ပြောင်းလဲသွားနိုင်တာကြောင့်ပါ။

အာမခံချက်က ဘာအတွက်အသုံးဝင်လဲဆိုတာတော့ အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ ကိုယ့်ရဲ့ဖုန်းက ဝယ်ထားတာ မကြာသေးပေမယ့် စွမ်းဆောင်ရည် (performance)မကောင်းတော့ဘူး၊ ကောင်းကောင်း အလုပ်မလုပ် တော့ဘူး၊ ဒါမှမဟုတ် လုံးဝကို သုံးလို့မရတော့ဘူးဆိုရင် သက်ဆိုင်ရာ service center မှာ သွားရောက် ပြုပြင်နိုင်ခွင့် ရှိပါတယ်။ service center က သတ်မှတ်ထားတဲ့ အာမခံချက်နဲ့ ကိုက်ညီရင် အခမဲ့ပြုပြင်ပေးမှာ ဖြစ်ပါတယ်။

အကယ်၍သာ ဖုန်းအသုံးပြုသူက သတ်မှတ်ထားတဲ့ အာမခံချက်တွေကို ချိုးဖောက်ထားမယ်ဆိုရင် ကိုယ်ရရှိသင့်တဲ့ အခွင့်အရေးက ဆုံးရှုံးသွားမှာပါ။ နိုင်ငံတိုင်းလိုလိုက ထုတ်ကုန်တိုင်းလိုလိုဟာ သတ်မှတ်ထားတဲ့ အာမခံချက် စံနှုန်းနဲ့ ကိုက်ညီမှသာ ပြန်လည်ပြုပြင်ပေးကြတာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ အာမခံစနစ်ကို E-warranty စနစ်ပါ လုပ်ထားလို့ရတာကိုကြည့်ရင် အာမခံချက်ဆိုတာ ဘယ်လောက်ထိ အရေးပါလဲလို့ သိနိုင်ပါတယ်။

အာမခံချက်ပျက်တာနဲ့ ပတ်သက်ရင် မသိလို့ ချိုးဖောက်မိတာက များပါတယ်။ ဟိုအရင်တုန်းက ဖုန်းအသုံးပြုသူ အတော်များများက root ဖောက်ကြပါတယ်။ ဒီလိုလုပ်လိုက်ရင်တော့ အာမခံချက်ကို ချိုးဖောက်တယ်လို့ သတ်မှတ်ခံရမှာဖြစ်ပြီး Software error ဖြစ်လာရင် warranty အကျိုးကျေးဇူးကို ခံစားရတော့မှာ မဟုတ်ပါဘူး။ တချို့လည်း third party app တွေ သွင်းမိရင်း အာမခံ ပျက်စီးတာမျိုး ဖြစ်တတ်ပါတယ်။ အကောင်းဆုံးကတော့ upgrade လုပ်မယ်ဆိုရင်တောင် ကိုယ်မကျွမ်းကျင်ဘူး ဆိုရင် service center ကိုသွားသင့်ပါတယ်။ software ပိုင်း အာမခံချက် ပျက်တာမျိုးက မသိလိုက်ဘဲနဲ့ ဖြစ်သွားတတ်ပါတယ်။
Software ပိုင်း အာမခံချက်တွေအပြင် hardware ပိုင်း အာမခံချက်တွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံတွင်းမှာ တရားဝင်ကိုယ်စားလှယ်ရှိထားတဲ့ ဖုန်းအမျိုးအစားတွေဆိုရင် အာမခံပေးနိုင်မှု၊ ပြန်လည်လဲလှယ်ပေးနိုင်မှု၊ မူလအစိတ်အပိုင်းတွေ ပြန်လည်တပ်ဆင်ပေးနိုင်မှုတွေမှာ အတော်လေးအားကောင်းတာ၊ သွက်လက်မြန်ဆန်တာတွေ တွေ့ရပါတယ်။ ဥပမာ Vivo ဆိုရင် သူတို့ရဲ့ စမတ်ဖုန်းတွေအတွက် ၁ နှစ် အာမခံ ပေးထားပါတယ်။

ထုတ်ကုန်ရဲ့ လုပ်ဆောင်ချက်ဆိုင်ရာ ပျက်စီးမှု တစ်ခုခု ရှိခဲ့မယ်ဆိုရင် ဒါမှမဟုတ် ဆက်စပ်ပစ္စည်းတွေရဲ့ အရည်အသွေးပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ခဲ့မယ်ဆိုရင် ဝယ်တဲ့နေ့ကနေ ၁၅ ရက်အတွင်း အခမဲ့ အစားထိုး လဲလှယ်ခွင့် ပေးထားပါတယ်။ ဒါပေမယ့် ဒီအခွင့်အရေးအတွက် အာမခံချက်မှာ ပြဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုတော့ မချိုးဖောက်မိဖို့ လိုအပ်ပါတယ်။ အခြားအလားတူ ဖုန်းတွေမှာလည်း သက်ဆိုင်ရာ အာမခံချက်တွေ၊ စည်းမျဉ်းစည်းကမ်းတွေ အသီးသီး ရှိတတ်ပါတယ်။

ဈေးကွက် အပြိုင်အဆိုင်တွေ များလာတဲ့ ခေတ်ကြီးထဲမှာ “ရောင်းပြီး ပြီးရော” ဆိုတာမျိုး မဟုတ်တော့ဘဲနဲ့ နောက်ဆက်တွဲ ဝန်ဆောင်မှုပေးရာမှာ သူ့ထက် ငါ သာလွန်အောင် အပြိုင်အဆိုင် ကြိုးစားလာကြတာလည်း တွေ့ရမှာပါ။ Vivo smart phone တွေမှာဆိုရင်တော့ setting ထဲက more setting ကိုသွားကြည့်မယ်ဆိုရင် After Sales Service ဆိုတာကို တွေ့ပါလိမ့်မယ်။ အဲဒီမှာ ကမ္ဘာတစ်ဝှမ်းလုံးက Vivo Service center တွေ ရှိတဲ့နေရာကို လိပ်စာအတိအကျနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ပါ ထည့်ပေးထားတာကို တွေ့ရပါလိမ့်မယ်။

အတိုချုပ်ပြောရရင်တော့ အာမခံချက် (Warranty) ဆိုတာဟာ သုံးစွဲသူအတွက် ဝန်ဆောင်မှု လုပ်ငန်းတွေ၊ ထုတ်လုပ်သူတွေက ပေးအပ်ထားတဲ့ အပိုဆောင်းအခွင့်အရေး တစ်ခုပါပဲ။ ဒီအခွင့်အရေးကို ရယူဖို့အတွက် သုံးစွဲသူဘက်က လိုက်နာရမှာကတော့ သတ်မှတ်စည်းကမ်းကို မချိုးဖောက်မိအောင် သတိထားလိုက်ဖို့ပါပဲ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top