Present (ပစ္စုပ္ပန်)

49716268_1461202550678153_3562813201827495936_n.jpg

အချိန် (Time) ဆိုတာ တော်တော်လေး ရှုပ်ထွေးပါတယ်။ သူဟာ အမြဲတမ်း တစ်လမ်းသွားပဲဖြစ်နေတယ်။ နောက်ပြန်လှည့်လို့မရဘူး။ ရှေ့ကို ကျော်ပစ်လိုက်လို့မရဘူး။ သူပေးထားတဲ့ လတ်တလောကာလကိုပဲ ကျွန်တော်တို့ဟာ ဖြတ်သန်းကြရတယ်။ အချိန်ရဲ့ စေစားရာကို ခံနေကြရတယ်။ ကျွန်တော်တို့ဟာ အချိန်နဲ့အတူ အသက်တွေ အိုမင်းရင့်ရော်ပြီး သေဆုံးသွားကြပေမဲ့ အချိန်ကတော့ ဆက်ပြီး ရှိနေတုန်းပဲ၊ ဆက်သွားနေတုန်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ကသာ တစ်နေရာရာမှာ ရပ်နေလို့ရရင်ရမယ်။ အချိန်က ရပ်မနေပါဘူး။ သူ့ရဲ့ အလုပ်ကို တစိုက်မတ်မတ် လုပ်နေပါတယ်။

တကယ်လို့ ကျွန်တော်တို့ရဲ့ဘဝတွေကို အချိန်က ပြဌာန်းထားပြီးသားဖြစ်နေခဲ့ရင်ကော? ဆိုလိုတာက ကျွန်တော်တို့ရဲ့ ဘဝတွေဟာ ရုပ်ရှင်တစ်ကားလိုမျိုး ရိုက်ပြီးသားကြီး ဖြစ်နေခဲ့ပြီး ကျွန်တော်တို့က အခုမှ ရုပ်ရှင်ရုံထဲမှာထိုင်ကြည့်ရသလိုမျိုး၊ တစ်ကွက်ချင်း တစ်ကွက်ချင်း အခုမှ မြင်ရပြီး ဖြတ်သန်းနေရတာမျိုးကို ပြောချင်တာဖြစ်ပါတယ်။ တစ်စုံတစ်ယောက်အတွက် အတိတ်ဟာ နောက်တစ်ယောက်အတွက် ပစ္စုပ္ပန် ဖြစ်နေတတ်တာမျိုးပေါ့။ အနာဂတ်ဆိုတာလည်းပဲ ကြိုတင်ဖြစ်ပျက်ပြီးသား ကိစ္စကြီးဖြစ်နေခဲ့ကာ ကျွန်တော်တို့က အချိန်ရဲ့ လှည့်စားမှုကြောင့် မသိရမကြုံရသေးတာလည်း ဖြစ်နေနိုင်ပါတယ်။

ဥပမာ နေရဲ့ အလင်းရောင်ဟာ ကျွန်တော်တို့ ကမ္ဘာပေါ်ကို ရောက်ရှိလာဖို့ ၈ မိနစ်ခွဲခန့် ကြာမြင့်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ လက်ရှိမြင်နေရတဲ့ အလင်းရောင်ဟာ နေရဲ့လွန်ခဲ့တဲ့ ၈ မိနစ်ခွဲ (တစ်နည်းအားဖြင့် နေရဲ့ အတိတ်) ကို မြင်နေရာတာ ဖြစ်ပါတယ်။ တချို့သော ကြယ်တွေဟာဆိုရင် ကျွန်တော်တို့ ကောင်းကင်မှာ မြင်နေရသေးပေမဲ့ တကယ်တမ်းက လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက သေဆုံးခဲ့ပြီဖြစ်တဲ့ ကြယ်တွေပါ။ သူတို့ဟာ ကျွန်တော်တို့ ကမ္ဘာကနေ ကွာဝေးလွန်းလို့ သူတို့ရဲ့ အလင်းရောင်ဟာ အလင်းနှစ်နဲ့ တွက်ရင်တောင် နှစ်သန်းပေါင်းများစွာကြာမြင့်ပြီးမှ ကမ္ဘာကိုရောက်ရှိလာမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သေဆုံးခဲ့ပြီးဖြစ်တဲ့ ကြယ်တစ်လုံးကို ညစဉ်မြင်တွေ့နေရသေးတာ တော်တော်ဆန်းကြယ်တဲ့အဖြစ်ပါ။ ဒါတွေအားလုံးဟာ အင်မတန်ဆန်းကြယ်တဲ့ အချိန်ဆိုတဲ့ အရာကြောင့်ပဲ ဖြစ်နေပါတယ်။

ကျွန်တော်တို့ရဲ့ ကမ္ဘာ၊ နေအဖွဲ့အစည်း၊ ကြယ်တွေ၊ စကြဝဠာ စတာတွေရဲ့သက်တမ်းတွေနဲ့ ယှဉ်လိုက်ရင် လူသားတွေရဲ့ သက်တမ်း၊ ဘဝဖြတ်သန်းချိန်ဟာ မပြောပလောက်အောင် သေးငယ်လွန်းပါတယ်။ ရေပွက်ပမာ ဆိုတဲ့စကားဟာ အလွန်မှန်ကန်ပြီး လက်ဖြစ်တစ်တွတ်အတွင်းမှာကို အရာရာပြောင်းလဲသွားနိုင်တာမျိုးပါ။ မနေ့က တွေ့လိုက်ရသေးတယ်၊ ဒီနေ့ မရှိတော့ဘူး ဆိုတာမျိုးတွေဟာ မဆန်းတော့သလိုပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့တွေက သတိလက်လွတ် မေ့လျော့ပြီး အချိန်တွေကို ဖြတ်သန်းနေမိကြတယ်။ ပတ်ဝန်းကျင်နဲ့၊ ကိုယ်ချစ်တဲ့သူတွေနဲ့၊ မိသားစုနဲ့ သူငယ်ချင်းတွေနဲ့ စတာတွေကို သတိမမူမိကြဘူး။

အချိန်ဖြုန်းတယ်ဆိုတာ မိမိရဲ့ အသက်ကို မိမိဖြုန်းနေတာပါ။အချိန်ဆိုတဲ့အရာမှာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် သုံးမျိုးရှိပါတယ်။ အတိတ်ဆိုတာ ကျော်လွန်ခဲ့ပြီးပြီ၊ ကျွန်တော်တို့ အမှားတွေပြုခဲ့ပြီးပြီ၊ တစ်စုံတစ်ယောက်ကို နာကျင်စေခဲ့ပြီးပြီ၊ ကိုယ့်ကိုယ်ကိုယ် သံချေးတက်စေခဲ့ပြီ။ ကျွန်တော်တို့ အခုချိန်မှာ ဒီတိုင်းငုတ်တုတ်ထိုင်နေလိုက်ရင် ဒီအဖြစ်တွေဟာ ကျွန်တော်တို့ရဲ့ အနာဂတ်တွေ ဖြစ်လာလိ်မ့်မယ်။ အနာဂတ်ကို ကျွန်တော်တို့ မပိုင်ပါဘူး။ ဒါပေမဲ့ ပစ္စုပ္ပန်ကိုတော့ ပိုင်တယ်။ ပစ္စုပ္ပန်ကို အသုံးချပြီး အနာဂတ်ကို ပြောင်းလဲနိုင်ပါတယ်။ ဒါဟာ အချိန်ကပေးတဲ့အရာတွေထဲမှာ ကျွန်တော်တို့ရထားတဲ့ အကောင်းဆုံးအရာပါ။ အမှားတွေလုပ်ခဲ့သလား။ အခုက စပြီးပြင်လိုက်ပါ။ မိဘကို အခုပဲ ဦးချတောင်းပန်လိုက်ပါတော့။ ချစ်တဲ့သူကို အခုပဲ ဖွင့်ပြောလိုက်ပါတော့။ Present ဆိုတဲ့ စကားလုံးဟာ (ပစ္စုပ္ပန်) ဆိုတာအပြင် (လက်ဆောင်) ဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်ပါတယ်။ သဘာဝကပေးတဲ့ အကောင်းဆုံးလက်ဆောင်ဟာ ပစ္စုပ္ပန် ဖြစ်တာကြောင့်အကောင်းဆုံးအသုံးချပြီး အချိန်ကို ကိုယ်က ပြန်ပြီး ပိုင်ဆိုင်နိုင်ကြပါစေ။

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top