Fallacy (ယုတ္တိအမှား)

thFT1HVDOH.jpg

ကျွန်တော်တို့ နေ့စဉ်နဲ့ အမျှတွေ့ကြုံ ပြောဆို နေရတဲ့ ဖြစ်ရပ်တွေထဲမှာ ကိုယ့်ဘာသာ မှန်တယ်လို့ ထင်နေပေမယ့် ယုတ္တိဗေဒအရ မှားတဲ့ အချက်မျိုးတွေ ပုံစံများစွာရှိနေတဲ့ အထဲကမှ ဖြစ်လေ့ဖြစ်ထ များတဲ့ Fallacy အမျိုးအစားတွေကို ဖော်ပြပေးလိုက်ပါတယ်။ Fallacy ကင်းစွာ အမှန်မြင်နိုင်ကြပါစေ။

Genetic (မျိုးရိုးဗီဇ)

လူပုဂ္ဂိုလ် အစွဲအရ နာမည်ကြီးလူ တစ်ဦးက ပြောဆိုလို့ မှန်တယ်လို့ ထင်နေတတ်တာမျိုးပါ။ ဥပမာ – နေလို လလို ထင်ရှားတဲ့ ဆရာတော်ကြီး တစ်ပါးက ဦးဘယ်သူကို လွှတ်တော် အမတ်နေရာအတွက် မဲပေးသင့်တယ်လို့ ပြောလို့ မဲပေးကြတာမျိုးပေါ့။ ဦးဘယ်သူရဲ့ စွမ်းဆောင်ရည်၊ စိတ်ထား၊ အကျင့်စာရိတ္တ စတာတွေကိုသာ ကြည့်ပြီး ဆုံးဖြတ်သင့်တာပါ။ဆရာတော်ကြီး ပေးခိုင်းလို့ ပေးတယ်ဆိုတာ မဖြစ်သင့်ပါ။ ဒေါ်အောင်ဆန်းစုကြည် ပြောတာမို့လို့၊ ဦးမင်းအောင်လှိုင် ပြောတာမို့လို့ စသဖြင့်ပေါ့

Composition/Division (ခြုံငုံခြင်း/ ပိုင်းခြားခြင်း)

ခြုံငုံသုံးသပ်တာဟာ တစ်ခါတစ်ရံမှာ အတော်ကလေး မှားပါတယ်။ အကုန်လုံးထဲက နည်းနည်း မကောင်းတာဟာ အကုန်လုံး မကောင်းတာ မဟုတ်ပါ။ ဥပမာ – ဦးဖြူဟာ လာဘ်စားတယ်၊ ကိုယ်ကျင့်တရား မကောင်းဘူး။ ဦးဖြူဟာ A ပါတီ က အမတ်တစ်ဦး ဖြစ်တယ်။ ဒါကြောင့် A ပါတီဟာ မကောင်းဘူး။ ဦးဖြူ မကောင်းတာဟာ A မကောင်းတာ မဟုတ်ပါ။ အဲဒီလိုပဲ ပိုင်းခြား သတ်မှတ်ခြင်း အပိုင်းမှာလည်း တစ်စုံတစ်ခုက လုပ်နိုင်တဲ့ အရာကို အဲ့ဒီတစ်စုံတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းက ပါလုပ်နိုင်မယ်လို့ ထင်တဲ့ ယူဆချက်မျိုးပါ။ ဥပမာ – လေယာဉ်တစ်စီးဟာ လေမှာပျံနိုင်တယ်။ အင်ဂျင်ဟာ လေယာဉ်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တယ်။ ဒါကြောင့် အင်ဂျင်ဟာ လေမှာပျံနိုင်တယ် … ဆိုတာမျိုးပါ။

Appeal to Authority (ပြောခွင့်ရှိသူဘက်လိုက်ခြင်း)

နယ်ပယ်တစ်ခုက ကျွမ်းကျင်သူ တစ်ယောက်ရဲ့ ပြောဆိုမှုကြောင့် ဟုတ်တယ် မှန်တယ်လို့ ထင်နေတတ်တာမျိုးပါ။ ဥပမာ – သွားဆရာဝန်များ၏ ထောက်ခံချက် ရရှိထားသော နံပါတ် ၁ သွားတိုက်ဆေး ဆိုတာမျိုးပေါ့။ ဘယ်က သွားဆရာဝန်လဲ၊ ဘယ်နှယောက်ကလည်း၊ တစ်ယောက်ထက်ပိုရင် ”များ” လို့ သုံးနှုန်းလို့ရပါတယ်။ တစ်ကမ္ဘာလုံး သွားဆရာဝန် ပေါင်းများစွာ ထဲက ဘယ်ကမှ မသိတဲ့ နှစ်ယောက် သုံးယောက်က ထောက်ခံတာနဲ့ပဲ အကောင်းဆုံးလို့ ယုံကြည်နိုင်ပြီလား။

Bandwagon (မိုးခါးရေသောက်ခြင်း)

ဒါကတော့ ရှင်းပါတယ်။ လူအများ မှန်တယ် လက်ခံကြလို့ ရောယောင်ပြီး လက်ခံမိတာမျိုး။ ကမ္ဘာကြီး ပြားတာကစလို့ ပြောရရင် ဆုံးမယ်တောင် မထင်ပါဘူး။ ဘယ်အခါမှာမှ လူအများ လက်ခံလို့ ကိုယ်လည်း လက်ခံပေးမယ် ဆိုတာမျိုး မဖြစ်ပါစေနဲ့။

Loaded Question (ချောင်ပိတ်မေးခွန်း)

မေးခွန်းတစ်ခုကို ဘယ်လိုဖြေဖြေ သူလိုချင်တာကိုပဲ ရအောင်မေးတဲ့ မေးခွန်းမျိုးပါ။ ဒါလည်းမှားတတ်ပါတယ်။ ဥပမာ – မင်းအရင်လို အရက်တွေ သောက်နေတုန်းပဲလား? သောက်တယ်ဖြေရင် သောက်တယ်ပေါ့။ မသောက်ဘူးဖြေရင် အရင်ကတော့ သောက်ခဲ့တာ မှန်ပါတယ်လို့ ဝန်ခံရာ ရောက်သွားမှာပါ။ သူလိုချင်တဲ့ အရက်သောက်ပါတယ် ဆိုတဲ့ အဖြေကိုပဲ ပေးရသလို ဖြစ်သွားပါတယ်။

Slippery Slope (ကုန်းလျောဆင်းခြင်း)

သင်္ချာပုစ္စာ တစ်ပုဒ် တွက်ရသလို အဆင့်ဆင့် မှန်သွားပြီးမှ နောက်ဆုံးအဖြေကို ရောက်သွားသလိုပါ။ ကြားတစ်ဆင့် မှားခဲ့ရင် အဖြေမှန်ဆီကို မရောက်နိုင်သလိုပါပဲ။
ဥပမာ – ကလေးတွေကို Closet (ကလေးသိပ်တဲ့ ခြင်းငယ်ကလေး) ထဲမှာပဲ ထားသင့်တယ်။နို့မို့ဆို သူတို့ အိမ်ထဲမှာ လျှောက်သွားနေမယ်။ ပြီးရင် ခြံထဲမှာ လျှောက်သွားမယ်။ ပြီးရင် အိမ်နီးချင်းအိမ်တွေကို သွားမယ်။ ပြန်လာရင် လမ်းမှာ လူကုန်ကူးတဲ့လူက စောင့်နေပြီး ဖမ်းခေါ်သွားလိမ့်မယ်။ ဒီလိုမျိုးပေါ့။ ဒါပြီးရင် ဒါဖြစ်မယ်။ နောက်ဆုံးကျ ဒါပဲဖြစ်မှာပဲလို့ ထင်နေတာမျိုးပါ။

Personal Incredulity (မယုံသင်္ကာဖြစ်ခြင်း)

ကိုယ်နားမလည်တဲ့ ကိစ္စတွေ ပါဝင်နေတာကြောင့် မယုံကြည်နိုင်ပဲ လက်မခံနိုင်တာကို ပြောတာပါ။ ဥပမာ – Big Bang မတိုင်ခင်က Time ဆိုတာ မရှိသေးဘူး – Time မရှိဘူးဆိုတာ မဖြစ်နိုင်ဘူးထင်တယ်။ Time အမြဲရှိနေတာပဲဟာကို။ -မဟုတ်ဘူးဗျ ၊ အခုတော့ရှိတယ်လေ၊ Big Bang မတိုင်ခင်က မရှိဘူးဗျ။ -မဖြစ်နိုင်တာတွေဗျာ Time ဆိုတာ အဲ့လိုရှိနေတယ်လို့ ကျုပ်တော့ဖြင့် တစ်ခါမှ မကြားဖူးဘူး။ အဲ့တော့ ခင်ဗျား Big Bang ကို မယုံဘူးဗျာ။ Dimension တစ်ခုဖြစ်တဲ့ Time ရဲ့ အလုပ် လုပ်ပုံကို နားမလည်တဲ့ အခါ ကျန်တာကိုပါ လက်မခံနိုင်တော့သလိုပါ။ တကယ့်အဖြစ်မှန်က မှန်နေတာကို ကိုယ့်ဟာကိုယ် နားမလည်တာနဲ့ပဲ မယုံဘူး၊ လက်မခံဘူး ဖြစ်သွားတာပါ။

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top