Facebook က ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၀ ခုနှစ် မေလအတွင်း အကြောင်းအရာ ဖယ်ရှားမှု အချက်အလက်အသစ်များကို ထုတ်ပြန်

Facebook-Data-Snapshot_Credit-to-Facebook.jpg

Facebook အဖွဲ့က ပဉ္စမအကြိမ်မြောက် လူမှုစံနှုန်းသက်ရောက်မှုအစီရင်ခံစာနဲ့အတူ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှုတော်တော်များများကို ထုတ်ပြန်ထားပါတယ်။ Facebook က ဘယ်လိုအကြောင်းအရာတွေကို ဖယ်ရှားခဲ့ပြီး ဘယ်လိုအကြောင်းအရာတွေကိုတော့ ချန်ထားခဲ့လဲဆိုတာကို ထုတ်ပြန်ထားတဲ့ အရေးကြီးတဲ့အချက်တွေကို စာဖတ်ပရိသတ်တွေ သိရှိစေဖို့ အချက်လေးတွေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။

လူမှုစံနှုန်းဆိုင်ရာ သက်ရောက်မှု အစီရင်ခံစာ

– ပဉ္စမအကြိမ်မြောက် လူမှုစံနှုန်းသက်ရောက်မှု အစီရင်ခံစာမှာဆိုရင်တော့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ကနေ ၂၀၂၀ ခုနှစ်၊ မတ်လ အတွင်း (Q4 2019 – Q1 2020) Facebook ရဲ့ မူဝါဒ သက်ရောက်မှုတွေနဲ့ ပတ်သက်တဲ့ လေ့လာဆန်းစစ်ချက်တွေပါဝင်ပါတယ်။ ဒါပေမဲ့လည်း အစီရင်ခံစာမှာ မတ်လအထိ အချက်အလက်တွေပဲပါဝင်တာကြောင့် ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားတဲ့ ကာလအတွင်း လုပ်ဆောင်ချက်တွေကိုတော့ အပြည့်အဝ ထည့်သွင်းဖော်ပြနိုင်ဦးမှာ မဟုတ်သေးပါဘူး။

– Facebook မှာဆိုရင် အသုံးပြုသူတွေက မတိုင်ကြားမီ အမုန်းစကား မူဝါဒကို ချိုးဖောက်တဲ့ အကြောင်းအရာ (၉၀%) ကို ကြိုတင်ရှာဖွေတွေ့ရှိပြီး ဖယ်ရှားပေးနိုင်ခဲ့ပါပြီ။ ဒီ ပမာဏဟာ ၂၀၁၈ ခုနှစ်တုန်းက ပထမဦးဆုံး ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲက ပမာဏထက် (၂၄%) တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

– Instagram မှာတော့ သေကြောင်းကြံစည်ခြင်းနှင့် မိမိကိုယ်ကို အနာတရဖြစ်စေခြင်းဆိုင်ရာ အကြောင်းအရာတွေကို ကြိုတင်ရှာဖွေစစ်ဆေးနိုင်မှုနှုန်းဟာ ပထမ(၃)လတာ ကာလပတ်မှာ (၈၉.၇%) ထိ တိုးလာခဲ့ပြီး ဒီလို တိုးတက်လာမှုဟာ အရင်က နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲက ကြိုတင်ရှာဖွေစစ်ဆေးနိုင်မှုနှုန်းထက် (၁၂) ပွိုင့် တိုးလာခဲ့ပါတယ်။ ရလဒ်ကတော့ ကျွန်တော်တို့ အရေးယူနိုင်ခဲ့တဲ့ အကြောင်းအရာ အရေအတွက်ပေါင်းဟာလည်း (၄၀%) တိုးလာခဲ့တာပါ။

ဒီ အစီအရင်ခံစာမှာ Facebook ရဲ့ မူဝါဒနယ်ပယ် (၁၂) ခု၊ Instagram ရဲ့ မူဝါဒနယ်ပယ် (၁၀) ခုနဲ့ ပတ်သက်တဲ့ လေ့လာဆန်းစစ်ချက် အသစ်တွေ ပါဝင်လာပါတယ်။

– အမုန်းစကား၊ အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်ပိုင်းဆိုင်ရာ အပြုအမူ၊ အကြမ်းဖက်မှုနှင့် အများပြည်သူ ကြည့်ရှုရန် မသင့်တော်သည့် ရုပ်ပုံများ အပါအဝင် အနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်းဆိုတဲ့ မူဝါဒနယ်ပယ်ဆိုင်ရာ အချက်အလက်တွေအပြင် အယူခံဝင်ခြင်းနဲ့ Facebook ကနေ ပြန်လည်ပြင်ဆင်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်တွေနဲ့ဆိုင်တဲ့ အချက်အလက်တွေကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

– Facebook နဲ့ Instagram မှာ အမုန်းတရားတွေ ဖြန့်ဝေဖို့ စီစဉ်လုပ်ဆောင်ခြင်း

လူသားဉာဏ်ရည်တုနဲ့ အမုန်းစကား

ကျွန်တော်တို့ရဲ့ အမုန်းစကား ရှာဖွေစစ်ဆေးမှု လုပ်ဆောင်ချက် တိုးတက်လာတာဟာ (လူမှုစံနှုန်း သက်ရောက်မှု အစီရင်ခံစာတွင် ဖော်ပြချက်အရ) မကြာသေးမီက နယ်ပယ်ကဏ္ဍချို့အတွက် အဆင်မြှင့်တင်မှုတွေ ပြုလုပ်ခဲ့တဲ့ လူသားဉာဏ်ရည်တု AI နည်းပညာ တိုးတက်မှုအပေါ်မှာ များစွာ မူတည်နေတာ တွေ့ရပါတယ်။

– ဘာသာစကားပေါင်းစုံအား သိရှိနားလည်နိုင်ခြင်း – အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကို ဘာသာစကား အမျိုးမျိုးနဲ့ ခွဲခြားသိရှိပြီး နားလည်နိုင်တာကြောင့် ဘယ်ဘာသာစကားနဲ့ ရေးထားလဲဆိုတဲ့ အမျိုးအစား ခွဲခြားပေးနိုင်စွမ်းကို ဖန်တီးပေးနိုင်ပါတယ်။ ဒါ့အပြင် ဘာသာစကားတစ်ခုကို လေ့လာသိရှိထားပြီဆိုရင် တစ်ခြား ဘာသာစကားတွေမှာပါ ခွဲခြားစစ်ဆေးနိုင်စွမ်းကို တိုးတက်စေပါတယ်။ အထူးသဖြင့် ဒီ နည်းပညာက အင်တာနက်ပေါ်မှာ အသုံးနည်းတဲ့ ဘာသာစကားတွေအတွက် အထောက်အကူ ဖြစ်စေပါတယ်။

– ပိုစ့်တစ်ခုလုံး သို့မဟုတ် ပုံစံမျိုးစုံ ပေါင်းစပ်ထားခြင်းကို သိရှိနားလည်ခြင်း – စာသားတစ်ခုတည်း၊ ဓာတ်ပုံတစ်ခုတည်းကိုပဲ ခွဲပြီး မှတ်သားထားတာမျိုး မဟုတ်တော့ဘဲ ပုံတွေ၊ စာတွေ အားလုံးကို ခြုံငုံပြီး ပိုစ့်တစ်ခုလုံးရဲ့ ဆိုလိုရင်းကို သိရှိနားလည်အောင် လေ့ကျင့်ပေးထားတဲ့ မှတ်ဉာဏ်စွမ်းရည် ဖြစ်ပါတယ်။ လက်ရှိမှာ ဒီနည်းပညာကို အကြောင်းအရာ အရေအတွက် အများကြီးထဲက ခွဲထုတ်ပြီး လေ့လာ ဆန်းစစ်နိုင်ဖို့ အသုံးပြုထားပါတယ်။

– လက်ရှိအချိန်မှာ နည်းပညာနယ်ပယ်တစ်ခုလုံးရဲ့ စိန်ခေါ်မှုဖြစ်တဲ့ အမုန်းတရား ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့ မကြာသေးမီက အသစ်ဖန်တီးခဲ့တဲ့ ပုံစံမျိုးစုံ ပေါင်းစပ်အကြောင်းအရာ (စာသားနဲ့ ရုပ်ပုံ) နမူနာပေါင်း (၁၀,၀၀၀) ကျော် ပါဝင်တဲ့ ပထမဦးဆုံးအကြိမ်မြောက် အမုန်းတရားဆိုင်ရာ ရုပ်ပြောင် memes အချက်အလက်ပေါင်းချုပ်ကို အားလုံး ဝင်ရောက်လေ့လာနိုင်တဲ့ ရင်းမြစ်အဖြစ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီ လုပ်ဆောင်ချက်ကြောင့် ပုံစံမျိုးစုံနဲ့ ဖန်တီးထားတဲ့ အမုန်းစကားတွေကို စစ်ဆေးဖော်ထုတ်ရာမှာ အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ဖို့ AI နည်းပညာနဲ့ သုတေသနလုပ်နေတဲ့ လူမှုအသိုင်းအဝိုင်းကို နည်းလမ်း အသစ်တွေ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်နိုင်အောင်၊ သူတို့ရဲ့ လက်ရှိလုပ်ဆောင်ချက်တွေနဲ့ နှိုင်းယှဉ် လေ့လာနိုင်အောင်၊ သူတို့ရဲ့ ရလဒ်တိုင်းတာတဲ့ စံချိန်စံနှုန်းတွေကို မြှင့်တင်နိုင်အောင် တွန်းအား ဖြစ်စေနိုင်မှာပါ။

COVID-19 သတင်းအချက်အလက်အမှားတွေ ဖယ်ရှားရာမှာ တိုးတက်လာမှုတွေ

– ဧပြီလအတွင်းမှာ ကျွန်တော်တို့ရဲ့မိတ်ဖက် ကြားခံပြင်ပအချက်အလက်စစ်ဆေးသူတွေဟာ အကြောင်းအရာပေါင်း (၇,၅၀၀) ဝန်းကျင်ကို အခြေခံပြီး Facebook ပေါ်က COVID-19 သတင်းအချက်အလက်အမှားတွေ ပါဝင်နေတဲ့ အကြောင်းအရာပေါင်း သန်း (၅၀) ခန့်မှာ သတိပေးချက် အမှတ်အသားတွေ ထည့်သွင်းပေးနိုင်ခဲ့ပါတယ်။

– အဲဒီသတိပေးတဲ့ အမှတ်အသားပြထားတဲ့ စာစုကို တွေ့လိုက်တဲ့အခါ (၉၅%) သော အသုံးပြုသူတွေက မူရင်းစာစုကို ဝင်ရောက် မကြည့်ရှုတော့ပါဘူး။

– မတ်လ (၁) ရက်နေ့ကစပြီး ကျန်းမာရေး နှာခေါင်းစည်း၊ လက်သန့်စင်ဆေးရည်၊ မျက်နှာပြင်ပိုးသတ်တဲ့ တစ်ရှူးနဲ့ COVID-19 စမ်းသပ်ရေး ကိရိယာတွေကို ကြော်ငြာမသုံးပေမယ့် ဒီအတိုင်း ပိုစ့်တင်ပြီး ရောင်းချတဲ့ အကြောင်းအရာပေါင်း (၂.၅) သန်းကျော်ကို ဖယ်ရှားခဲ့ပြီး ဖြစ်ပါတယ်။

ဒီလို စစ်ဆေးဖယ်ရှားနိုင်ဖို့ လွန်ခဲ့တဲ့နှစ်တွေကတည်းက လက်နက်နဲ့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု အကြောင်းအရာတွေကို စစ်ဆေးဖယ်ရှားရာမှာ ကျွန်တော်တို့ အသုံးပြုနေတဲ့ ကွန်ပျုတာပေါ်မှာ အမြင်နဲ့ အမျိုးအစား ခွဲခြားပေးနိုင်တဲ့ နည်းပညာကို စတင် အသုံးချခဲ့ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top