မြန်မာကြက်တောင်မယ် သက်ထားသူဇာ ပူးတွဲတတိယဆုရရှိ

thtzwinner302.jpg

လိုအပ်ချက်ဖြစ်တဲ့ Stamina နဲ့ Speed Power ကို ပိုလေ့ကျင့်သွားမယ်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ကမ္ဘာ့အဆင့်နိုင်ငံတကာကြက်တောင်ရိုက်ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ မြန်မာကြက်တောင်မယ် သက်ထားသူဇာက ထိုင်းကြက်တောင်မယ်နဲ့အတူ ပူးတွဲ တတိယဆုကို ရရှိခဲ့ပါတယ်။

”ကိုယ်လိုအပ်တဲ့အချက်တွေကို ပြန်သုံးသပ်ပြီး အကောင်းဆုံးကြိုးစားသွားမယ်။ တတိယဆုက ဒီ International Seriesမှာ အမှတ် ၁၇၅၀ ရတာပေါ့နော်။ ညီမရဲ့ အခု Ranking က ၇၃ ဆိုတော့ လာမယ့် အင်္ဂါနေ့မှာ ညီမရဲ့ Ranking က ပိုတက်သွားမှာပါ”လို့ သက်ထားသူဇာက ပြောပါတယ်။

အခုကျင်းပတဲ့ Myanmar International Series ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ပြိုင်ပွဲအမျိုးအစား ၅ မျိုးပါဝင် တာဖြစ်ပြီး မြန်မာနိုင်ငံက အမျိုးသမီး ၆ ဦးနဲ့ အမျိုးသား ၇ ဦး၊ စုစုပေါင်း ၁၃ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အနက် သက်ထားသူဇာတစ်ယောက်တည်းသာ ပူးတွဲတတိယဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

သက်ထားသူဇာဟာ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်ဒိုနီးရှားကြက်တောင်မယ် ဘာတရီကို ၁၅ – ၂၁ ၊ ၁၇ – ၂၁ နဲ့ နှစ်ပွဲပြတ်ရှုံးနိမ့်ခဲ့တဲ့အတွက် ပူးတွဲတတိယဆုကိုသာ ရရှိခဲ့တာ ဖြစ်ပါတယ်။ တတိယနေရာလုပွဲမရှိတဲ့အတွက်လည်း ထိုင်းနဲ့ ပူးတွဲရရှိတာ ဖြစ်ပါတယ်။

”ညီမရည်မှန်းထားတဲ့ အိုလံပစ်ကို ရောက်အောင်သွားမှာပါ။ ဒီကြားထဲမှာ အမှတ်တွေ လိုက်စုနေဦးမှာပါ။ အဲဒါကြောင့် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကျင်းပတဲ့ ပွဲတွေကိုပဲ ယှဉ်ပြိုင်နေတာပါ။ ညီမမှာ Stamina အပိုင်းနဲ့ Speed Power လိုအပ်ပါတယ်။ အဲဒါကို ပိုပြီး လေ့ကျင့်သွားမှာပါ”လို့ သက်ထားသူဇာက ပြောပါတယ်။

သက်ထားသူဇာဟာ အိုလံပစ်ဝင်ခွင့်ရဖို့အတွက် မော်လ်ဒိုက်စ်နိုင်ငံမှာ စက်တင်ဘာ ၁၇ ရက်ကနေ ၂၂ ရက်အထိ ကျင်းပမယ့် International Future Series 2019 ပြိုင်ပွဲ၊ စက်တင်ဘာ ၂၄ ရက်ကနေ ၂၉ ရက်အထိ ကျင်းပမယ့် International Challenge 2019 ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ဖို့လည်း ရှိနေပါတယ်။

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ကစားခွင့်ရဖို့ ကြိုးစားနေတဲ့ သက်ထားသူဇာဟာ အခုလက်ရှိမှာ ကမ္ဘာ့ အဆင့် ၇၃ မှာ ရှိနေတာဖြစ်ပြီး အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲအတွက် အိုလံပစ်ပြိုင်ပွဲဝင်ခွင့် ပဏာမလျာထား စာရင်းမှာ အဆင့် ၃၂ နေရာမှာ ရပ်တည်နေပါတယ်။

အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၃၀ ရက်မှာ ထုတ်ပြန်မယ့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ ဆုံးဖြတ်မှာဖြစ်ပါတယ်။ အဲဒီလိုသတ်မှတ်ရာမှာ ၂၀၁၉ ခုနှစ်၊ ဧပြီ ၂၉ ရက်ကနေ ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၂၆ ရက် အတွင်း ကစားတဲ့ပြိုင်ပွဲတွေရဲ့ စွမ်းဆောင်ရည်အလိုက် သတ်မှတ်မှာ ဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top