အလွန်အေးတဲ့ ဆောင်းညတစ်ညမှာ သူဌေးကြီးတစ်ယောက်က အိမ်ပြင်ထွက်လာတော့ အနွေးထည် မရှိရှာတဲ့ မရှိဆင်းရဲသား အဘိုးအိုတစ်ယောက်နဲ့ ဆုံတယ်။
” ခင်ဗျား မချမ်းဘူးလား။ အနွေးထည်လည်း မပါဘူး”
” ဟုတ်ကဲ့။ ကျွန်တော့်မှာ အနွေးထည်မရှိဘူး။ ဒါပေမဲ့ ဒီအအေးဒဏ်နဲ့ နေသားကျနေပါပြီ”
” ဟာ ဘယ်ဖြစ်မလဲ။ ခဏလေးစောင့်။ ကျွန်တော် အိမ်ထဲမှာ အနွေးထည်သွားယူပေးမယ်” လို့ သူဋ္ဌေးကြီးက ပြောပြီး အိမ်ထဲ ပြန်ဝင်သွားတယ်။
ဆင်းရဲသား အဘိုးအိုလည်း ပျော်သွားတာပေါ့။ သူဌေးကြီးက အိမ်ထဲရောက်သွားတော့ လုပ်စရာအလုပ်တွေ များပြီး အနွေးထည် ယူဖို့ရော၊ ဆင်းရဲသားအဘိုးအိုကိုရော မေ့သွားတယ်။
နောက်နေ့မနက် အိပ်ယာနိုးတော့မှ ဆင်းရဲသားအဘိုးအိုကို သူ သတိရသွားတယ်။ အိမ်ပြင်မှာ လိုက်ရှာကြည့်တော့ အဘိုးအိုက အအေးဒဏ်ကြောင့် သေနေပါပြီ။ အဘိုးအိုရဲ့ ရုပ်အလောင်းက ဆီးနှင်းတွေ ဖုံးလို့ပေါ့။ ဘေးမှာတော့ စာတစ်စောင်။
” အရင်တုန်းက အနွေးထည်မရှိပေမဲ့ အအေးဒဏ်ကို ရင်ဆိုင်နိုင်တဲ့ အင်အား ကျွန်တော့်မှာ ရှိတယ်။ ကျင့်သားရအောင် နေရတာကိုး။ ဒါပေမဲ့ ခင်ဗျားက ကူညီပေးမယ်လို့ ကတိပေးပြီးနောက်မှာ အဲဒီကတိကို ကျွန်တော် ယုံစားမိခဲ့တယ်။ အဲဒီယုံစားမှုနဲ့အတူ အအေးဒဏ်ကို ရင်ဆိုင်နိုင်တဲ့ အင်အားတွေပါ ပျောက်ရှသွားခဲ့တာပါ” လို့ စာထဲမှာ ရေးထားတယ်။
သင်ခန်းစာ
မတည်နိုင်တဲ့ ကတိတွေ မပေးမိဖို့ လိုပါတယ်။ ဒီကတိလေး မတည်မိတာ ဘာမှ မဖြစ်ပါဘူးလို့ သင် ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါဟာ သင့်အတွက် မဖြစ်စလောက်ဆိုပေမဲ့ တခြားသူအတွက် ဘဝကြီးတစ်ခုစာလည်း ဖြစ်နေနိုင်ပါတယ်။
Ref: Promise
NZ ( ရိုးရာလေး)