၁၅ နှစ်တိုင်တိုင် စကားမပြောတတ် ဟန်ဆောင်ပြီး မသန်စွမ်းပင်စင် ထုတ်ယူနေတဲ့ စပိန်အမျိုးသမီးတစ်ဦးရဲ့ ဟန်ဆောင်မှုကို အလွတ်စုံထောက်တစ်ဦးက ဖော်ထုတ်နိုင်ခဲ့ပါတယ်။
စပိန်နိုင်ငံ အန်ဒါလူစီယာဒေသမှ စူပါမားကတ်တစ်ခုမှာ အလုပ်လုပ်တဲ့ အမျိုးသမီးဟာ ၂၀၀၃ ခုနှစ်တုန်းက ဈေးဝယ်သူတစ်ဦးရဲ့ တိုက်ခိုက်ခြင်း ခံခဲ့ရပြီး အဲဒီဖြစ်ရပ်နောက်ပိုင်း post-traumatic stress disorder (ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့် ဝေဒနာ) ကြောင့် ဆွံ့အသွားခဲ့တယ်လို့ သတ်မှတ်ခံခဲ့ရတာပါ။
လုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်တာကြောင့် အာမခံကုမ္ပဏီက မသန်စွမ်းပင်စင်ပေးခဲ့ရပြီး အဲဒီအမျိုးသမီးက ၁၅ နှစ်တိုင်တိုင် ပင်စင်ထုတ်ယူနေခဲ့တာပါ။ ၂၀၁၉ ခုနှစ်မှာတော့ အာမခံကုမ္ပဏီက ဒီဖြစ်ရပ်ကို ပြန်သုံးသပ်ရင်း ရှေ့နောက် မညီညွတ်မှုတွေ ရှိနေတာ သတိထားမိတာကြောင့် ပြန်လှန်စစ်ဆေးမှုလုပ်နိုင်ဖို့ အလွတ်စုံထောက်တစ်ဦးကို ငှားရမ်းပြီး ဒီအမျိုးသမီး စကားပြောနိုင်ခြင်း ရှိ၊ မရှိဆိုတာကို စုံစမ်းစေခဲ့ပါတယ်။
တကယ်တမ်းမှာတော့ အဲဒီအမျိုးသမီးဟာ စကားပြောနိုင်ပြီး ကလေး ကျောင်းသွားကြိုတဲ့အခါ အခြားကလေးမိဘတွေနဲ့ ပုံမှန်အတိုင်း စကားပြောနေသလို ဖုန်းဆက်စကားပြောနိုင်တာကိုလည်း အလွတ်စုံထောက်က မှတ်တမ်းယူနိုင်ခဲ့ပါတယ်။ အထောက်အထား ပိုခိုင်လုံစေဖို့အတွက် အလွတ်စုံထောက်က လမ်းမသိသူတစ်ဦးအဖြစ် ဟန်ဆောင်ပြီး အဲဒီအမျိုးသမီးကို လမ်းညွှန်ပြခိုင်းချိန်မှာလည်း သူက စကားပြောကာ လမ်းညွှန်ပေးခဲ့ပြီး ဒီဖြစ်ရပ်ကိုလည်း မှတ်တမ်းယူနိုင်ခဲ့ပါတယ်။
အာမခံကုမ္ပဏီက ဒီမှတ်တမ်းတွေကို တရားရုံးမှာ တင်ပြပြီး မသန်စွမ်းပင်စင်ကို ပယ်ဖျက်ဖို့၊ ထုတ်ယူပြီးသား မသန်စွမ်းပင်စင်တွေ ပြန်ရလိုမှုနဲ့ လျှောက်ထားခဲ့တာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာတော့ အန်ဒါလူစီယာအထက်တရားရုံးက အာမခံကုမ္ပဏီကို အနိုင်ပေးခဲ့ပြီး မသန်စွမ်းပင်စင် လိမ်ညာထုတ်ယူခဲ့တဲ့ အမျိုးသမီးကို ဒဏ်ရိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Ref: Woman Fakes Muteness for 16 Years to Collect Disability Pension
NZ ( ရိုးရာလေး)