သီရိလင်္ကာနိုင်ငံမှာ ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေက ဝန်ကြီးချုပ်နေအိမ်ကို မီးရှို့

10-5-2022-yyl-05.jpg

သီရိလင်္ကာအစိုးရကို ထောက်ခံအားပေးသူတွေနဲ့ အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီးနောက်မှာ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ရာဂျာပါဆာမိသားစုနဲ့ လွှတ်တော်အမတ်တွေ ပိုင်ဆိုင်တဲ့ နေအိမ်တော်တော်များများကို မီးရှို့ခဲ့ကြပါတယ်။

သီရိလင်္ကာဝန်ကြီးချုပ် မာဟင်ဒါရာဂျာပါဆာ နုတ်ထွက်စွာ တင်တဲ့နေ့မှာပဲ အခုလို အုံကြွမှု ဖြစ်ပွားခဲ့တာပါ။ ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေက မာဟင်ဒါရာဂျာပါဆာ ခိုလှုံနေတဲ့ ဝန်ကြီးချုပ်အိမ်တော်ထဲအထိ ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ကြတာပါ။ ပြီးခဲ့တဲ့တနင်္လာနေ့က အုံကြွမှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လူ ၅ ယောက် သေဆုံးခဲ့ပြီး လူ ၁၉၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံ အာဏာပိုင်တွေက အုံကြွမှုတွေကို ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းနေပြီး လာမယ့်ဗုဒ္ဓဟူးနေ့နံနက်အထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။ ကုန်ဈေးနှုန်းမြင့်တက်မှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေကြောင့် သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့တဲ့လကစပြီး ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာပါ။ ဆန္ဒပြသူတွေက ဝန်ကြီးချုပ် မာဟင်ဒါရာဂျာပါဆာရဲ့ညီဖြစ်သူ သမ္မတ ဂိုတာဘာယာရာဂျာပါဆာကိုလည်း ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုထားကြပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့က မာဟင်ဒါရာဂျာပါဆာရဲ့ Temple Trees စံအိမ်အပြင်ဘက်မှာ အစိုးရကို ထောက်ခံအားပေးသူတွေနဲ့ ဆန္ဒပြသူတွေကြား အဓိကရုဏ်း ဖြစ်ပွားခဲ့ကြတာပါ။ အစိုးရကို ထောက်ခံအားပေးသူတွေက လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကျော်ဖြတ်ပြီး ဆန္ဒပြသူတွေကို တုတ်တွေနဲ့ ရိုက်နှက်ခဲ့ကြလို့ ရဲတပ်ဖွဲ့နဲ့ အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဓာတ်ငွေ့နဲ့ မီးသတ်ပိုက်တွေ အသုံးပြုခဲ့ကြပါတယ်။

ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေကလည်း အစိုးရထောက်ခံအားပေးသူတွေနဲ့ အာဏာရပါတီရဲ့ လွှတ်တော်အမတ်တွေကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့ပါတယ်။ အာဏာရပါတီလွှတ်တော်အမတ်တစ်ယောက်က သူ့ကား အဝိုင်းခံထားရချိန်မှာ လူ ၂ ယောက်ကို သေနတ်နဲ့ပစ်ခဲ့ပြီးနောက် သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့တယ်လို့ သီရိလင်္ကာရဲတပ်ဖွဲ့က ပြောပါတယ်။

ညနက်လာချိန်မှာ ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေက ရာဂျာပါဆာမိသားစု၊ ဝန်ကြီးအဖွဲ့ဝင်တွေနဲ့ လွှတ်တော်အမတ်တွေ ပိုင်ဆိုင်တဲ့ နေအိမ်တွေကို မီးရှို့တိုက်ခိုက်ခဲ့ကြတာပါ။ လူမှုကွန်ရက်ပေါ်က ရုပ်သံမှတ်တမ်းတွေအရ အိမ်တွေမီးလောင်နေချိန်မှာ လူအုပ်ကြီးက လက်ခုပ်သြဘာပေးခဲ့ကြတာ တွေ့ရပါတယ်။

သမ္မတနေအိမ်အနီးတစ်ဝိုက်မှာလည်း မီးရှို့မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

Ref: BBC ” Sri Lanka: Protesters torch leaders’ homes in night of unrest”

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top