သင်သတိမထားမိတဲ့ လက်သည်းနီရဲ့ အန္တရာယ်

healthy-nails-large.jpg

တောက်ပတဲ့အရောင်အသွေးတွေနဲ့ သစ်သီးနံ့လေးတွေမွှေးကြိုင်နေတဲ့ စွဲမက်ဖွယ်အရောင်တွေရဲ့ နောက်ကွယ်က အဆိပ်ဖြစ်စေနိုင် တဲ့အရာတွေက လက်သည်းအောက်ခြေကနေတဆင့် သွေးကြောတွေထဲရောက်ရှိသွားပြီး ကျန်းမာရေးဆိုင်ရာထိခိုက်မှုတွေဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။

လေ့လာမှုအသစ်တစ်ရပ်အရသိရပါတယ်။ လက်သည်းနီတွေထဲမှာ endocrine disruptor တစ်ရပ်ဖြစ်နိုင်ခြေရှိတဲ့ triphenyl phosphate (TPHP) ဆိုတဲ့ ဓာတ်တစ်မျိုးပါဝင်နေတယ်၊လို့ Environmental Working Group ကဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ လက်သည်းနီဆိုးပြီးတဲ့နောက်မှာ ၁၀ နာရီကနေ ၁၄ နာရီအကြာမှာ သွေးထဲကို TPHP တွေရောက်ရှိသွားတယ်၊ လိုပလေ့လာမှုအရသိရပါတယ်။

TPHP နဲ့ထိတွေ့မှုက မျိုးပွားအင်္ဂါနဲ့ ဖွံ့ဖြိုးကြီးထွားမှုအပိုင်းမှာ ပြဿနာရှိစေနိုင်တယ်၊လို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ TPHP ကို ပလပ်စတစ်နဲ့ သားရေအိမ်ထောင်ပရိဘောဂတွေပြုလုပ်တဲ့ နေရာမှာအသုံးပြုလေ့ရှိပါတယ်။

လက်သည်းနီအများစုမှာ အဆိပ်သင့်စေတယ်လို့သိထားကြတဲ့ ဓာတ်ပစ္စည်း ၃ မျိုးဖြစ်တဲ့ dibutyl phthalate (DBP)၊ toluene နဲ့ formaldehyde တို့ပါဝင်ကြပါတယ်။ TPHP လိုမျိုးပဲ DBP ကိုလည်းပလပ်စတစ်တွေထုတ်လုပ်ရာမှာ အသုံးပြုကြပါတယ်။ အဆိုပါဓာတု ပစ္စည်း နှစ်မျိုးက ဟောမုန်းတွေကို ကမောက်ကမဖြစ်စေပြီး မျိုးပွားမှုပိုင်းမှာထိခိုက်မှုဗတွဖြစ်ပေါ်စေနိုင်တယ်၊လို့တွေ့ရှိခဲ့ပါတယ်။ ဥရောပ သမဂ္ဂကတော့ အဆိုပါဓာတုပစ္စည်း ၂ မျိုးကို အလှကုန်တွေနဲ့အရုပ်တွေမှာ ထည့်သွင်းလုပ်ဆောင်တာမျိုးမလုပ်ဖို့တားမြစ်ထားပါတယ်။ DBP နဲ့ ခဏတာလောက်ထိတွေ့မိတာက မအိမသာဖြစ်စေနိုင်သလို အော့အန်တာတွေ၊ ခေါင်းကိုက်တာတွေ နဲ့ မျက်စိကိုထိခိုက်တာမျိုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ရေရှည်ထိတွေ့မယ်ဆိုရင်တော့ ကျောက်ကပ်နဲ့အသည်းကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။

Toluene ကတော့ လက်သည်းဆိုးဆေးကို အရောင်တောက်ပစေဖို့နဲ့ ချောမွေ့စေဖို့အတွက် အသုံးပြုတဲ့ဓာတုပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ Toluene ကိုဆိဆိုင်တွေမှာလည်း ရှုရှိုက်မိနိုင်ပါတယ်။ Toluene ကဓာတ်ဆီထဲမှာပါတဲ့ စွဲလန်းစေတတ်တဲ့ဓာတ်တစ်မျိုးပါ။ Toluene ကအရေပြားမှာ အနီရောင်အဖုအပိမ့်တွေထွက်တာကိုဖြစ်စေနိုင်သလို ဗဟိုအာရုံကြော စနစ်အပေါ်မှာလည်း သက်ရောက်မှုရှိတဲ့အပြင် အားနည်းတာနဲ့ စိတ်ရှုပ်ထွေးတာမျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အချိန်ကာလကြာမြင့်စွာထိတွေ့မယ်ဆိုရင်တော့ မျိုးပွားမှုပိုင်းဆိုင်ရာ ထိခိုက်မှုတွေ နဲ့ ကြီးထွားဖွံ့ဖြိုးမှုအပိုင်းတွေမှာပါ ထိခိုက်မှုတွေရှိလာတာကို တွေ့ရှိရမှာဖြစ်ပါတယ်။

လက်သည်းနီမှာပါတဲ့ အန္တရာယ်ဖြစ်စေနိုင်တဲ့ နောက်ထပ်ဓာတုပစ္စည်းတစ်မျိုးက formaldehyde ပဲဖြစ်ပါတယ်။ formaldehyde ကို သတ္တဝါအသေကောင်တွေကို မပုပ်အောင်လုပ်ဆောင်ရာမှာအသုံးပြုလေ့ရှိသလို ကောက်ပဲသီးနှံတွေ မပုပ်သိုးအောင်လည်းအသုံးပြုလေ့ရှိ ပါတယ်။ formaldehyde ကိုလက်သည်းနီအရောင်စွဲစေဖို့အတွက် လက်သည်းနီထဲမှာထည့်သွင်းအသုံးပြုကြတာဖြစ်ပါတယ်။ formaldehyde နဲ့ အချိန်ကြာမြင့်စွာထိတွေ့နေမယ်ဆိုရင် လည်ချောင်း နဲ့ အဆုတ်ထဲမှာ မအီမသာဖြစ်တာမျိုးတွေခံစားရနိုင်ပြီး အရေပြားမှာ အနီကွက်တွေထွက်တာ နဲ့ ကင်ဆာဖြစ်တာမျိုးတွေအထိဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

အဆိုပါ အဆိပ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေအပြင် လက်သည်းနီတွေထဲမှာ ကားမှုတ်ဆေးတွေ၊ မီးပန်းတွေနဲ့ ဒိုင်းနမိုက်တွေထဲမှာ အသုံးပြုတဲ့ nitrocellulose ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးပါဝင်နေပါတယ်။ လက်သည်းဆိုးတဲ့အချိန်မှာရော လက်သည်းနီဖျက်တဲ့အချိန်မှာ အသုံးပြုတဲ့ပစ္စည်းတွေမှာ မျက်စိ နဲ့ အဆုတ်ကို ထိခိုက်စေနိုင်တဲ့ ဓာတ်တုပစ္စည်းတွေပါဝင်နေပါတယ်။ အဆိုပါဓာတုပစ္စည်းတွေက ကျန်းမာရေးကိုထိခိုက်စေနိုင်သလို အသက်ရှုလမ်းကြောင်းစနစ် ကိုထိခိုက်စေနိုင်သလို လက်သည်းတွေနဲ့ အရေပြားကိုပါ ထိခိုက်ပျက်စီးစေ နိုင်ပါတယ်။

လေ့လာသိရှိရသလောက် အန္တရာယ်ကင်းတယ်ဆိုတဲ့ လက်သည်းဆိုးဆေးဆိုတာက မရှိသလောက်ပါပဲ။ လက်သည်းနီကြိုက်နှစ်သက်တဲ့ ပျိုမေတွေအတွက် ခန္ဓာကိုယ်ကို ထိခိုက်မှုတွေရှိလာစေနိုင်မယ့် လက်သည်းနီတွေမဆိုးဘဲလက်သည်းလေးတွေကို သန့်ရှင်းလှပအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

လက်သည်းလေးတွေအရောင်တောင်ပအောင် အိမ်တွင်းနည်းလမ်းလေးတွေသုံးပြီးလုပ်ဆောင်မယ်

သံလွင်ဆီ

သံလွင်ဆီက ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ သံလွင်ဆီမှာပါဝင်တဲ့ linoleic အက်ဆစ်က အစိုဓာတ်ထိန်းပေး ပါတယ်။ လက်သည်းကိုရေဓာတ်မခမ်းခြောက်အောင်လုပ်ဆောင်ပေးပြီး လက်သည်းလေးတွေကို အရောင်တောက်ပနေစေမှာဖြစ်ပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာ လက်သည်းကို တောက်ပစေတဲ့ ပရိုတင်း၊ အာဟာရဓာတ်တွေ နဲ့အဆီတွေပါဝင်ပါတယ်။ ထောပတ်သီးကို နေ့စဉ်စားသုံးပေးမယ်ဆိုရင် phytonutrients တွေကိုရရှိစေနိုင်သလို ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သတ္တုဓာတ်တွေ နဲ့ အခြားအရေးပါတဲ့ ဗီတာမင်ဓာတ်တွေကိုပါရရှိစေပါတယ်။ ထောပတ်သီးဆီကို လက်သည်းပေါ်လိမ်းပေးမယ်ဆိုရင် လက်သည်းခြောက်သွေ့မှု ကင်းဝေးစေမှာ ဖြစ်ပါတယ်။ ထောပတ်သီးအဆီမှာ ဓာတ်တိုးဆန့်ကျင်အစွမ်းသတ္တိတွေပါဝင်နေသလို ဗီတာမင် A၊ B၊ B1၊ B2၊ D နဲ့ E၊ beta-carotene နဲ့ ပိုတက်ဆီယမ်တွေပါဝင်နေပြီး အဆိုပါ ဓာတ်တွေက လက်သည်းကိုကျန်းမာစေပြီး အရောင်တောက်ပစေပါတယ်။

Baby Oil

ရေနဲ့ထိတွေ့မှုများတာက လက်သည်းတွေကို သန်မာစေဖို့ လိုအပ်တဲ့လက်သည်းတွေပေါ်မှာရှိတဲ့ keratin တွေကို ပျက်စီးစေနိုင်ပါတယ်။Baby oil ကလက်သည်းပေါ်က keratin တွေကိုထိန်းသိမ်းပေးပြီး လက်သည်းကိုထိခိုက်ပျက်စီးမှုမရှိအောင် ကာကွယ်ပေးပါတယ်။

အုန်းဆီ

အုန်းဆီက ဗီတာမင် E၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေ၊ lauric အက်ဆစ်နဲ့ caprylic ၊ လက်သည်း၊ခြေသည်း၊ဆံပင် နဲ့အရေပြားအတွက်မရှိမဖြစ်လိုအပ်တဲ့ အဆီတွေပါဝင်နေတဲ့ သဘာဝအဆီတစ်မျိုးဖြစ်သလို ကူးစက်ပိုးတွေနဲ့မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်စွမ်းလည်းရှိ ပါတယ်။ လက်သည်းတွေကို ပျော့ပျောင်းစေပြီး လက်ကို အစိုဓာတ်ထိန်းပေးတဲ့အပြင် လက်စွယ်မပဲ့အောင်လည်းထိန်းသိမ်းပေးပါတယ်။

သံပုရာရည်

သံပုရာရည်က သဘာဝအစွန်းချွတ်ဆေးတစ်မျိုးပါ။ လက်သည်းပေါ်က အစွန်းအထင်းတွေကို ဖယ်ရှားပေးပြီး လက်သည်းကိုတောက်ပနေစေမှာဖြစ်ပါတယ်။

မုန့်ဖုတ်ဆော်ဒါ

လက်ကိုပုံမှန်ဆေးတာက လက်သည်းရော လက်ကိုပါသန့်ရှင်းစေနိုင်ပါတယ်။ လက်သည်းတွေကို သန့်စင်အောင်လုပ်လို့ရတဲ့ နည်းလမ်း တစ်ရပ်က မုန့်ဖုတ်ဆိုဒါကို ရေစွတ်ထားတဲ့ သွားပွတ်တံမှာတင်ပြီး လက်သည်းလးတွေကို တိုက်ပေးပါ။ လက်သည်းရှည်သူတွေအနေနဲ့လည်း လက်သည်းအောင်ဘက်ခြမ်းလေးထဲကို တိုက်ပေးပါ။ လက်သည်းပိုပြီးအရောင်တောက်ချင်တယ်ဆိုရင်တော့ မုန့်ဖုတ်ဆော်ဒါထဲကို သံပုရာရည် တစ်စက်နှစ်စက်လောက်ထည့်ပြီး လက်သည်းတွေကိုသန့်ရှင်းပေးပါ။

အထက်ပါနည်းလေးတွေအတိုင်းလုပ်ဆောင်ပြီး လက်သည်းနီမဆိုးဘဲ လှပတောက်ပြောင်တဲ့လက်သည်းလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
[ ဤဆောင်းပါးကို ရိုးရာလေး ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။ ]

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top