ကျန်းမာပြီး ကြံ့ခိုင်တဲ့ကိုယ်ခန္ဓာတစ်ခု ရဖို့ဆိုရင် ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အမျှင်ဓာတ် မျှမျှတတနဲ့ လုံလုံလောက်လောက်စားဖို့လိုတယ်ဆိုတာ သိကြမှာပါ။ ဒါပေမယ့်လည်း ကိုယ်ကြိုက်တာချည်းပဲ ကိုယ်ရွေးစားတဲ့သူတွေ များနေတော့ အာဟာရဓာတ်တွေ ပိုနေတာက ပို၊ လိုနေတာကလိုတာတွေ ဖြစ်နေတော့တာပေါ့ ။
ဒီနေ့ပြောမယ့် ဆောင်းပါးလေးကတော့ ပရိုတင်း လုံလုံလောက်လောက် မစားထားကြောင်းကို ပြနေတဲ့ အချက် (၅) ချက်အကြောင်းပဲ ဖြစ်ပါတယ်။ ကိုယ့်မှာ ဒီအချက်တွေ ရှိနေပြီဆိုရင်တော့ အသားတွေ၊ ပရိုတင်းတွေ မြန်မြန်သားပြေးစားပေတော့ဗျို့ ။ ။
ပရိုတင်းဓာတ်ချို့တဲ့နေပြီဆိုတာကို ကိုယ်ခန္ဓာက ဘယ်လိုပြနေလဲ
ဒီလိုပရိုတင်းချို့တဲ့တဲ့ ပြဿနာဟာ သတ်သတ်လွတ်စားတဲ့သူတွေနဲ့ အသားစားဖို့ ကြေးများတဲ့သူတွေမှာ ပိုတွေ့ရတတ်ပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် ။ ။
( ၁ ) အရိုးကျိုးလွယ် အက်လွယ်တာ
ထိုင်ခုံအပုလေးပေါ်ကနေ ပြုတ်ကျတာ၊ ချော်လေးလဲတာလောက်နဲ့တင် အရိုးအက်၊ အရိုးကျိုးသွားပြီဆိုရင် သေချာပါတယ်။ သင့်ကိုယ်ထဲမှာ ပရိုတင်းဓာတ်ချို့တဲ့နေပါပြီ။ အရိုးတစ်ခုကြံ့ခိုင်ဖို့ ကယ်လ်ဆီယမ်ဓာတ်က အရေးကြီးသလိုပဲ ပရိုတင်းများများရှိုဖို့ကလည်း အဓိကကျပါတယ်။ ဒါ့အပြင်ကိုယ်တွင်းက ကလီစာတွေ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက် ပရိုတင်းများများရှိဖို့လိုပါတယ်။ ဒါကို ကိုယ်က နည်းနည်းပဲစားတဲ့အခါ လိုအပ်နေတဲ့ပရိုတင်းကို အခြားပရိုတင်းကြွယ်ဝတဲ့နေရာတွေကနေဖြစ်တဲ့ ( အရိုး) တွေကယူကြတဲ့အတွက် ပရိုတင်းချို့တဲ့တဲ့သူတွေမှာ အရိုးပြဿနာတွေ အဖြစ်များတာဖြစ်ပါတယ်။
( ၂ ) ဆံပင်တွေ လက်သည်းတွေ ကျိုးကျေလွယ်နေတာ
ဆံသားနဲ့ လက်သည်းတွေအတွက် ပရိုတင်း အဓိကလိုအပ်တာကြောင့် ပရိုတင်းဓာတ်ချို့တဲ့နေတဲ့အခါ လက်သည်းတွေပျော့နေတာ ကျိုးကျေလွယ်တာတွေဖြစ်တတ်ပြီး ဆံပင်တွေလည်း နှစ်ခွဖြတ်တာ၊ အဖျားပြတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ နောက်ပိုင်းကျရင် ဆံပင်တွေကျွတ်ကုန်ပြီး အသစ်ပြန်ပေါက်ဖို့ ပရိုတင်းဓာတ်လည်း အလုံအလောက်မရှိတော့တာကြောင့် ဆံပင်ပါးတဲ့ ပြဿနာတွေ ပါရင်ဆိုင်ရတတ်ပါတယ်။
( ၃ ) ကိုယ်အလေးချိန်ကျဆင်းလာတာ
ကိုယ်ခန္ဓာမှာ အရိုးလိုပဲ နောက်ထပ်ပရိုတင်းတွေ အများကြီး သိုလှောင်ထားတဲ့နေရာတစ်ခုရှိပါသေးတယ်။ ဒါကတော့ ကိုယ်ပေါ်က ကြွက်သားတွေပါ။ ပရိုတင်း လုံလောက်အောင် မစားမိတဲ့အခါ ပရိုတင်းလိုအပ်နေတဲ့ ကလီစာတွေက ပရိုတင်းရဖို့အတွက် ကြွက်သားတို့အရိုးတို့က ပရိုတင်းတွေကို ဖြိုခွဲပြီး သုံးတတ်ကြပါတယ်။ ဒီလိုနဲ့နောက်ပိုင်း ကြွက်သားတွေ လျော့ရဲလာပြီး ကိုယ်အလေးချိန်ပါ ကျဆင်းလာမှာ ဖြစ်ပါတယ်။
( ၄ ) အားနည်းသလိုမျိုး ခံစားရပါလိမ့်မယ်
ပရိုတင်းချို့တဲ့တာကြောင့် ချက်ချင်းကြီးတော့ ပင်ပန်းသွားမှာမဟုတ်ပေမယ့် တဖြည်းဖြည့်းကြာလာတဲ့အခါ အခြားသူတွေထက်ပိုပြီး နုန်းခွေမောပန်းတဲ့ ပြဿနာတွေ ကြံုံတွေ့ရမှာပါ။ ကြွက်သားတွေအားနည်းရုံသာမက သွေးနီဥဖြစ်တဲ့ hemoglobin ဖွဲ့စည်းဖို့ ပရိုတင်းလိုအပ်တာကြောင် သွေးအားနည်းတဲ့ ပြဿနာတွေပါ ခံစားရမှာပါ။
( ၅ ) ခုခံအားနည်းပြီး အအေးမိလွယ်နေတတ်ပါတယ်
ကိုယ်တွင်းခုခံအားအတွက် ပရိုတင်းကမရှိမဖြစ် အရေးကြီးတဲ့အရာတစ်ခုပါ။ ခုခံအားစနစ်ရဲ့ တပ်သား immunoglobulin ကို amino protein နဲ့ပဲ ဖွဲ့စည်းရတာဆိုတော့ ပရိုတင်းချို့တဲ့တဲ့အခါ ခုခံအားလည်း အလိုလိုအားနည်းသွားပါလိမ့်မယ်။
ဒါတွေကတော့ ပရိုတင်းဓာတ်ချို့တဲ့တဲ့အခါ ဖြစ်လာမ့ယ့် အထင်ရှားဆုံးပြဿနာတွေပါ။ ဒါ့ကြောင့် ကိုယ်စားတဲ့ အစားအသောက်တွေထဲမှာ
- အသားငါးအမျိုးမျိုး
- ပဲ အမျိုးမျိုး
- နို့နဲ့ နို့ထွက်ပစ္စည်း တွေ
- ကြက်ဥ ဘဲဥတွေ ပါဖို့တော့ လိုမယ်နော်
Ref: Helloဆရာဝန်
ရေးသားသူ – Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win