ကိုဗစ်အတွက် အပူချိန်တိုင်းတာစစ်ဆေးခြင်းက ကိုဗစ်ပိုးရှာဖွေရာမှာ အထောက်အကူဖြစ်ရဲ့လား

4-2-2022-yyl03-1.jpg

ဖျားနာခြင်းက ကိုဗစ်ကူးစက်ရောဂါရဲ့ထင်ရှားတဲ့လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ ကိုဗစ်ရောဂါပိုးတွေ့ရှိတဲ့သူတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်က ကိုဗစ်ရောဂါရှိတယ်ဆိုတာ မသိရသေးခင် ကနဉီးအဆင့်မှာ အဖျားတက်ခြင်း (သို့) ချမ်းတုံ့ခြင်းတွေဖြစ်ကြပါတယ်။ အဲဒါကြောင့်ပဲ ကိုဗစ်ကူးစက်ခံရတဲ့သူတွေကို စစ်ဆေးပြီး ရောဂါမပြန့်ပွားစေဖို့ ကာကွယ်တဲ့အနေနဲ့ အပူချိန်တိုင်းတာတဲ့စနစ်ကို နေရာတော်တော်များများမှာ ထားကြပါတယ်။ ဈေးဝယ်စင်တာထဲဝင်မယ်ဆိုရင်လည်း လက်သန့်ဆေးသုံတား၊ အပူချိန်တိုင်းတာတာတွေလုပ်ကြတပါတယ်။ ဒါပေမဲ့ အဖျားစစ်ဆေးတာက ရောဂါလက္ခဏာမပြတဲ့ကိုဗစ်လူနာတွေနဲ့တွေ့ရင်တော့ ပြဿနာဖြစ်နိုင်ပါတယ်။

ကိုဗစ်ရောဂါလက္ခဏာရပ်က ခန္ဓာကိုယ်အပူချိန်မြင့်တက်တာ တစ်ခုတည်းမဟုတ်ပါဘူး။ နှာစေးတာ၊ ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းလျတာ၊ လည်ချောင်းနာတွေကလည်း ကိုဗစ်လက္ခဏာရပ်တွေဖြစ်ပြီး အပူချိန်တိုင်းတာနဲ့မသိနိုင်ပါဘူး။ အပူချိန်တိုင်းတာခြင်းက ဖျားနာတဲ့လက္ခဏာပြနေတဲ့အချိန်မှာသာ အကူအညီဖြစ်နိုင်ပါတယ်။ မဖျားနာဘဲ ကိုဗစ်ရောဂါဖြစ်တဲ့သူတွေတော်တော်များများ ရှိနိုင်တဲ့အတွက်ကြောင့်ပါ။

အခုဆိုရင် ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ကူးစက်မှုတွေလည်း ရှိနေပါတယ်။ လူတစ်ယောက်က ရောဂါကူးစက်ခံနေရလား မကူးစက်ခံရဘူးလားဆိုတာ သိရဖို့ ပိုပြီးတောင် ခက်ခဲပါတယ်။ အိုမီခရွန်က သာမန်အအေးမိတာလို လက္ခဏာရပ်တွေဖြစ်ပြီး ရောဂါလက္ခဏာက မပြင်းထန်ပါဘူး။ ဒါ့အပြင် အိုမီခရွန်ရဲ့ကနဉီးလက္ခဏာက ဖျားနာတာမဟုတ်ပါဘူး။ UK အခြေစိုက်လေ့လာမှုတစ်ခုအရ နှာစေးတာ၊ ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းလျာတာနဲ့ နှာချေတာတွေက မျိုးကွဲသစ်ရဲ့ကနဉီးလက္ခဏာတချို့ဖြစ်ပါတယ်။ အိုမီခရွန်ကူးစက်ခံရတဲ့လူတွေရဲ့ ၇၃ ရာခိုင်နှုန်းက နှာစေးကြတာပါ။ ၆၈ ရာခိုင်နှုန်းက ခေါင်းကိုက်ပြီး ၆၄ ရာခိုင်နှုန်းက ပင်ပန်းနွမ်းလျတာနဲ့ ၆၀ ရာခိုင်နှုန်းက နှာချေတာတွေ ကြုံတွေ့ခံစားကြရပါတယ်။ ကာကွယ်ဆေးထိုးထားတဲ့သူတွေအတွက်ရော ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေအတွက်ပါ ရောဂါလက္ခဏာက အတူတူပါပဲ။

အပူချိန်တိုင်းကိရိယာရဲ့တိကျမှု မသေချာ

တချို့လေ့လာချက်တွေက အနီအောက်ရောင်ခြည်သုံးအပူချိန်တိုင်းကိရိယာတွေရဲ့တိကျမှုက ဒီဂျစ်တယ်အပူချိန်တိုင်းကိရိယာတွေနဲ့ တူညီတယ်လို့ အကြံပြုထားပေမဲ့ အမှားအယွင်းဖြစ်နိုင်ခြေရှိတယ်ဆိုတာကို ငြင်းလို့မရနိုင်ပါဘူး။ အနီအောက်ရောင်ခြည်သုံးအပူချိန်တိုင်းကိရိယာနဲ့ စစ်ဆေးမယ့်အစား အနံ့ပျောက်တာကို အကဲဖြတ်တဲ့ scratch-and-sniff စစ်ဆေးမှုက ကိုဗစ်-၁၉ ရှာဖွေရာမှာ ပိုမိုအထောက်အကူပြုနိုင်တယ်လို့ ဘရာဇီးလေ့လာမှုတစ်ခုက ဆိုထားပါတယ်။ လေ့လာစဉ်အတွင်း အပူချိန်တိုင်းတာတာက များစွာသောအခြေအနေတွေမှာ ကိုဗစ်-၁၉ ကူးစက်မှုကို မရှာဖွေနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

လက်ရှိ ကိုဗစ်မျိုးကွဲသစ်အိုမီခရွန်ကလည်း ဖြစ်နေတဲ့အတွက် ကျွန်တော်တို့တွေ ဘယ်လောက်ကြာအောင်ထိ ကိုဗစ်ရောဂါကို ကျော်လွှားရဉီးမှာလဲဆိုတာ မသိနိုင်ပါဘူး။ အပူချိန်တိုင်းတာတာက လူအများကြီးကြားမှာ ရောဂါပိုးမပျံ့နှံ့ဖို့ ကာကွယ်တဲ့ နည်းလမ်းတစ်ခုသာဖြစ်ပါတယ်။ ၁၀၀ ရာခိုင်နှုန်းတိကျတယ်လို့ ပြောလို့မရနိုင်ပါဘူး။ ဒါကြောင့် လူတစ်ဉီးတစ်ယောက်စီတိုင်းက ရောဂါပိုးကူးစက်နိုင်ခြေကို လျော့ချဖို့ တာဝန်သိစွာ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ သင်က ရောဂါရှိသူနဲ့ ထိတွေ့မိပြီး ရောဂါလက္ခဏာတစ်စုံတရာပြရင် အခြားသူတွေ ကူးစက်မခံရဖို့အတွက် သီးခြားနေထိုင်ပါ။ ဒါ့အပြင် ရောဂါကူးစက်မခံရဖို့အတွက် လက်ကို ပုံမှန်ဆေးတာ၊ Mask တပ်တာအပါအဝင် ကိုဗစ်စည်းမျဉ်းတွေကို ကိုယ်ပိုင်အသိစိတ်နဲ့ လိုက်နာပေးရမှာဖြစ်ပါတယ်။

Ref: Is Temperature Screening For COVID Helpful In Detecting Coronavirus?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top