မေတ္တာတရားရှေ့ထားပြီး ကျောင်းသား(၃) ဦးရဲ့ဖခင်အတွက် ကျောက်ကပ်လှူဒါန်းပေးခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီး

yyl-012-20.jpg

တခြားသူတစ်ယောက်ကို ကျောက်ကပ်လှူဒါန်းပေးဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ကျောက်ကပ်လိုအပ်နေတဲ့လူဆီက ဘာအကျိုးအမြတ်မှမယူဘဲ မေတ္တာတရားရှေ့ထားပြီး လှူဒါန်းပေးခဲ့တဲ့ သူတစ်ယောက်ရှိပါတယ်။ အဲဒါကတော့ တက္ကဆပ်ပြည်နယ်က ကျောင်းအုပ်ဆရာမကြီးပါပဲ။ ဆာရက် စကတ်ချာ (Sarah Schecter) ဆိုတဲ့ အဲဒီကျောင်းအုပ်ဆရာမကြီးဟာ သူ့ရဲ့ကျောင်းမှာ တက်ရောက်နေတဲ့ ကလေး (၃) ဦးရဲ့ဖခင် နိတ် ဂျုန်း (Nate Jones) ကို ကျောက်ကပ်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ကျောင်းက ကလေးတွေကို ဖခင်မဲ့သွားမှာဆိုးတာကြောင့် မေတ္တာတရားအပြည့်နဲ့ လှူဒါန်းပေးခဲ့တာပါ။

ကျောင်းသားလေးတွေရဲ့ဖခင် ဂျုန်းက ၂၀၁၈ခုနှစ်မှာ မျက်လုံးအမြင်အာရုံပြောင်းလဲနေတာကို သတိထားမိခဲ့ပြီး မျက်စိဆရာဝန်ဆီသွားပြခဲ့ပါတယ်။ မျက်စိအထူးကုဆရာဝန်က အထွေထွေရောဂါကု ဆရာဝန်နဲ့ပြကြည့်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီနောက်မှာ အရေးပေါ်အခန်းကို ရောက်ခဲ့ပြီး ကျောက်ကပ်ပျက်စီးနေတာကို သိခဲ့ရပါတယ်။ ကျောက်ကပ်အစားထိုးတာက သူ့အတွက် အကောင်းဆုံးရွေးချယ်မှုပဲလို့ ဆေးရုံက ပြောခဲ့ပါတယ်။ ဂျူန်းက “ခေါင်းကိုက်တာလည်းမရှိဘဲ ကျန်းမာနေတာ၊ ဘာမှလဲမဖြစ်ဘူး၊ အခုတော့ ကျောက်ကပ်အစားထိုးဖို့လိုအပ်တယ်လား” ဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

ကျောက်ကပ်အစားထိုးရမယ်ဆိုတာကို လူသိမခံခဲ့ပေမယ့် ဂျုန်းရဲ့ဇနီးက ကလေးတွေရဲ့ စာသင်ကြားမှုမှာ အနှောင့်အယှက်ဖြစ်မှာဆိုးတဲ့အတွက် သူ့ရောဂါအကြောင်းကို သူ့ကလေးရဲ့ဆရာမတွေနဲ့ ကျောင်းအုပ်ကို ထုတ်ပြောခဲ့ပါတယ်။ အဲဒီအကြောင်းကြားပီး ခဏအကြာမှာ ကျောင်းအုပ်ဆရာမကြီးက ဝန်လေးသလိုခံစားခဲ့ရပါတယ်။ ကျောင်းက ကလေးတွေက သူတို့ရဲ့ဖခင်ကို ဆုံးရှုံးရနိုင်တာကို တွေးမိခဲ့တဲ့အတွက် သူတို့ကို ဖခင်ရှိစေချင်ခဲ့တယ်လို့ ကျောင်းအုပ်ဆရာမကြီး ဆာရက်က ပြောပါတယ်။

လတော်တော်အကြာမှာ ဂျူန်းအတွက် ကျောက်ကပ်အစားထိုးဖို့ ကိုက်ညီမှုရှိမရှိစမ်းသပ်ချင်တယ်လို့ ဂျုန်းရဲ့ဇနီးကို ကျောင်းအုပ်ဆရာမကြီးက ပြောခဲ့ပါတယ်။ ဆာရက်က သူလုပ်လိုက်တဲ့အရာက ကောင်းမှန်းသိပေမယ့် သူ ကြောက်နေခဲ့ပြီး သူ ဆုံးဖြတ်ချက်ချလိုက်တဲ့အရာတစ်ခုအပေါ်မှာ အရမ်းစဉ်းစားတတ်တဲ့သူမျိုးဖြစ်တယ်လို့ ပြောပါတယ်။ ဆာရက်နဲ့ ဂျုန်းတို့က ကျောက်ကပ်အစားထိုးဖို့အတွက် ကိုက်ညီခဲ့ပြီး ၂၀၂၀ခုနှစ် ဇန်နဝါရီ (၁၃) ရက်နေ့မှာ အောင်အောင်မြင်မြင်နဲ့ ကျောက်ကပ်အစားထိုးခွဲစိတ်မှုပြီးမြောက်ခဲ့ပါတယ်။

Ref: Texas school principal donates kidney to father of 3 students

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top