ကျားသစ်တစ်ကောင်ကို ကယ်တင်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံဟာ ၅ နှစ်အကြာမှာ ဆုရခဲ့

98774060_8__taru_khedle.jpg

၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၈ နာရီပတ်ဝန်းကျင်မှာ အာနန် ဘိုရာ (Anand Bora) ဆီကို ကျားသစ်တစ်ကောင် ရေတွင်းထဲ ပြုတ်ကျနေကြောင်း အကြောင်းကြားတဲ့ ဖုန်းကောတစ်ကော ဝင်လာပါတယ်။ ကျားသစ် ပြုတ်ကျနေတဲ့ ရေတွင်းကတော့ အိန္ဒိယ နိုင်ငံအနောက်ပိုင်း မဟာရရှတရ ပြည်နယ် (Maharashtra) မှာ ရှိတယ်လို့ ဖုန်းဆက်သူက ဆိုပါတယ်။

ဘိုရာ ဟာ ကျောင်းဆရာတစ်ယောက်ဖြစ်တဲ့အပြင် ဝါသနာအရ တောရိုင်းတိရစ္ဆာန်တွေအကြောင်း မှတ်တမ်းတင်ရိုက်ကူးတဲ့ ဓာတ်ပုံဆရာ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ သစ်တောဝန်ထမ်းတွေ တောရိုင်းတိရစ္ဆာန်တွေကို ကယ်ဆယ်ပေးတဲ့အချိန်တွေမှာ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးလေ့ရှိသူ တစ်ယောက်ပါ။

ဒါနဲ့ပဲ ဘိုရာဟာ ကျားသစ် ပြုတ်ကျနေတဲ့ ရေတွင်းရှိရာ ဘူဘာလီ (Bubali) ဆိုတဲ့ ရွာလေးဆီကို အပြေးသွားပြီး ရေတွင်းထဲက ကျားသေ့ကို ၃ နာရီခွဲကြာ ကယ်ဆယ်ခဲ့ရတဲ့ လုပ်ငန်းကို မှတ်တမ်းတင်ခဲ့ပါတယ်။

နောက်ဆုံးမှာ သူ့ရဲ့ ဝါသနာက အကျိုးပေးလာခဲ့ပါပြီ။ ဘာကြောင့်လဲဆိုတော့ ဘိုရာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေထဲက ကျားသစ်ဟာ သူကို ကယ်ဆယ်ပေးနေတဲ့ သူတွေကို မော့ကြည့်နေတဲ့ ဓာတ်ပုံဟာ ထင်ရှားတဲ့ တောရိုင်းတိရစ္ဆာန် ဓာတ်ပုံပညာဆုကို ပြီးခဲ့တဲ့ အပတ်က အိန္ဒိယ နိုင်ငံမှာ ဆုရသွားခဲ့လို့ပါပဲ။

အခုလို ဒီဓာတ်ပုံ ဆုရသွားတာကြောင့် ဓာတ်ပုံနောက်ကွယ်က အကြောင်းရင်းကို လူအများ စတင်စဉ်းစားလာကြပါတော့တယ်။ အဲ့ဒီအကြောင်းရင်းကတော့ အိန္ဒိယနိုင်ငံမှာ ခဏခဏတွေ့နေရတဲ့ လူသားနဲ့ တိရစ္ဆာန်တွေကြား ပဋိပက္ခကို ထောက်ပြနေတာပါပဲ။

ဓာတ်ပုံရိုက်ကူးတဲ့အချိန်တုန်းက သစ်တောရေးရာဝန်ထမ်းတွေ ရောက်လာတဲ့အခါ ကျားသစ်ဟာ ရေမနစ်သွားအောင်ပြီးခဲ့တဲ့ ၂၅ နာရီလုံးလုံး ရေကူးနေခဲ့တယ်လို့ ရွာသားတွေက ဆိုပါတယ်။ သစ်တောဝန်ထမ်းတွေ ရောက်မလာခင်တုန်းကတော့ မိုးရွာနေပြီး ရွာသားတွေကတော့ သူ့နည်းသူ့ဟန်နဲ့ ရေတွင်း မျက်နှာပြင် လယ်ဗယ် တက်လာမယ်ဆိုရင် ကျားသစ် ကုန်းပေါ် တက်လာနိုင်မယ်ထင်ပြီး ရေတွေကို လမ်းကြောင်းပြောင်းပေးခဲ့ကြပါတယ်။

ဒါပေမဲ့ သစ်တောဝန်ထမ်းတွေ ရောက်လာတဲ့အခါ ကျားသစ် ရေမကူးနိုင်လောက်အောင် မောပန်းနေတာကို တွေ့ခဲ့တဲ့အတွက် အကြီးတန်း သစ်တောဝန်ထမ်းဖြစ်သူ ဆူရက် ဝမ်ဒက်ကာ (Suresh Wadekar) က ကျားသေ့ကို ဆယ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒါနဲ့ ဆူရက်ဟာ ရွာသားတွေရဲ့ အကူအညီနဲ့ သစ်သားဖောင်တစ်ခုကိုလုပ်ခဲ့ပြီး ကြိုးနဲ့သိုင်းကာ ရေတွင်းထဲကို ချပေးခဲ့ပါတယ်။ ကျားသစ်ကလည်း သစ်သားဖောင်ကိုတွေ့တာနဲ့ ဖောင်ပေါ် ချက်ခြင်းခုန်တက်ခဲ့ပါတယ်။

“ကျွန်တော်တို့ ဖောင်ကို ရေတွင်းပေါ် ဆွဲတင်နေတုန်း ကျားသစ်က ရေတွင်းပေါ်ကသူ့ကိုကယ်နေတဲ့ လူအုပ်ကြီးကို တစ်ချက်လှမ်းကြည့်လိုက်ပါတယ်။ သစ်သားဖောင်ရေတွင်းနှုတ်ခမ်းနဲ့ ရောက်တာနဲ့ ကျားသစ်က တောထဲ ပြေးဝင်သွားပါတော့တယ်။ အဲ့ဒါက စက္ကန့်ပိုင်းလေးလောက်ပဲ ကြာတာပါ။ ”လို့ ဘိုရာက ပြောပါတယ်။

ဘိုရာဟာ တောရိုင်း တိရစ္ဆာန်ကယ်ဆယ်ရေးလုပ်ငန်းပေါင်း ၁၀၀ကျော်လောက်ကို ဓာတ်ပုံရိုက်ကူးခဲ့သူဖြစ်ပြီး ခွေးအတွေ၊ မြေခွေးတွေနဲ့ ကျားသစ်တို့ဟာ ကြံခင်းတွေထဲကို ရောက်လာလေ့ရှိပြီး ရေတွင်းတွေထဲကို ရံဖန်ရံခါ ပြုတ်ကျလေ့ရှိတယ် လို့ဆိုပါတယ်။

ဒါပေမဲ့ အိန္ဒိယ နိုင်ငံမှာ ကျားသစ်နဲ့ လူအုပ်တွေ့တိုင်းအခုလို အေးအေးချမ်းချမ်းပြီး ဆုံးသွားတာမျိုးမဟုတ်ဘဲ ၂၀၁၆ နိုဝင်လာလ လောက်တုန်းကလည်း မိန်းကလေးတစ်ယောက်ကို ကိုက်သတ်ခဲ့တဲ့အတွက် သွေးဆာနေတဲ့လူအုပ်တစ်အုပ်က ကျားသစ်ကို သတ်ဖြတ်ခဲ့ကြပါတယ်။ ဒီ ၂၀၁၇ ထဲမှာပဲ အိန္ဒိယ နိုင်ငံက ဘန်ဂလို မြိုကလေးမှာ ကျားသစ်တစ်ကောင်ဟာ လူ ၆ ယောက်ကို ဒဏ်ရာရအောင်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းမှာ သစ်တော ဝန်ထမ်းများက မေ့ဆေးနဲ့ ဖမ်းဆီးကာ တောထဲကို လွှတ်ပေးခဲ့ရပါတယ်။ ဒါ့အပြင် မဟာရရှတရ ပြည်နယ် (Maharashtra)  နာရှစ် (Nashik) မြို့လေးမှာပဲ ကျားသစ်တွေဟာ ကလေးနှစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီး ကျားသစ်ကိုတော့ ဖမ်းမိခဲ့ခြင်း မရှိပါဘူး။

အခုလို ကျားသစ်တွေ လူနေထိုင်ရာနေရာတွေထဲ ရောက်လာတဲ့ ဖြစ်စဉ်တွေကြောင့် အိန္ဒိယ နိုင်ငံအနေနဲ့ သတိထားဖို့ လိုအပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျားသစ်တွေကို လူတွေကို အမဲမလိုက်ကြပါဘူး။ လူသားနဲ့ တိရစ္ဆာန်တွေကြား ပဋိပက္ခဟာ အိန္ဒိယနိုင်ငံမှာ များပြားနေပြီး တိရစ္ဆာန်တွေရဲ့ နေထိုင်ရာသစ်တော ဧရိယာတွေ ကျဉ်းမြောင်းလာတဲ့အတွက် ဆင်တွေ၊ ကျားတွေနဲ့ ကျားသစ်တွေဟာ လူနေထိုင်ရာ နေရာတွေထဲ ရောက်လာကြလေ့ရှိပြီး လူသားတွေနဲ့ ထိပ်တိုက်တွေ့လေ့ရှိကြပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အဖွဲ့အစည်းတွေကတော့ ဒီလို ထိပ်တိုက်ရင်ဆိုင်မှုတွေဟာ ရှေ့လျှောက်ပိုများလာဖို့ပဲရှိတယ် လို့ သတိပေးထားကြပါတယ်။

ကျားသစ်တွေဟာ အိန္ဒိယနိုင်ငံမှာ ကာကွယ်ထားတဲ့ မျိုးစိတ် ဖြစ်ပြီး ကျားသစ်ရဲ့ အစိတ်အပိုင်းတွေရောင်းချခြင်းကို ဥပဒေအရ တားမြစ်ထားပါတယ်။ အိန္ဒိယ နိုင်ငံမှာ ကြောင်ကြီးမျိုးနွယ်ဖြစ်တဲ့ ကျားသစ်အကောင်ရေနဲ့ ပတ်သတ်ပြီး တိကျတဲ့ ထုတ်ပြန်ချက်မရှိသေးဘဲ လတ်တလော လေ့လာချက်တစ်ခုကတော့ အိန္ဒိယနိုင်ငံမှာ ကျားသစ်ကောင်ရေ ၁၂၀၀၀ ကနေ ၁၄၀၀၀ ကြားရှိတယ် လို့ခန့်မှန်းထားပါတယ်။

Ref : BBC News : Epic India leopard rescue photo wins award

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top